Saturday, February 23, 2013

နောက်ကြောင်းပြန်သောကနှင့် ကြားလူပွဲစား သတိထား

ကျော်ကိုကို
 
ပြည်ပက ပြန်ဝင်လာပြီး လက်ရှိ ဗမာပြည် အပြောင်းအလဲတွေကို လေ့လာခွင့် ရတဲ့သူတွေ(တစ်ဦးချင်းဖြစ်စေ၊ ပါတီအဖွဲ့အစည်းလိုက် ဖြစ်စေ) ကျွန်တော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ ဆုံတိုင်း မေးခွန်း တစ်ခုကို မေးလေ့ရှိတယ်။အဲ့ဒီ မေးခွန်းကတော့ "လက်ရှိအစိုးရဟာ နောက်ကြောင်း ပြန်လှည့်သွားနိုင်ချေ ရှိ/မရှိ ခင်ဗျားတို့ ဗကသတွေရဲ့ အမြင်လေး သိချင်ပါတယ်" ပေါ့ဗျာ။ ဒီလို မေးလာတဲ့အခါ ကျွန်တော်တို့ကတော့ ကိုယ်တိုင် ကြုံတွေ့ ခံစားနေရတဲ့ အတွေ့အကြုံ အမြင်တွေနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ နိုင်ငံရေး အခင်းအကျင်းကို ခြုံငုံ လေ့လာပေါင်းစပ်ပြီး သူတို့မေးတဲ့မေးခွန်းကို ပြန်ဖြေကြား လေ့ရှိပါတယ်။ ဒီမေးခွန်းဟာလည်း ပြည်ပက လာတဲ့သူတွေသာမက ပြည်တွင်း နိုင်ငံရေးလောကနဲ့ လက်လုပ်လက်စား ပြည်သူတွေ ကြားမှာပါ  ရေပန်းအစားဆုံး မေးခွန်း ဖြစ်နေပါတယ်။ အခုဒီမေးခွန်းနဲံ ပတ်သက်ပြီး ဆက်စပ်တွေးတော ရသမျှကိုပါ ပေါင်းရုံးပြီး ဗကသများ အဖွဲ့ချုပ်ကိုယ်စား ကျွန်တော် ဖြေရှင်း တင်ပြချင်ပါတယ်။
 
ကျွန်တော်တို့ အနေနဲ့ အခုတလော လူပြောသူပြော များနေတဲ့ အယူအဆ(၂)ရပ်စလုံးကို လုံးဝကန့်ကွက် ရပါလိမ့်မယ်။ ဘယ်အယူအဆ(၂)ရပ်လဲ ဆိုတော့.......
 
(၁) လူထုကို လမ်းပေါ်ဆွဲတင်တဲ့ နည်းလမ်းနဲ့ အစိုးရကို ဖိအားပေး အကျပ်ကိုင်ရင် စစ်တပ်က အာဏာသိမ်းတဲ့ နည်းလမ်းနဲ့ နောက်ကြောင်း ပြန်လှည့်သွားမယ်ဆိုတဲ့ အယူအဆ...။
(၂) ဒီမိုကရေစီ အင်အားစုတွေနဲ့ အစိုးရက တစ်ဖက် လူထုက တစ်ဖက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ကြားနေပြီး ညှိနှိုင်းပေးရေးကို ဆောင်ရွက် ပေးရမယ်ဆိုတဲ့ အယူအဆ...။
 
ဒုတိယ အယူအဆဟာ ပထမ အယူအဆကနေ ဆင့်ပွားပေါ်ထွက်လာပုံ ရပါတယ်။ပထမ အယူအဆပေါ်အထိုင်ချပြီး စဉ်းစားကြတဲ့အခါ နောက်ကြောင်း ပြန်ကောက်သွားရင် ခက်ရချည်ရဲ့လို့ အတွေး ၀င်လာပြီး လမ်းပေါ်ထွက်နေတဲ့ လူထုကြီးကို ပြန်ထိန်းတဲ့ သဘောပါ။ ဒီအယူအဆ နှစ်ရပ်စလုံးကို ကျွန်တော်တို့ ဘာကြောင့် ဆန့်ကျင် နေရပါသလဲ...။
 
ရှင်းပါတယ်။ ဒီအယူအဆ (၂)ခုမှာ ကြောက်စိတ် မသိမသာ စွက်နေတာရယ်. လက်တွေ့ ရင်ဆိုင်ရတဲ့ ပြည်သူ့ အခက်အခဲ အကျပ်အတည်းတွေကို နောက်တန်း တွန်းပို့ပြီး မိမိတို့နိုင်ငံရေး ရည်မှန်းချက် တစ်ခုတည်းသာ ပြီးမြောက်ဖို့ ကြိုးစား နေကြလို့ပါပဲ။
 
စနစ်တကျ သရုပ်ခွဲ ကြည့်တဲ့အခါ လူထုကြီးက လူအုပ်ကြီး တစ်ခုမဟုတ်ပါဘူး။ လူထုကြီးရဲ့တောင်းဆိုသံတွေဟာ သူတို့ အမှန်တကယ် ခံစားနေရတဲ့ ဝေဒနာတွေက တစ်ဆင့် ပေါ်ပေါက်လာတာပါ။ကြုံရာကျပန်း ပေါင်းမိကြလို့ ထင်ရာမြင်ရာကို တညီတညွတ်တည်း ၀ိုင်းလုပ် နေကြသူများ မဟုတ်ပါ။မီးပျက်လို့ ဖယောင်းထွန်းတဲ့သူတွေ၊ မြေသိမ်းခံရလို့ ရန်ကုန်မြို့အထိ သပိတ်စခန်း လာဖွင့်ကြသူတွေ၊ရန်ကုန်က နေပြည်တော်အထိ လမ်းလျှောက် ချီတက်ဖို့ ကြိုးစားသူတွေ၊ လက်ပံတောင်းတောင်ကို စုဝေး ငေးကြည့်နေသူတွေ အားလုံးဟာ မိမိတို့ နစ်နာချက်တွေအတွက် အသေအရှင် တိုက်ပွဲဝင် နေသူတွေသာ ဖြစ်ပါတယ်။ သူတို့ တောင်းဆိုတာဟာ အစိုးရ ဖြုတ်ချရေးလဲ မဟုတ်ပါဘူး။ သူတို့အတွက် အကျိုးမရှိတဲ့ စနစ်တွေ စီမံကိန်းတွေကိုသာ ရပ်ဆိုင်းပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲပေးရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ကြောင်း ပြန်လှည့်ရမယ်ဆိုရင် ဘယ်လိုမှ ယုတ္တိမကျတဲ့ အတွေးအခေါ်သာဖြစ်ရပါမယ်။
 
နောက်ပြီးတော့ အစိုးရအနေနဲ့ ပြည်တွင်းပြည်ပက အတိုက်အခံတွေ အားလုံး၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်း သွင်းရေးကို ကြိုးစားပမ်းစား အာရုံစိုက်နေခြင်း ဖြစ်တယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့  အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို အပူတပြင်းရယူဖို့ အရေးကြီး နေချိန်လည်းဖြစ်တယ်။ဒအလွန်ဆုံးလုပ်ရင် ပုဒ်မ၁၄၄ ထုတ်ပြန်တာမျိုး၊ ရခိုင်မှာလို ဒေသတစ်ချို့ကို မာရှယ်လောနဲ့ ယာယီ အုပ်ချုပ်တာမျိုးပဲ ဆန္ဒ ရှိလိမ့်မယ်။ သူတို့ဘက်က ရှေ့ကိုသွားနေမှာ မဟုတ်သလို နောက်ကို ပြန်လှည့်နေမှလဲ မဟုတ်ဘူး။ ၁၉၆၂ကတည်းက ရရှိထားတဲ့ အာဏာကို ၁၉၈၈မှာ ပြန်လည် မွမ်းမံပြီး ၂၀၀၈/၂၀၁၀မှာ ပိုမိုခိုင်မြဲသွားအောင် အထိုင်ချပြီးဖြစ်လို့ လွှတ်တော်ထဲကနေ  ခုခံကာကွယ် ထားနိုင်ပြီဆိုတာ သိသာထင်ရှားနေပါတယ်။
 
ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့ အကြောက်တရားကို ဖယ်ရှားပြီး အခွင့်အရေး တိုက်ပွဲတွေကို ဆင်နွှဲလာတာ နှစ်ပေါင်း(၂၄)နှစ် ကျော်ပါပြီ။ ရှေ့မှာလဲ လိုချင်တဲ့ အနေအထားထိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မရမချင်း ဆက်လက် တိုက်ပွဲ ၀င်နေရဦးမှာပါ။အမျိုးသား သွေးစည်းညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရသရွေ့ မျက်လုံးပိတ်သည်အထိ ကြိုးပမ်း နေရဦးမှာပါ။အခုမှ အမျိုးသား လှုပ်ရှားမှု လက္ခဏာတွေကို မြင်နေရပါတယ်။ ဒါခရီးအစပါ...။ပန်းတိုင် တစ်ခုမဟုတ်သလို မိုင်တိုင် တစ်ခုလဲ မဟုတ်သေးပါဘူး။ ဒါကြောင့် နောက်ကြောင်း ပြန်သွေးလန့်မှုတစ်ခု အကြောင်းပြုပြီး အောက်ကြေးနဲ့ ရသလောက် ယူထားလိုက်မယ်ဆိုတဲ့ တွေးဆချက်တွေကို ကျွန်တော်တို့လုံးဝ ငြင်းဆန် ကန့်ကွက် လိုက်ပါတယ်။
 
လူထုကြီးက အေးချမ်းစွာ ချီတက် ဆန္ဒပြတာဟာ အစိုးရကို ဆန့်ကျင်ရန် မဟုတ်တာကြောင့် ပုဒ်ထီး ပုဒ်မ တွေတပ်ပြီး တရားစွဲစရာ အကြောင်း မရှိပါဘူး။ အေးချမ်းစွာ စုဝေးခွင့်၊ ဆန္ဒပြခွင့်ဟာ လူထုမှ နဂိုကတည်းက ရှိပြီးသား မွေးရာပါ အခွင့်အရေးဖြစ် လို့ လျှောက်လွှာတင် ခွင့်ပြုမိန့် တောင်းဖို့မလိုအပ်ပါဘူး။ ခွင့်ပြုမိန့် တောင်းရမယ်၊ လူဘယ်နှစ်ယောက် ပါရမယ်၊ ဘယ်ကြွေးကြော်သံတွေတော့  ခွင့်မပြုဘူး၊ ငါးရက်ကြိုတင်ပြီးမှ တစ်ရက်ပဲ ပြခွင့်ရမယ် စတဲ့ အသေးစိတ် ချုပ်ချယ် ကန့်သတ်မှုတွေ ရှိနေမှတော့ ဗမာနိုင်ငံရဲ့ လက်ရှိ အနေအထားက လွတ်လပ်ခွင့် အပြည့်အ၀ရှိရဲ့လားလို့ မေးခွန်း ထုတ်စရာတောင် လိုမယ်မထင်ပါဘူး။
 
ဒါတောင်မှ အချို့ နိုင်ငံရေးသမားတွေက ပြောရမယ့် စကားကို ပြတ်ပြတ်သားသား မပြောဘဲ စောင်းပါး ရိပ်ချေလောက်ပဲ ပြောလို့ပြော၊ စကားထားဝှက်တမ်း ကစားသလို လုပ်လိုလုပ်နဲ့ ယုန်သူငယ် နှာစေးဝေးဝေးက ရှောင်နေတာတွေ အများကြီး တွေ့လာရပါတယ်။ စက်တင်ဘာ နောက်ပိုင်း ပြောင်မြောက်တဲ့ ပျက်လုံးတွေနဲ့ ပြည်သူ့အချစ်တော် ဖြစ်လာတဲ့ သီးလေးသီး အငြိမ့်အဖွဲ့တောင် လက်ပံတောင်းတောင် သပိတ်စခန်းမှာ ဘုန်းကြီးတွေ မီးလောက်ဗုံး ထုခံရတာနဲ့ ပတ်သက်ပြီး ပြက်လုံး မထုတ်တာ အစိုးရကို သရော်တာ မတွေ့ရသေးပါဘူး။ ဒီလိုပဲပြောသင့် ပြောထိုက်တဲ့သူအချို့ကလဲ အတော်လေးကို ထိန်းထိန်းသိမ်းသိမ်းဘဲ ပြောနေဆို နေကြတာကို မြင်မိပါတယ်။
 
အလုပ်သမားတွေရဲ့ အရေးမှာတောင် အလုပ်ရှင်တွေ အထိတ်တလန့် ဖြစ်အောင် အလုပ်သမားတွေ ဘက်က မလုပ်သင့်ဘူးလို့ ဆိုလာကြပါတယ်။ မနေ့တနေ့ကတော့ အလုပ်ရှင်ဘက် ရိုက်လို့ အလုပ်သမား သမဂ္ဂခေါင်းဆောင် တစ်ဦးခေါင်းကွဲပြီး ဆေးရုံပေါ် ရောက်သွားတာကို ကြားရပါတယ်။အရေးတကြီး ပြောချင်တာက ခရိုနီ လုပ်ငန်းတွေကိစ္စ...။ တိုင်းပြည် တစ်ပြည်လုံးမှာ ခရိုနီ လူတန်းစား ရှိရင် တော်တော် နစ်နာပါတယ်။ ရုရှားအပါအ၀င် အရှေ့ဥရောပ နိုင်ငံတချို့ကို ဥပမာကြည့်ပါ။ အချို့ကတော့ ခရိုနီဆိုတာ ရှိသင့်ပါတယ်ဆိုတဲ့ စကားရိပ် စကားငွေ့တွေ သမ်းနေသလို အလုပ်ရှင် ချမ်းသာမှာ အလုပ်သမား ချမ်းသာမယ်ဆိုတဲ့ ရွှေပြည်အေး တရားနဲ့ အလုပ်သမားတွေကို နားချတတ်ကြပါတယ်။
 
ရဲစခန်း၊ တရားရုံးနဲ့ အချုပ်ထောင်တို့ကို ပိုင်ဆိုင်တဲ့ အစိုးရအနေနဲ့ ပြည်သူလူထု အကျိုးစီးပွားကို အမှန်တကယ်တမ်း ကာကွယ်ဖို့ တရားဥပဒေကို ကျင့်သုံးမှု မရှိသေးရင် ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ရှိနေဦးမှာပါဘဲ။ လက်ပံတောင်းတောင် အရေးကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ကိုအောင်မှိုင်းဆန်း တို့သာလျှင် နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူး.. နိုင်ငံရေးလွတ်လပ်ခွင့်မရှိတဲ့  နိုင်ငံတစ်နိုင်ငံမှာ နေရသူအားလုံးဟာ နိုင်ငံရေး အကျဉ်းသားတွေပါပဲ။ဒါကို အစိုးရနဲ့ ပူးပေါင်းပြီးမှ  နိုင်ငံရေး အကျဉ်းသားများ ပြန်လည်စိစစ်ရေး ကော်မတီဖွဲ့ဖို့ လိုအပ်ပါရဲ့လား.. ဆင်ကောင်ကြီး တွေ့ပြီးမှ ဆင်ခြေရာ ရှာတဲ့အလုပ်ကို နာမည်ပျက်ခံပြီးလုပ်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ဘ၀ကို ကိုယ်တိုင် ရောက်ခဲ့ဖူးတဲ့ ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေဟာ တစ်နိုင်ငံလုံး နိုင်ငံရေး အကျဉ်းသားဘ၀က လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ ကိုယ်နဲ့ ဘ၀တူတွေဘက်က  ပြတ်ပြတ်သားသား ရပ်တည်ပြီး အမှောင်ရိပ်တွေကို ဖယ်ရှား သွားပါလို့ တိုက်တွန်း လိုက်ရပါကြောင်း...။ ။
ကျော်ကိုကို
ဗကသများ အဖွဲ့ချုပ်

(ဒေးဒရဲမြို့နယ် ကျောင်းသား သမဂ္ဂမှ ထုတ်ဝေသော သမဂ္ဂ စာစဉ်အတွက် ဒီဇင်ဘာလက ပေးပို့ခဲ့သော စာမူကို ပြန်တွေ့သဖြင့် တင်ပေးလိုက်ရပါသည်)

Kyaw Ko Ko အင်တာနက်စာမျက်နှာသတင်းမှ

0 comments: