Friday, February 15, 2013

အစိုးရ အဖွဲ့နှင့် တွေ့ဆုံမည့် ရက်ကို UNFC က ချမှတ်နိုင်ပြီး

 

ဖေဖော်ဝါရီလ (၁၄) ရက်နေ့

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့သည် အစိုးရ အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန်အတွက် အရေးပေါ် အစည်းအဝေးတရပ်ကို ကျင်းပခဲ့ရာ ယမာန်နေ့တွင် ပြီးဆုံးသွားကြောင်း UNFC ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

“အစိုးရ အဖွဲ့ဘက်က ကမ်းလှမ်းချက်ကို အကြောင်းပြန်နိုင်ဖို့ ကျနော်တို့ဘက်က အရေးပေါ် အစည်းအဝေး ခေါ်ခဲ့တယ်။ အစိုးရဘက်ကတော့ ဒီလ ၂၀ ရက်နေ့မှာတွေ့ကြဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအပေါ် ဆွေးနွေးကြတာပါ။ တတိယနိုင်ငံ တခုမှာ တွေ့ကြမယ်ဆိုတော့ အဖွဲ့ဝင်အားလုံးက သဘော
တူလိုက်ကြပါတယ်။” ဟုဆိုပါသည်။

အဆိုပါ အစည်းအဝေးသို့ UNFC မှအဖွဲ့ဝင်ပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့ ညအထိ ထိုင်းနိုင်ငံ နယ်စပ်တနေရာ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကိုမူ ထိုင်းနိုင်ငံ အတွင်း၌သာ တွေ့ဆုံသွားမည်ဟု ဆုံဖြတ်ခဲ့ပါသည်။ ယင်းအဆိုကို အစိုးရအဖွဲ့မှ သဘောတူခဲ့ပြီး ဖြစ်ပါသည်။

UNFC အဖွဲ့သည် အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန် သဘောတူခဲ့ပါသည်။

ဤသို့ကြောင့် အစိုးရသည် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ဇန္နာဝါရီလအတွင်း၌ ပြုလုပ်ကြရန် UNFC အားကမ်းလှမ်း လာခဲ့ ပါသည်။ သို့သော် UNFC အနေဖြင့် အစိုးရတပ်ဖွဲ့က KIO လိုင်ဇာ ဗဟိုဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်သေးကြောင်း ပြီးခဲ့သည် ဇန္နာဝါရီလ (၁၁) ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့ ပါသည်။

ဤကဲ့သို့ ဆွေးနွေးပွဲအချိန် ကြံ့ကြာလာရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် KIO နှင့် အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပြီး နောက်ပိုင်း UNFC နှင့် အစိုးရတို့၏ နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ပြန်လည်အသက်ဝင် လာခဲ့ပါသည်။

“ အဲဒီ ရွှေလီဆွေးနွေးပွဲဟာ UNFC နဲ့ အစိုးရတို့ရဲ့ တစ်နေတဲ့ နိုင်ငံရေး ဆက်ဆွေးနွေးပွဲ ကိစ္စ လမ်းစ ပြန်ပွင့်လာတာ ဖြစ်ပါတယ်။ အခု စစ်ပွဲတွေ ရပ်ဆိုင်းနေပြီး ဆိုတော့ တွေ့ဆုံရေးကို စနိုင်ခဲ့ပြီးလို့ ဆိုနိုင်ပါတယ်။” ဟု ပြန်ကြားရေးမှုးက ပြောပါ သည်။


ဤသို့ကြောင့် အစိုးရနှင့် ဆွေးနွေးရန်ရှိသော ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ (၂၀)ရက်နေ့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။
( အဲာပိုန်)
 
သတင်းရင်းမြစ် - ရွှေဟသာင်္သတင်းဌာန ( အဲာပိုန် )

0 comments: