Saturday, February 2, 2013

လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ရန် ငြမ်းဆင်စဉ် ကျိုက်ထီးရိုး စေတီတော်မြတ် ရောင်ခြည်တော် ကွန့်မြူး

 
Friday, 01 February 2013

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန်အတွက် ငြမ်းဆင်နေစဉ် ရောင်ခြည်တော် ကွန့်မြူးခဲ့ကြောင်း သိရှိရသည်။

ပြင်ဦးလွင်မှ ဘုရားဖူးအဖွဲ့မှ ကားဆရာများဖြစ်သည့် ကိုအောင်ကိုကိုဦးနှင့် ကိုကျော်ဇေယျာလွင်တို့ နှစ်ဦးမှာ ငြမ်းဆင်နေသည့် ကျိုက်ထီးရိုး ဆံတော်ရှင် မြတ်ပုံတော်အား ဖုန်းဖြင့် ဓာတ်ပုံရိုက်ရာမှ ရောင်ခြည်တော်ကွန့်မြူးနေသည့် ပုံတော်အား ရိုက်ကူး ဖူးမျှော်မိခြင်း ဖြစ်သည်။

ယင်းကား ဆရာများမှာ ကျိုက်ထီးရိုး စေတီတော်သို့ ပထမဦးဆုံးအကြိမ် သွားရောက် ဖူးမျှော်ခဲ့ခြင်း ဖြစ်ပြီး ဇန်န၀ါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ရောင်ခြည်တော် ကွန့်မြူးနေပုံအား ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ဆံတော်ရှင် စေတီအား ကားဆရာနှစ်ဦး ပြိုင်တူရိုက်ကူးခဲ့ခြင်း ဖြစ်သော်လည်း ကိုအောင်ကိုကိုဦး ရိုက်ကူးသည့် ပုံတော်၌သာ ယခုလို ရောင်ခြည်တော် ကွန့်မြူးသည့်ပုံ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ (၂၄) ရက်နေ့ (၇) နာရီ(၂၆) မိနစ်မှာ ကျွန်တော်တို့ ဓာတ်ပုံရိုက်တော့ ကျွန်တော့် ဘေးနားမှာလည်း ကျွန်တော့် အကို တစ်ယောက်ပါ ဓာတ်ပုံအတူတူ ရိုက်ကြတယ်။ ကျွန်တော်တို့က လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ဖို့ ငြမ်းတွေဆင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကလည်း ဘုရားကို ကိုယ်တိုင် ရွှေသင်္ကန်းမကပ်ရဘူး။ ငြမ်းဆင်နေတဲ့ ပုံကိုအမှတ်တရ ဖြစ်အောင်ဖုန်းနဲ့ ရိုက်လိုက်တယ်။ ဖုန်းနဲ့ရိုက်လိုက်တဲ့ အချိန်မှာ ပေါ်လာတာပါ” ဟု ဥာဏ်တော် ကွန့်မြူးပုံ ဓာတ်ပုံ ကိုယ်တိုင်ရိုက်ကူးခဲ့သူ
ကိုအောင်ကိုကိုဦး က ပြောသည်။

စတင်ရိုက်ကူးစဉ် ရာသီဥတု ကောင်းမွန်ပြီး ကောင်းကင်မှာ ကြည်လင် တောက်ပလျှက်ရှိပြီး ရိုက်သည့် အချိန်တွင် ယခုကဲ့သို့ ပေါ်လာခြင်းဖြစ်ပြီး ဘေးနားမှ ဓာတ်ပုံရိုက်နေသူအား မေးမြန်းရာတွင် ၄င်းပုံ၌ ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိကြောင်းကိုလည်း သိရသည်။

“ရိုက်နေတဲ့အချိန်မှာ ကောင်းကင်က တကယ်တမ်းကျတော့ လျှပ်စီးတွေလည်း မရှိဘူး။ မိုးတွေလည်း မအုံ့ဘူး။ ရိုက်လိုက်တဲ့အချိန်မှာမှ လျှပ်စီးတန်းကြီးက ကျလာတာ။ ကျွန်တော်ကလည်း အဲ့လို အလင်းတန်းကြီးတွေ ကျလာတော၊့ ကျွန်တော့်ဖုန်းကပဲ အလင်းပြန် တာလားဆိုပြီး ဘေးနားမှာ ရှိတဲ့ အကိုတစ်ယောက်ကို မေးတော့ ဆက်ရိုက်ကြည့် ဆိုပြီးတော့ ပြောတယ်။ ပထမဆုံးရိုက်လိုက်တော့ လျှပ်စီးတွေ ကျနေတဲ့ပုံေ ပ်ါတယ်။ ဒုတိယပုံရိုက် လိုက်တော့ ဘုရားရဲ့စိန်ဖူးတော်နားက အ၀ိုင်းနားမှာ ခရမ်းရောင်တွေ ဟပ်ပြီးတော့ အောက်မှာ ရွှေရောင်တွေ ဟပ်နေတယ်။” ဟု ကိုအောင်ကိုကိုဦး  မှ ၄င်း၏ အတွေ့အကြုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဓာတ်ပုံ ရိုက်ကူးသည့်အခါတွင် ဘုရားပေါ်တွင်ရှိသော ဓာတ်ပုံဆရာများအား မေးမြန်းကြည့်ရာ ဘုရားမှ ရောင်ခြည်တော် ကွန့်မြူးတတ်ကြောင်းနှင့် သုံးနှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရာ၌ ထူးခြားမှု ပြလေ့ ရှိကြောင်းကိုလည်း သိရှိရသည်။

“ဒါက ရောင်ခြည်တော် ကွန့်မြူးတာတဲ့ သုံးနှစ် တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်တိုင်း ထူးခြားမှုတွေ ပြတယ်။ ဒီနှစ်မှာ အကိုရဲ့ကံနဲ့ ဘုရားရဲ့ တန်ခိုးကြောင့် အကိုရတာပါလို့ ပြောတယ်။ ကင်မရာသမားတွေကို အကိုတို့ ရိုက်တဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုလျှပ်စီးလက် တာတွေ ပါလားလို့မေးတော့ ကျွန်တော်တို့ ဘုရားပေါ်မှာ စရိုက်ကတည်းက ဘုရားပေါ်မှာ ဒီလိုမျိုးကျခဲ့တာတွေ မရှိဘူးလို့ ပြောတယ်။ အဲ့ဒီ ကင်မရာသမားတွေက သူတို့ကို ပေးခဲ့ဖို့ တောင်းသေးတယ်”ဟု ကိုအောင်ကိုကိုဦးက ပြောသည်။

ဓာတ်ပုံရိုက်သည့် နှစ်ယောက်စလုံးမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ရိုက်ခဲ့ခြင်းဖြစ်ပြီး ရိုက်ကူး လိုက်သည့်ပုံတွင် ရောင်ခြည်တော်ကွန့်မြူးပုံ မပေါ်သည့် ကိုကျော်ဇေယျာလွင်က ၄င်း၏ အတွေ့အကြုံနှင့် ပတ်သက်၍ ပြောသည်။

“ကျွန်တော်တို့ရိုက်တာက Samsumg ဖုန်းနှစ်လုံးနဲ့ ရိုက်တယ်။ ရိုက်တဲ့ အချိန်က တစ်ပြိုင်တည်း တစ်ချိန်တည်းမှာ ရိုက်ကြတာ။ ကျွန်တော့် Samsumg ဖုန်းထဲမှာကြတော့မ ပေါ်ဘူး။ အောင်ကိုကိုဦးရဲ့ဖုန်းထဲမှာ ကြတော့ထူးထူး ခြားခြားပေါ်တာ။” ဟု ကိုကျော်ဇေယျာလွင်က ပြောသည်။

ယခုလို ရောင်ခြည်တော် ကွန့်မြူးသည့် ပုံတော်အားဘုရားဖူး လိုက်ပါလာသည့်သူ (၁၈၁) ဦးမှ ဖူးမျှော်ရန်အတွက် ဓာတ်ပုံ ကူးယူလိုက်သည့် အခါတွင်လည်း ယခုကဲ့သို့ လျှပ်စီးများ ကျရောက်နေသည့် ပုံများသာ ထွက်လာပြီး ယခုအခါ ထိုရောင်ခြည်တော် ကွန့်မြူးသည့် ဓာတ်ပုံအား ပြန်လည်ကူးယူ၍ ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံ လှူဒါန်း မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ကိုအောင်ကိုကိုဦးမှာ လူထုမေတ္တာ ပြင်ဦးလွင်-မန္တလေး မော်တော်ယာဉ် အသင်းမှ ယာဉ်မောင်း တစ်ဦးဖြစ်ပြီး ၄င်း၏ ပထမအကြိမ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ် ခရီးစဉ်တွင် ယခုကဲ့သို့ ရောင်ခြည်တော် ကွန့်မြူးမှု ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

Copy from - Myit Makha Mediagroup

0 comments: