
(Photo_Indiatimes)
မြန်မာပြည်ကို ရောင်းချမယ့် အိန္ဒိယရူပီးငွေ သန်း ၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီး ခံရမှုမှာ အိန္ဒိယ စစ်တပ်က ဒုတိယဗိုလ်မှူးကြီးတဦး ပါဝင်နေပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မှုးယစ်ဆေးဝါး ဖမ်းဆီးမှုမှာ အိန္ဒိယ စစ်တပ်က ဒုတိယဗိုလ်မှူးကြီးတဦး ပါဝင်နေမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ တုန်လှုပ်ဖွယ်ရာ သတင်းအနေနဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အိန္ဒိယ - မြန်မာနယ်စပ်က မိုရေးမြို့ကို မောင်းနှင်လာတဲ့ ကား ၃ စီးကို မဏိပူရပြည်နယ် ထောင်ဘားခရိုင်က ပါလဲမြို့ စစ်ဆေးရေးဂိတ်ကို ဖြတ်အပြီးမှာ မဏိပူရပြည်နယ် ကွန်မန်ဒို ရဲအဖွဲ့က လိုက်လံ ဖမ်းဆီးရရှိလိုက်တာ ဖြစ်ပါတယ်။
ကား ၃ စီးထဲမှာ အိန္ဒိယ ရူပီးငွေ သန်း ၁၅၀ တန်ဖိုးရှိတဲ့ အိန္ဒိယနိုင်ငံထုတ် စီဒို အက်ဖီဒမင်း ဟိုက်ဒိုကလိုရိုက် မူးယစ်ဆေးတွေကို ဖမ်းဆီး ရရှိခဲ့တာပါ။ အိန္ဒိယငွေ ၁ ရူပီးဟာ မြန်မာငွေ ၁၆ ကျပ်နီးပါးနဲ့ ညီမ်ွပါတယ်။ ဒုတိယဗိုလ်မှူးကြီး အာဂျေးကျောင်သရီး စီးနင်းလာတဲ့ ဘော်လီယို ကားအဖြူပေါ်မှာ Govern of India Ministry of Defense ဆိုတဲ့ စာတမ်းနဲ့အတူ အချက်ပြ မီးနီကို တင်ဆောင်မောင်းနှင်လာတဲ့အတွက် အင်ဖားမြို့နဲ့ ပါလဲမြို့ အကြားမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်နိုင်ခဲ့တာလို့သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒုတိယဗိုလ်မှူးကြီး အာဂျေး ကျောင်သရီးနဲ့အတူ ဖမ်းဆီးခံရတဲ့ လူ ၅ ဦးထဲမှာ အိန္ဒိယနိုင်ငံ အင်ဒီဂိုလေကြောင်းလိုင်းက လက်ထောက် မန်နေဂျာ တဦးလည်း ပါဝင် နေတယ်လို့ သိရပါတယ်။ ဗိုလ်မှူးကြီး အာဂျေးကျောင်သရီးကတော့ ကားထဲမှာ မူးယစ်ဆေးဝါးတွေ ပါလာတာ သူ့အနေနဲ့ လုံးဝ မသိရပါဘူးလို့ ငြင်းဆို ထားပါတယ်။
မဏိပူရပြည်နယ်ကနေ မြန်မာပြည်ကို တင်ပို့မယ့် မူးယစ်ဆေးဝါးတွေအနက် အခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အရေအတွက်ဟာ ဒီနှစ်အတွင်း အကြီးမားဆုံး ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
0 comments:
Post a Comment