Friday, March 15, 2013

ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး မှန်ကန်မျှတစွာ ရေးသားကြရန် ဒေါ်စုပြော

March 15, 2013
ဒေါ်အောင်ဆန်းစုကြည်က “ဒါကတော့ မီဒီယာတွေအနေနဲ့ သေချာကြည့်ပြီးတော့ ရေးပေါ့။ အမေတို့ အနေနဲ့ ပြောလို့မရဘူး။ သားတို့ကနေပြီး သံသယအဖြစ် ပြောမယ်ဆိုရင် တတိယအုပ်စု။ တတိယ အုပ်စုနဲ့ ပတ်သက်ရင် ဘာဖြစ်တယ် ဆိုတာ သားတို့ မြင်ခဲ့တာပဲ။ အမေတခုပဲ တောင်းဆိုချင်တယ် မှန်မှန်ကန်ကန် ရေးပါ။ မှန်မှန်ကန်ကန်နဲ့ မျှမျှတတရေးပါ။
 
ဒေသခံတွေ တောင်းဆိုနေတဲ့ ရဲတွေကို အရေးယူပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။
 
“ရဲတွေကို အရေးယူပေးဖို့ ဆိုတာ အကြောင်းက မှန်ကန်မှ။ တရားဥပဒေအရ လူတိုင်းလူတိုင်းဟာ အပြစ် ထင်ရှားတယ်ဆိုတာ လုံးဝ သက်သေပြည့်စုံမှ။ မပြည့်စုံရင် အပြစ်မရှိဘူး။ အမေတို့ရဲ့ တွေ့ရှိချက်အရ ဒီရဲတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူး။ ဒီဟာ မီးလောင်ဗုံးဆိုတာ မဟုတ်ဘူး။ ဒါဟာ မီးခိုးဗုံး။ မီးခိုးဗုံးကို မီးလောင်ဗုံးလို့ ပြောရမယ်ဆိုရင် အမေမပြောနိုင်ဘူး။ အမေကိုယ်တိုင် သွားပြီး သူတို့ရဲ့ ထုတ်လုပ်တဲ့ စက်ရုံမှာ စမ်းသပ်မှုတွေ တွေ့ခဲ့တယ်။ ဘာကြောင့်၊ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ အစီရင်ခံစာထဲမှာ ပါတယ်။ အစီရင်ခံစာ ဖတ်ပြီးပြီလားဆိုတာလည်း မဖတ်ရသေးဘူး။ အစီရင်ခံစာက ၇၃ မျက်နှာပါတယ်။ ဒီဟာတွေကို အသေးစိတ် အမေက ဘယ်လို လုပ်သွားပြန်ရှင်းမလဲ။”
 
လက်ပန်းတောင်းကြေးနီစီမံကိန်း ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီးလည်း အာဏာပိုက်တွေဘက်က အကြမ်းဖက်မှုတွေ မလုပ်ဖို့ တာဝန်ယူတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်က “သွေးထွက်သံယို ရှိစရာ အကြောင်းမရှိဘူး။ ဒါပေမယ့် ဥပဒေဘောင်အတွင်းက လုပ်ရမှာပဲ။ စီတန်း လှည့်လည်ခွင့်ဆိုတာ ဥပဒေဘောင် အတွင်းက ခွင့်ပြုချက်တင်ရမယ်။ သူတို့က ပြောတယ်။ ခွင့်ပြုချက်မပေးဘူး၊ အဲတော့ ဘယ်တုန်းက တောင်းလဲဆိုတော့ ၁၀ လပိုင်းက။ အမေ အာဏာပိုင်တွေနဲ့ ပြောပြီးပြီ။ စီတန်း လှည့်လည်ခွင့်ကို ခွင့်ပြုချက်တောင်းရင် ပေးလိုက်ပါဆိုတော့ ပေးပါမယ်တဲ့။ တောင်းပြီး ခွင့်ပြုချက်ယူပြီး ဆန္ဒပြကြပါ။ ခွင့်ပြုချက် မယူရင်တော့ ဥပဒေဘောင်အတွင်းက လုပ်သွားမှာပဲ။ ဥပဒေက ကိုယ်တယောက်တည်းကိုပဲ တာဝန်ယူပြီး တခြားသူတွေကို တာဝန် မယူဘူးဆိုတာ မဟုတ်ဘူး။ ကိုယ်လည်း ဥပဒေဘောင်အောက်မှာ နေရမယ်။ သူများတွေလည်း ဥပဒေဘောင်အောက်မှာ နေရမယ်။ အာဏာပိုင်တွေဘက်ကလည်း အကြမ်းဖက် နှိပ်နင်းမှုတွေကို လုပ်ဖို့ အခြေအနေမရှိပါဘူး။ တဖက်ကနေပြီး ရုန်းရင်းဆန်ခတ်မဖြစ်ဘူး၊ အကြမ်းမဖက်ဘူးဆိုရင် အာဏာပိုင်တွေဘက်က အကြမ်းမဖက်ဖို့ တာဝန်ခံပါတယ်။” လို့ ပြောပါတယ်။
 
ဆည်တည်ရွာဟောင်း ရွှေ့ပြောင်းဖို့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူနဲ့မသက်ဆိုင်ကြောင်း၊ လုပ်ငန်းခွင်အတွင်း စာချုပ်ချုပ်ပြီး သဘောတူထားတဲ့ကိစ္စဖြစ်ကြောင်း၊ သူအနေနဲ့ ဒေသတခုလုံးပြန်လည်ဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးအတွက် ဘယ်လိုလုပ်မယ်ဆိုတာ အကြံပြုပေးမယ်လို့ ပြောပါတယ်။
 
အစိုးရက ရင်ဆိုင်ရမယ့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ကြားခံ အမုန်းခံပြီး ဓားခုတ်ရာ လက်ဝင်လျှိုတယ်ဆိုပြီး ပြောဆိုနေကြတဲ့ကိစ္စအပေါ်ကိုလည်း သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်က “အမုန်းခံသင့်ရင် အမုန်းခံရမှာပဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာ အန်တီအစကတည်းက ပြောတယ်။ ကိုယ်မှန်တယ်ထင်တာလုပ်လို့ရှိရင် အမုန်းခံရဲရမယ်။ အမုန်းမခံချင်ရင် နိုင်ငံရေးမလုပ်နဲ့။ နိုင်ငံရေးဆိုတာ အချစ်ခံချင်လို့ လုပ်နေတာမဟုတ်ဘူး။ အချစ်ခံချင်လို့ လုပ်တယ်ဆိုတာ နိုင်ငံရေးမဟုတ်တော့ဘူး။ ဒါက ဇာတ်ကနေတာပဲ။ အန်တီတို့မှာ ဇာတ်ကဖို့ အချိန်လည်း မရှိပါဘူး။
 
လက်ပန်းတောင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို မှန်ကန်တယ်ထင်လို့ အကောင်းဆုံး လုပ်ခဲ့တာဖြစ်ပြီး လုံးဝတာဝန်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
“ကော်မရှင်ရဲ့ စီရင်ခံစာက အမေ မှန်ကန်တယ်ထင်လို့ အကောင်းဆုံးလုပ်ခဲ့တာ။ အဲဒီဟာကို အမေတာဝန်ယူတယ်၊ ခေါင်းခံတယ်။ ဒီကိစ္စကို သဘောမတူရင် မတူခွင့်ရှိတယ်။ အတင်းအကျပ် သဘောတူရမယ်လို့ မဆိုလိုဘူး။”
 
Copy from - DVB

0 comments: