Tuesday, February 5, 2013

ဝန်ကြီးတွေ ဖြီးနေတယ်

February 05, 2013 

လူထုကိုယ်စားလှယ် အမတ်တွေ မေးမြန်းတာတွေကို သက်ဆိုင်ရာ ၀န်ကြီးများက လွှတ်တော်ထဲမှာ သွားပြီး ရှင်းလင်း ပြောပြနေပါတယ်။ သို့သော်လည်း လွှတ်တော်ထဲ ဒီဝန်ကြီးတွေရဲ့ အဖြေက မူမမှန်ဘူးလို့ ချင်းတိုင်းရင်းသား နိုင်ငံရေးသမားတယောက်က ဆိုပါတယ်။

"ပြည်ထောင်စုဝန်ကြီး ဆိုတာ နယက (ယခင် စစ်အစိုးရ) လက်ကျန်တွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေ ဖြေတဲ့ အဖြေ အားလုံးသည် ကျနော်တို့ မေးတဲ့မေးခွန်း၊ ကျနော်တို့ရဲ့ ဆန္ဒနဲ့ ဘယ်တော့မှ ကိုက်ညီမှု မရှိပါဘူး။ သူ့စာရင်းဇယားနဲ့ သူလုပ်ခဲ့တာတွေကို ဖြီးဖြန်းပြီးတော့ ဖြေတာပဲ" လို့ ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်းက ပြောပါတယ်။

ဦးခွန်လိန်းနဲ့ တွေ့ဆုံ မေးမြန်းထားတာကို အပိုင်း ၂ ပိုင်း ခွဲပြီး တင်ဆက်ပေးမှာပါ။ တွေ့ဆုံမေးမြန်းရာမှာ - ချင်းတိုင်းရင်းသားတွေ တပ်မတော်ကနေ ထွက်သွားကြတာ ဘာကြောင့်လဲ၊ အမျိုးသားနိုင်ငံရေး၊ တိုင်းရင်းသားစာပေ စတဲ့ အကြောင်းအရာများကိုလည်း သူက ပြောပြထားပါတယ်။

အခုချိန်အထိ ချင်းပြည်နယ် ဖွံ့ဖြိုးရေးကို ဗဟိုအစိုးရက လျစ်လျူရှုထားသလို ဖြစ်နေတယ်၊ ပြည်နယ် အစိုးရကလည်း ကြံ့ဖွံ့အစိုးရ ဖြစ်တဲ့အတွက် အကူအညီတွေဟာ ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့ရွာများကပဲ ရကြတယ် ဆိုတာတွေကိုလည်း သူက ပြောထားပါတယ်။

ဦးခွန်လိန်းတို့ရဲ့ ချင်းတိုးတက်ရေးပါတီ အနိုင်ရတဲ့နေရာတွေမှာ ကူညီမှု "လုံးဝ မပေးသေးဘူး" လို့ ပြောပါတယ်။ အဲဒီလို ခွဲခြား ဆက်ဆံရေးကြောင့်လည်း ချင်းပြည်နယ် တိုးတက်ရေး အဟန့်အတား ဖြစ်နေပါတယ် တဲ့။

သတင်းရင်းမြစ် :ဧရာဝတီသတင်း

0 comments: