Tuesday, February 12, 2013

ဘာကြောင့် ဖက်ဒရယ်မူတောင်းကြသလဲ ....

...... ဘာကြောင့် ဖက်ဒရယ်မူတောင်းကြသလဲ .....

ပြည်ထောင်စုစနစ်တွင် အာဏာနှင့် အခွင့်အရေး ခွဲဝေပုံမှာ သုံးမျိုးသုံးစားသာရှိသည်။ ၄င်းတို့မှာ

(၁) ပြည်ထောင်စုစစ်စစ် နိုင်ငံများတွင် (extreme type of federal system) ဗဟို ပြည်ထောင်စုအား အများနှင့် ဆိုင်သော အာဏာနှင့် အခွင့်အရေးများသာ ပေးထားပြီး ကျန်အာဏာနှင့် အခွင့်အရေးများ အားလုံး (residuary powers) ကို ပြည်နယ်များတွင် အပ်နှင်းထားသည်။ ဥပမာ - ဆွစ်ဇာလန် ၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေလျ။
(၂) ပြည်ထောင်စု မစစ်တစစ်နိုင်ငံများ တနည်းအားဖြင့် ပြည်ထောင်စု အပြော့စားနိုင်ငံများတွင် (weak type of federal system) ၊ ပြည်နယ်များအား အသင့်အတင့် အာဏာနှင့် အခွင့်အရေးများ ခွဲဝေပေးပြီး ကျန်အာဏာနှင့် အခွင့်အရေးအားလုံးကို ဗဟိုပြည်ထောင်စုက သိမ်းပိုက်ထားသည်။ ဥပမာ - ကနေဒါ ၊ တောင်အာဖရိက ပြည်ထောင်စု ၊ ပြည်ထောင်စု မြန်မာနိုင်ငံ။
(၃) ဗဟိုပြည်ထောင်စုအတွက် သီးသန့် အာဏာများနှင့် ပြည်နယ်များအတွက် သီးသန့် အာဏာများဟူ၍ ခွဲခြား သတ်မှတ်ထားသည်သာမက ဗဟိုပြည်ထောင်စုရော ပြည်နယ်များပါ ဆောင်ရွက်နိုင်သည့်အာဏာများ (concurrent power) ဟူ၍ သတ်မှတ်ထားသည်။ ဥပမာ-ဆိုဗီယက်ယူနီယံ ၊ ယူဂိုစလားဗီးယား။
မည်သည့်နည်းဖြင့် အာဏာနှင့် အခွင့်အရေးကို ခွဲဝေထားသည် ဖြစ်စေ ၊ ပြည်နယ်များကို ပေးထားသည့်
အာဏာနှင့် အခွင့်အရေးများကို ဗဟိုပြည်ထောင်စုက ၀င်ရောက် စွက်ဖက်ခွင့် မရှိပေ။ တစ်နည်းအားဖြင့် ဆိုလျှင် ပြည်နယ်များသည် လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိကြသည်။ သို့သော် ပြည်ထောင်စု မစစ်တစစ် နိုင်ငံများတွင် ပြည်နယ်များသည် အခွင့်အာဏာများ အလွန်နည်းပါးပြီး အင်အား နည်းလွန်းသည့်အတွက် ပြည်နယ် အဆင့်မှ ပဏ္ဍာဆက်နိုင်ငံ (vassal state) အဆင့်သို့ လည်းကောင်း ၊ လက်အောက်ခံ နယ်ပယ်
(province) အဆင့်သို့ လည်းကောင်း ကျရောက် သွားကြသည်။
လွတ်လပ်ရေးအတွက် ၊ ကျိုးပမ်းနေကြစဉ်တုန်းက လွတ်လပ် ပြီးသည့်နောက် မည်သည့် ပုံစံမျိုးဖြင့်တိုင်းပြည်ကို တည်ထောင် ကြမည်နည်းဟု တွေးတော ကြံဆကြသည့်အခါ ဗမာအမျိုးသား ခေါင်းဆောင်များသည် ဗမာပြည်လို တိုင်းပြည်ငယ်လေး အဘို့ လူမျိုးစုများ အခွဲခွဲ အခြမ်းခြမ်း အုပ်ချုပ်သည့်မူကို မကြိုက်ကြပါ။
 
တစည်းတလုံးတည်း ပုံစံတမျိုးတည်းသော အုပ်ချုပ်ရေးမျိုး ၊ တနည်းအားဖြင့် တပြည်ထောင်အစိုးရ တမျိုးတစားစနစ် unitary ကို လိုလားကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့အား တစည်းတလုံးတည်းသာ ၅ နှစ်စံမံကိန်း ၂ ကြိမ်မြောက် ဆောင်ရွက်လိုက်ရလျှင် အားလုံး တိုးတက်မည် ၊ ဗမာပြည်မထက် တဆင့်နိမ့်ကျသော နယ်စပ်ဒေသရှိ လူမျိုးစုများသည်လည်း ဗမာနှင့်တန်းတူ တိုးတက် လာမည်ဟု ယုံကြည်ကြောင်း ပြောပြဘူးပါသည်။
 
ကျွန်တော်တို့ (ရ ပ လ) ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားသော စေတနာကို ယုံကြည်ကြသည် ၊ လေးစားကြသည်။
ကျွန်တော်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ စေတနာကို၎င်း ၊ တပြည်ထောင် စနစ်မူကို၎င်း သံသယ မရှိကြပါ ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်နှင့် ကျွန်တော်တို့ ရှမ်းပြည်အား တပြည်ထောင် စနစ်အရ ပူးပေါင်းစေကာမူ - ကျွန်တော်တို့အဘို့ စိုးရိမ်ပူပန်စရာ မရှိဟု ကျွန်တော်တို့ ယူဆကြသည်။ လူပုဂ္ဂိုလ်ပိုင်း အခြေအနေအရ ထိုသို့ဖြစ်သော်လည်း တကဲ့ဖြစ်ရပ် အခြေအနေအရ ဆိုလျှင် ပြည်ထောင်စု သဘောတရားက လွဲ၍ အခြားမဖြစ်နိုင်ဟု ကျွန်တော်တို့ (ရ ပ လ) က ဆုံးဖြတ်ကြသည်။
 
ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးနောက် အခြေခံဥပဒေကို အပြီးသတ်ရေးဆွဲကြသည့်အခါ ကျွန်တော်တို့အား မလိမ့်တပတ် နှပ်လိုက်သည်ဟု ကျွန်တော်တို့ စွဲစွဲမြဲမြဲ ယူဆ နေဆဲဖြစ်သည်။ အသွင်အားဖြင့် ကျွန်တော်တို့ နယ်စပ်ဒေသအား နှစ်သိမ့်စေရန် ပြည်ထောင်စု အသွင်ပေးထားပြီး ၊ အနှစ်သာရ အားဖြင့် တတ်နိုင်သမျှ တပြည်ထောင် စနစ်ဖြစ်ရန် ဖန်တီးထားသည်ဟု ကျွန်တော်ထင်သည်။
အမှန်မှာ ဗမာများအတွက် သီးခြား ပြည်နယ် ဖွဲ့စည်းပြီး ဗမာပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ကရင်ပြည်နယ် ၊ ကယားပြည်နယ် စသည့် ပြည်နယ်များ ပူးပေါင်းကာ ပြည်ထောင်စု ဖွဲ့ပါမှ တကဲ့ပြည်ထောင်စု၏ အင်္ဂါနှင့် ညီညွတ်ပေမည်။ ယခုမူကား ဗမာပြည်နယ်ဟူ၍ မပါရှိသည့်အတွက် ကျွန်တော်တို့၏ အခြေခံ ဥပဒေသည် အသွင်အားဖြင့်ပင် အင်္ဂါမစုံ တခြမ်းပဲ့ ပြည်ထောင်စုကြီး ဖြစ်နေလေသည်။

ကျွန်တော်တို့ ပြည်ထောင်စု ပါလီမန် ဖွဲ့စည်းပုံမှာလည်း သဘာဝမကျပေ။ အခြား ပြည်ထောင်စု ပါလီမန်များတွင် လွှတ်တော် ၂ ရပ်ထားရှိခြင်းမှာ အောက်လွှတ်တော်သည် ဒီမိုကရေစီ သဘောအရ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည် ဆိုသည့်အတိုင်း ပြည်သူ တရပ်လုံးအား ကိုယ်စားပြုရန် ဖြစ်ပြီး ၊ အထက်လွှတ်တော်မှာ ပြည်ထောင်စု သဘောတရားအရ ပြည်နယ်များအား ကိုယ်စားပြုရန် ဖြစ်ပေသည်။ ပြည်နယ်ကြီးက ပြည်နယ်ငယ်များအား အနိုင်ကျင့်မှု မရှိစေရန် အထက်လွှတ်တော်သို့ ကိုယ်စားလှယ် ဦးရေ အညီအမျှ စေလွှတ်ကြသည် ၊ လွှတ်တော် တရပ်ရပ်သည် အာဏာကို အလွန်အကဲ အသုံးမပြုနိုင်ရန်အတွက် လွှတ်တော်တရပ်က လွှတ်တော်တရပ်အား ထိန်းကွတ် နိုင်ရန် အခွင့်အာဏာတူ ပေးထားကြသည်။

ကျွန်တော်တို့၏ အထက်လွှတ်တော်သို့ ပြည်နယ်များသည် အမတ်ဦးရေ အညီအမျှ စေလွှတ်နိုင်ခွင့် မရှိကြပါ။ ဗမာပြည်နယ်ဟူ၍ သီးခြား မရှိခြင်းသည်ပင် ပြည်ထောင်စု အထက်လွှတ်တော် ဖွဲ့စည်းမှုကို ကြီးစွာ ရုပ်ဆင်း ပျက်စေလေသည်။ တပြည်နယ်လျှင် အမတ်ဦးရေ အဘယ်မျှစီ စေလွှတ်ရမည်ဟု အခြေခံ ဥပဒေတွင် ပြဌာန်းလိုက်လျှင် ဗမာပြည်နယ် မရှိ၍ ပြည်ထောင်စု အထက်လွှတ်တော်တွင် ဗမာကိုယ်စားလှယ်များ ပါဝင်နိုင်တော့မည် မဟုတ်ချေ။ ကျွန်တော်တို့၏ အထက်လွှတ်တော်သည် အောက်လွှတ်တော်အား ထိန်းကွတ်နိုင်သော အာဏာလည်း မရှိ ၊ ပြည်နယ်များ အကျိုးကို ကာကွယ်နိုင်စွမ်းလည်း မရှိဖြစ်နေလေရာ ၊ ယခု အတိုင်းသာဆိုလျှင် နိုင်ငံတော် သမတကဲ့သို့ တန်ဆာ ဆင်ထားယုံသာ ရှိနေပေမည်။
အာဏာနှင့် အခွင့်အရေး ခွဲဝေနည်းကဲ့သို့ပင် ဘဏ္ဍာရေး ခွဲဝေမှုသည်လည်း ပြည်နယ်များအား ပြည်နယ် အခွန်တော်စာရင်းဟူ၍ ခွဲဝေ ကန့်သတ်ပေးထားပြီး ကျန်အားလုံးကို ဗဟိုက ယူထားလိုက်လေသည်။ဗမာပြည်နယ် ဟူ၍ သီးခြား ဖွဲ့စည်းထားခြင်း မရှိဘဲ ၊ ပြည်ထောင်စုဟူ၍ ရောထွေး ဖွဲ့စည်းထားလေရာ ဗဟိုဌာနများဟူ၍ သန့်သန့် ခွဲခြားရန် ခက်ခဲပေသည်။ ထို့ကြောင့် ဗဟို ပြည်ထောင်စုနှင့် သက်ဆိုင်သော အခွန်တော် ၀င်ငွေများကို ဘယ်သို့ ခွဲဝေ၍ ဗဟိုပြည်ထောင်စုနှင့် သက်ဆိုင်သော ဌာနများအတွက် ဘယ်သို့ ကျခံရမည်ကို တိတိကျကျ သတ်မှတ်ရန် မလွယ်ကူတော့ပေ။ အခြေခံဥပဒေ ပုဒ်မ ၉၆ ခြွင်းချက်တွင်သာ ပြည်ထောင်စု အစိုးရသည် " ထောက်ပံ့ရန် လိုအပ်သည်ဟု ဆုံးဖြတ် သတ်မှတ်သော အထောက်အပံ့ ငွေများကို" ပြည်နယ် အစိုးရများအား ပေးနိုင်သည်ဟု ဖော်ပြထားသည်။ ၄င်း ပြဌာန်းချက်အရ - ရရှိသော အထောက်အပံ့ ငွေများဖြင့်သာ ပြည်နယ်များ အသက်ရှု နေကြရသည်။ ဤထောက်ပံ့ ငွေများကို ဗဟိုအစိုးရက ပေးလိုက ပေးနိုင်သည်။ မပေးဘဲ နေလိုကလည်း နေနိုင်သည်။ ဤနည်းဖြင့် ဗဟိုအစိုးရသည် ပြည်နယ်အစိုးရများ၏ အသက်သွေးကြောကို ထိန်းချုပ် ထားလိုက်သည်။ ....
 
ပြည်နယ်များ အထူးသဖြင့် ကျွန်တော်တို့ရှမ်းပြည်၏ မကြေနပ်ချက်များသည် ဘဏ္ဍာရေး ခွဲဝေမှုစနစ်ပေါ်တွင် မြစ်ဖျား ခံခဲ့သည်။
ဦးထွန်းမြင့် (ရှမ်းပြည်)
 


 ပါလီမန် ဒီမိုကရေစီခေတ် ဗိုလ်တထောင် နေ့စဉ်သတင်းစာပါ "တန်းတူသောရှမ်းပြည်" ဆောင်းပါး ကောက်နှုတ်ချက်များ

Ter Tee , အင်တာနက်စာမျက်နှာမှ

0 comments: