Tuesday, February 19, 2013

Kyaw Thu - FFSS Yangon Activity,

ခေတ်သစ် ငတက်ပြား
ကျော်သူ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃

(ဒဏ္ဍာရီလား .. ပုံပြင်လား .. တကယ့်ဖြစ်ရပ်မှန်လားတော့မသိ)

ရှေးဗမာမင်းများလက်ထက် သူဌေးသူကြွယ်များ၊ မင်းစိုးရာဇာများနှင့် မတရားခေါင်းပုံဖြတ် ကြွယ်ဝ ချမ်းသာ နေကြသော ဝိသမလောဘ သူဌေးမင်းများထံမှ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့အား ရယူခိုးဝှက်ပြီး ဆင်းရဲသား ပြည်သူလူထု လယ်သမားများတို့အား ဘဝရပ်တည် နေထိုင် စားသောက်နိုင်ရန်အတွက် ထောက်ပံ့ လှူဒါန်းခဲ့သော လူစွမ်းကောင်းတစ်ဦး ပေါ်ပေါက်ခဲ့ဖူးသည်။


ယင်း လူစွမ်းကောင်းသည် လျင်မြန်သွက်လက်၊ ပေါ့ပါးဖျတ်လက်၍ ကြောင်တစ်ကောင်အလား ကိုယ်ပျောက်ပညာရှင်ကဲ့သို့အလား ပဉ္စလက်ပညာရှင်ကဲ့သို့အလား ရဲစွမ်းသတ္တိ အဋ္ဌာရသ (၁၈) ရပ်နှင့် ပြီးပြည့်စုံသော သူရဲကောင်းတစ်ဦးဖြစ်သည်။ အမည်နာမကား “ငတက်ပြား” ဟူ၍ ဖြစ်လေသည်။ ယင်း ငတက်ပြားသည် လယ်ယာမြေများ၊ ကျွဲ၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များ၊ သီးပင်စားပင်များနှင့် တောင်သူ လယ်သမားများ ပြည်သူလူထုအပေါင်းတို့၏ စည်းစိပ်ဥစ္စာများအား မတရားခေါင်းပုံဖြတ် သွေးစုပ်သိမ်းပိုက် ခဲ့သော အတ္တဝါဒီ ဝိသမလောဘသားများဖြစ်ကြသော မတရားစီးပွားရှာကြသော သူဌေးသူကြွယ် စီးပွား ရေးလုပ်ငန်းရှင်ကြီးများ၏ ပိုင်ဆိုင်မှုများအား ပိရိသေသပ်စွာ ပြန်လည်ရယူခဲ့ပြီး ဆင်းရဲနွမ်းပါးသော ပြည်သူလူထုတို့အား တဆင့်ဖြန့်ဝေ ကူညီပံ့ပိုး ခဲ့သော ပရဟိတ လူစွမ်းကောင်းတစ်ယောက် ဖြစ်ပေသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစ၍ မြန်မာ ပြည်အနှံ့ သောက်/သုံးရေ ရှားပါးမှုများ ဖြစ်ပေါ်ခဲ့သော မြို့၊ ကျေးရွာများတွင် အဝီစိရေတွင်း၊ အုတ်ကန်၊ ရေစုပ်စက်၊ ရေပိုက် စသည်တို့ကို ပံ့ပိုးကူညီမှု လုပ်ငန်း စတင်ခဲ့ပြီး ကျေးရွာပေါင်း (၈၂) ရွာတို့အား “အများ ပြည်သူ အတွက် အများပြည်သူကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)” ကဗ္ဗည်းကျောက်စာ ရေးထိုး၍ သိန်း (၂၅ဝဝ) ကျော်ခန့် အကုန်အကျခံ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ယခု ၂ဝ၁၃ ခုနှစ် နွေရာသီကာလသို့ စတင်ခြေလှမ်းမည်ဖြစ်သော အချိန်ကာလတွင် ကျွန်တော်တို့ သည် ရေရှားပါးမှုဒဏ်မှ လွတ်ကင်းသက်သာမှုရှိစေရန် ရေတူးဖော်ရေးအတွက် ဖေဖော်ဝါရီလ၌ အထက် မြန်မာပြည် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး အနီးတစ်ဝိုက်သို့ ရေရရှိရေးအတွက် ဗြဟ္မစိုရ်ခြေလှမ်းများ စတင်ခဲ့ပြီ ဖြစ်သည်။ ထိုကျေးရွာများသို့ သာမန် မြို့နေပြည်သူ၊ ရန်ကုန်မြို့နေပြည်သူတို့ပင် မဆိုထားနှင့် ပုဂံ၊ ညောင် ဦး၊ ပုပ္ပါးမြို့ခံပြည်သူတို့ပင် မရောက်နိုင်ခဲသော ကျေးရွာများသို့ သာမန် မော်တော်ယာဉ်ဖြင့် သွားလာ၍မရ။ ပူပြင်းလှသော နေမင်းကြီး၏ ပြင်းပြလှသော အပူဒဏ်ကို ခံစားရကာ ဆူးပင်ကိုင်းပင်များအား တိုးဝှေ့၍ ဖုံတစ်လောင်းလောင်းဖြင့် သွားလာရသော ခရီးကြမ်းများပင်ဖြစ်သည်။ ထိုကျေးရွာများတွင် သောက်သုံး ရေဟုမဆိုထားနှင့် အိုးခွက်များအား ဆေးကြောရန်အတွက်၎င်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ခြေလက်ဆေးခြင်း၊ မျက်နှာသစ်၊ ရေချိုးရန်အတွက်၎င်း၊ သုံးဆွဲရန် သုံးရေလုံးဝမရှိ။ သူတို့၏ ကျေးရွာ ကလေးများသည် သီးခြားခြောက်သွေ့ ပူပြင်းလှသော ကမ္ဘာငယ်လေးအလား ဖြစ်နေသည်။ ထိုကျေးလက် နေ ပြည်သူလူထုတို့၏ အသားအရေ ခြောက်သွေ့ ညိုမဲကာ အရုပ်အဆင်းတို့သည် သာမန်လူများထက် ပု၍နေသည်ကို သတိထားမိသည်။ ထိုရွာများမှ အဘိုးအဖွားများ ပြောစကားအရ “အဖွားတို့ အမေတို့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ရွာမှာသောက်ရေသုံးရေ မရှိတဲ့အတွက် (၅) မိုင်ကျော်ဝေးတဲ့ ရေရတဲ့ရွာအထိ ရေထမ်းပိုးနဲ့ သွားသယ်ယူရတယ်။ ခေါင်းရွက်ပြီး သွားရောက်သယ်ရတာကြောင့် အဖွား တို့ အမေတို့ အရပ်အမောင်းတွေဟာ သာမန် လူတွေထက်ပိုပြီး ပုနေကြတာ။ (၆ - ၇) နှစ်အရွယ်က တည်းက အခုလို ရေထမ်းပိုးခဲ့ရတာလေ .. အဲဒါကြောင့် မြို့က လူတွေလို အရပ်အမောင်း ထွားကြိုင်းတာ မရှိဘူး” ဟု ရင်နင့်စွာ ပြောကြားခဲ့သည်။ အချို့သော ကျေးရွာများတွင် အစိုးရအဖွဲ့နှင့် ပြည်ပအဖွဲ့ အစရှိ သည့် အလှူရှင်များ လာရောက်၍ ရေတူးဖော်ခဲ့သော်လည်း ရေကြော၊ မြေကြော၊ ငလျင်ကြောများ တို့ကြောင့် ရေများထွက်ရှိခြင်း မရှိတော့ကြောင်း၊ အချို့ကျေးရွာများတွင် ဧရာဝတီမြစ်ကြီးမှ ရေများအား အလှည့်ကျ အချိန်စနစ်ဖြင့် ပေးလျှက်ရှိသော်လည်း တစ်ရွာလုံးအတွက် လုံလောက်မှု၊ ဖူလုံမှုမရှိကြောင်း၊ အချို့ကျေးရွာများတွင် အစိုးရအဖွဲ့၊ ပြည်ပအလှူရှင်များ လာရောက်ရန်ပင် မလွယ်ကူလှပေ။ ဧရာဝတီ မြစ်ကြီးနှင့် အလှမ်းဝေးသည့် ကျေးရွာများစွာကိုလည်း တွေ့မြင်ခဲ့ရသည်။ ကျွန်တော်တို့ နာရေးကူညီမှု အသင်း(ရန်ကုန်) အလုပ်အမှုဆောင်များနှင့် အသင်းသား/သူများ၊ ဝန်ထမ်းများတို့သည် ရေရှားပါးသော ကျေးရွာဒေသများအား သောက်/သုံးရေ ရရှိနိုင်ရန်အတွက် ကျေးရွာပေါင်း (၂၂) ရွာတို့အား ကွင်းဆင်း လေ့လာခဲ့သည်။ “ရေအသက် တစ်မနက်” ဟူ၍ ဆိုစကား ရှိသော်လည်း ရေမရရှိသည့် မနက်ဖြန်ပေါင်း မြောက်များစွာတို့ကို ထိုကျေးရွာနေ ပြည်သူလူထုတို့ ခံစားနေကြရသည်။ ရေမရရှိ၍ အသက်ပေါင်း မြောက် ၏များစွာတို့သည်လည်း ဆုံးရှုံးခဲ့ရသည်။ ထိုကျေးလက်ဒေသခံ ပြည်သူလူထုတို့မှ ကျွန်တော်တို့ အဖွဲ့အား “ရွှေကိုမလို .. ရေကိုသာလိုသည်” ဟူ၍ ဆီးကြိုနှုတ် ဆက်ခဲ့သည်။ ကျွန်တော်တို့အား ဧည့်ခံ ကျွေးမွေးရာတွင် သောက်ရေသန့်ဗူးများလည်း ပါဝင်လို့နေပေသည်။ သို့သော် ကျွန်တော်တို့အနေဖြင့် မသောက်သုံးဝင့်ခဲ့ချေ။ ထိုအချိန်ကာလတွင် မြို့ပေါ်ရှိ အချို့သော နေရာဌာန၊ ရုံးအဖွဲ့များ၊ ကုမ္မဏီများ၊ ရပ်ကွက်များနှင့် ဂျိုးဖြူရေလှောင်ကန်မှ သွယ်တန်းထားသော ရေပိုက်များမှ ယိုစိမ့်ပေါက်ထွက် ပန်းထွက် နေခြင်း၊ ရေပိုက်ခေါင်းများမှ ယိုထွက်နေသည့် ရေများတို့သည် ထိုသို့သော ကျေးရွာနေ ပြည်သူလူထုတို့၏ မျက်နှာများအား ပြန်လည်မြင်ယောင်ထောက်ထား စာနာသင့်ချေသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အများပြည်သူ ပြည်တွင်း/ပအလှူရှင်များ ၏ အလှူငွေများကို စစ်ဘေး၊ လူမှုရေး၊ ပညာရေး စသည့်လိုအပ်ချက်များအား ပံ့ပိုးကူညီ ပေးဆပ်မှုများ ပြုလုပ်နေသည့် လူမှုရေးအဖွဲ့ အစည်းတစ်ရပ်ဖြစ်သည့်အပြင် ယခုကဲ့သို့သော ရေရှားပါးမှု ပြဿနာကြီး များအား မိမိတို့နိုင်သလောက် ကူညီပံ့ပိုးနေရသော ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုသော ပရဟိတအဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ပုဂံ၊ ညောင်ဦး ဒေတတစ်ခုတည်းတွင် တွေ့ရှိရသော ရေဒုက္ခရောက်နေသော ကျေးရွာပေါင်း (၂၂) ရွာတို့အပြင် မြန်မာနိုင်ငံရှိ အရပ်ဒေသ အသီးသီးတို့တွင် ရေဒုက္ခကြုံတွေ့နေရသော ရပ်ရွာဒေသပေါင်းများစွာ ရေတွက်၍ မရလောက်အောင် များပြားလျှက်ရှိသည်။ ထို့ကြောင့် မိမိတို့တွင်ရှိသော အလှူငွေများတို့ဖြင့် ရေကုသိုလ်လှူရန်အတွက်၎င်း၊ ရေဒုက္ခသည်အဖွဲ့အား ကူညီဖေးမပေးရန်အတွက်၎င်း မနိုင်သောဝန်အား ထမ်းရွက်နေသလို ဖြစ်နေတော့သည်။

ထို့ကြောင့် ကျွန်တော်သည် တစ်ချိန်တစ်ခါက၊ တစ်ရံရောအခါက ပြည်သူလူထုတို့၏ သူရဲကောင်း၊ လူစွမ်းကောင်း “ငတက်ပြား” ကဲ့သို့ မြင့်မြတ်လှသော ပုဂ္ဂိုလ်တစ်ဦးသာ ပေါ်ပေါက်လာရန်အတွက် တောင့် တမိပါတော့သည်။ သို့မဟုတ် ကျွန်တော်ကိုယ်တိုင် ခေတ်သစ် “ငတက်ပြား” လုပ်ရန်သာရှိတော့သည်။ (ယင်းဖြစ်ရပ်များသည် စိတ်ကူးယဉ်ဖြစ်ရပ်များမဟုတ်၊ ကျွန်တော်တို့ လူသူအရောက်နည်းပါးလှသော ကျေးရွာပေါင်း (၂၂) ရွာတွင် ကြုံတွေ့ခဲ့ရသော သောက်/သုံးရေ လုံးဝမရှိသော ကျေးရွာများမှ ခြောက်သွေ့ သော လူသားများနှင့် တွေ့ဆုံခဲ့ရမှု ဖြစ်ရပ်မှန်များပင် ဖြစ်တော့သည်။
 
သတင်းရင်းမြစ် - မိုးမခ

0 comments: