Monday, March 18, 2013

ကိုးနှစ်သားကတည်းက အညှိုး၏ ငှက်ကြီးတောင် ဓားကပေးသော အတွေးစ။

 
တစ်ခေတ် တစ်ယောက်ပေါ်သော ခေါင်းဆောင်၏ အသက်သည် လုံခြုံဖို့လို၏။ သရဖူ မဆောင်းရသေးမီ ပို၍ အရေးကြီးပါ၏။
နေ့ရက်က ၂၊ သြဂုတ်၊ ၁၈၆၆ ဖြစ်၏။ နေရာက မန္တလေး ယာယီစံ နန်းလွှတ်တော်..။ ရုတ်ရုတ် သဲသဲကြားမှာ “ကိုးနှစ်သားက အညှိုး”ဟု အော်၍ ဓားဖြင့်ပိုင်း၏။ ခေါင်းတစ်ခြား ကိုယ်တစ်ခြား တိကနဲ..။ကျဆုံးသူ အိမ်ရှေ့စံ ကနောင်မင်းသားကြီး..။ လုပ်ကြံသူ တူတော်မောင် မြင်းခုန်တိုင်။ သူကျဆုံးခြင်းသည် ၁၉ - ရာစု နှောင်းပိုင်း တိုင်းပြည် ဦးခေါင်း ပြတ်ခြင်းပါ။ တစ်ခြမ်းပဲ့ ကျန် တိုင်းပြည်ကို ကာကွယ်လိုသူ။ တပ်တော်ကို လက်နက်စွမ်းရည် မြှင့်လိုသူ။ စက်မှုနိုင်ငံတည် ထောင်လိုသူ။ ထိုသို့သော သူကျဆုံးပြီး နှစ် ၂၀ နီးပါးအကြာ တစ်တိုင်းပြည်လုံး ကျွန်ဖြစ်ခဲ့သည်။


ကနောင်မင်းသားကြီး အာဏာမ မက်ပါ။ သို့သော် အာဏာရူးတို့ ဓားချက်ကြောင့် ကျဆုံးခဲ့ရ၏။ ကနောင်(၂၇၊ စက်တင်ဘာ၊ ၁၈၁၉- ၂၊ သြဂုတ် ၊ ၁၈၆၆ )သည် သူကာကွယ်ချင်သော တိုင်းပြည်၊ သူ့ကိုချစ်သော လှိုင်ထိပ်ခေါင်တင်နှင့် သူ့လက်သုံးတော် ဓားတို့ကို ထားရစ်ခဲ့ရ၏။ သူ့ဝီရိယ၊ သတ္တိ၊ အတွေးတို့ကို အောင်ပင်လယ်ကန်အတွင်း ပစ်ချခဲ့ရ၏။

ယခု ၁၅၊ မတ်၊ ၂၀၁၃ တွင် ကျွန်တော်သည် ကနောင့် သင်္ချိုင်းရာရှေ့ ရောက်နေပါ၏။ မန္တလေး၏ အနောက်မြောက် အရပ်ဆီမှာ မြေပူနေပုံရ၏။ ထိုအရပ်ဘက်က တိုက်လာသော လေရူးသည် ပူလှပါလား။ မြေအပူကြီးလျှင် လေရူးပူ ထတတ်စမြဲ။

တစ်ခေတ်တစ်ယောက် ထွန်းတောက် ပေါ်ထွက်တတ်သော တိုင်းချစ်ပြည်ခင် ခေါင်းဆောင်သည် သူတစ်ပါး ဓားချက် မမိရန်လို၏။ ထီးမရ၊ နန်းမတက်မီတွင် ပို၍ သတိရှိရပါ၏။ ထိုခေါင်းဆောင်မျိုး ကျဆုံးက တိုင်းနိုင်ငံလည်း ကျရှုံးရစမြဲပါပေ။

 (ပုံတွင် - မန္တလေးတောင်ခြေ၊ စန္ဒာမုနိဘုရား၊ အရှေ့ခြေတော်ရင်းရှိ အိမ်ရှေ့စံ ကနောင်မင်းသား ကျဆုံးရာ နေရာ၊ သင်္ချိုင်းနေရာကို အနောက်မြောက်ဆီက လေပူများအကြား ၁၅၊ မတ်၊ ၂၀၁၃ နံနက်ခင်းက တွေ့ရစဉ်။ )
တင်ပြသူ-ဘုန်းလင်္ကျာတင်
 
ဘုန်း လင်္ကျာတင်(FB)အင်တာနက်စာမျက်နှာမှ ကူးယူခဲ့ပါသည်။

0 comments: