Monday, February 25, 2013

သီးလေးသီးမှ လူရွှင်တော် ပန်းသီး ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား သီးသန့် လာရောက်ဖျော်ဖြေ


ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး အလံစိုက်ထူရန် ဧရာဝတီမြစ် အနောက်ဖက်လမ်းမှ လိုင်ဇာမြို့ဆီသို့ လမ်းလျှောက် ချီတက်လာသော ကိုရန်နိုင်စိုး ဦးဆောင်သည့် သံဃာ(၁၅)ပါး၊ သီလရှင်(၁)ပါး၊ အမျိုးသား(၇၀)နှင့် အမျိုးသမီး(၁၅)ယောက်၊ စုစုပေါင်း(၁၁၁)ဦး ပါဝင်သော အဖွဲ့သည် စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာသို့ ဖေဖေါ်ဝါရီ ၂၄ ရက်၊ နံနက်(၁၀)နာရီခွဲ အချိန်တွင် ရောက်ရှိခဲ့သည်။

နဘားတွင် "နဘားဘူတာ ဘုန်းကြီးကျောင်းတိုက်"၌ ဆရာတော် ဦးနန္ဒိယမှ တစ်ရက်တာ နားနေရန် စီစဉ်ပေးထားပြီး ထိုနားနေချိန်တွင် သီးလေးသီး အငြိမ့်အဖွဲ့မှ ပန်းသီး၊ မင်းသမီး ဆောင်းဝတီ နှင့် keyboard player ကိုမင်းသူတို့ (၃)ဦးက လမ်းလျှောက်သူ ငြိမ်းချမ်းရေးသမားတို့အား အပန်းပြေရန်အတွက် စေတနာသက်သက်ဖြင့် လာရောက်ကာ ဖျော်ဖြေတင်ဆက် အားပေးခဲ့သည်။

ဖျော်ဖြေပွဲကို နေ့လည်(၁)နာရီခွဲတွင် နဘားဒေသခံ ကချင်ရိုးရာ အကအဖွဲ့ဖြင့် စတင်ဖျော်ဖြေပြီး နေ့လည်(၂)နာရီခွဲ အချိန်တွင် ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ လူငယ်မောင်မယ်များက hollow ဂစ်တာ နှစ်လုံးဖြင့် ငြိမ်းချမ်းရေး Group Songs အား ပျော်ပျော်ပါးပါး တင်ဆက်ဖျော်ဖြေသည်။

စာရေးဆရာ သမဂ္ဂမှ ဆရာမောင်နေဇော် ကလည်း ငြိမ်းချမ်းရေး လမ်းခရီးတွင် စပ်ခဲ့သည့် ရင်တွင်းဖြစ် ငြိမ်းချမ်းရေးကဗျာအား ရွတ်ဖတ်ခဲ့သည်။

ထို့နောက် မင်းသမီး ဆောင်းဝတီမှ ငြိမ်းချမ်းရေး သီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ညနေ(၃)နာရီတွင် သီးလေးသီး အငြိမ့်အဖွဲ့မှ လူရွှင်တော်ပန်းသီးက သီချင်းများ၊ ပျက်လုံးများဖြင့် လမ်းလျှောက်သူ ငြိမ်းချမ်းရေးသမားများအား အမောပြေ ဟဒယ တိုက်ကျွေး ဖျော်ဖြေပေးခဲ့ရာ  ငြိမ်းချမ်းရေး လမ်းလျှောက်သူတို့ ခရီးတစ်ထောက်၌ စိတ်ပျော်ရွှင် အပမ်းပြေခဲ့ရသည်။

ညနေ(၃)နာရီခွဲ အချိန်တွင် ကသာမြို့မှ လာရောက် ဖျော်ဖြေသော ကချင်တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ ရိုးရာ ထောင်ကာအကဖြင့် ဧည့်ခံခဲ့ပါသည်။ ထို့နောက် ပန်းသီး နှင့် မင်းသမီး ဆောင်းဝတီ တို့နှစ်ဦးမှ အကများ၊ satires ပျက်လုံးများဖြင့် ဖျော်ဖြေခဲ့ပြီး ညနေ(၄)နာရီခွဲ အချိန်တွင် လမ်းလျှောက်သူ ငြိမ်းချမ်းရေးသမားများအား စင်ပေါ်သို့ဖိတ်ခေါ်ကာ ငြိမ်းချမ်းရေးသီချင်းအား  ပျော်ပျော်ပါးပါး သီဆိုရင်း ဖျော်ဖြေပွဲအား ပြီးဆုံးခဲ့ပါသည်။

လူရွင်တော်ပန်းသီးနှင့် အဖွဲ့သည် ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား မိမိစားရိတ်နှင့်မိမိ  လာရောက် ဖျော်ဖြေရန် အကြိမ်ကြိမ် ကြိုးစားနေသော်လည်း ယခုအခါမှ နဘားတွင် လာရောက် ဖျော်ဖြေနိုင်ခြင်း ဖြစ်သည်။

ယင်းနေ့တွင်ပင် ကသာမြို့သို့ ညအိပ်ရောက်ရှိနေသော ငြိမ်းခြမ်းရေး လမ်းလျှောက် အဖွဲ့တစ်ခုဖြစ်သည့် မြင်းခြံမြို့မှ ကိုသန့်ဇင် ဦးဆောင်သည့် ရဟန်း(၃)ပါးနှင့် အမျိုးသား(၁၄)ဦး ပါဝင်သောအဖွဲ့သည် ကသာမြို့မှ နံနက်(၈)နာရီခွဲ အချိန်တွင် စတင်ထွက်ခွာပြီး ဧရာဝတီမြစ်အရှေ့ဖက်ခြမ်းသို့ ဇက်ဖြင့်ကူးကာ ဗန်းမော်လမ်းမကြီးဆီသို့ အင်းဒယန့် လမ်းအတိုင်း
လမ်းလျှောက် ခရီးဆက်သွားကြောင်း သိရသည်။

ယင်းအဖွဲ့၏ ခေါင်းဆောင် ကိုသန့်ဇင်မှ မြင်းခြံအဖွဲ့အား တွေ့ဆုံ အားပေးလာသော ကိုပန်းသီးအား မိမိတို့အနေဖြင့် လိုင်ဇာမြို့သို့ ၀င်ရောက်ရာတွင် ရန်ကုန်အဖွဲ့နှင့် အတူတူ(၂)ဖွဲ့ အတူတူ ၀င်ရောက် လိုသည့် ဆန္ဒရှိကြောင်း၊ လူရွှင်တော် ကိုပန်းသီးအား ကသာ၌ ပြောကြားခဲ့သည်။

ကိုပန်းသီး အနေဖြင့်လည်း လိုင်ဇာတွင် ကြုံကြိုက်မည်ဆိုပါက မိမိအနေဖြင့်လည်း လာရောက် ဖျော်ဖြေပေးလိုသည့် ဆန္ဒအပြည့်ရှိကြောင်း ပြောခဲ့သည်။

Katha Town
 
Copy from - thithtoolwin.com

0 comments: