Sunday, February 3, 2013

ဗိုလ်ချုပ်ဟောင်းနှစ်ယောက် လူထုထောက်ခံမှု ရနေ

 
February 02, 2013
စစ်ယူနီဖောင်းချွတ်ပြီး တိုက်ပုံ ပြောင်းဝတ်ထားတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ဟောင်းတွေကို အများပြည်သူက ချစ်ခင်လေးစားမှု မပြခဲ့ကြပါဘူး။ အခုတော့ တချို့ ဗိုလ်ချုပ်ဟောင်းတွေကို ပြည်သူ အများအပြားက ချစ်နေကြပါပြီ။ မနှစ်က သမ္မတဦးသိန်းစိန် ထောက်ခံ ဆန္ဒပြပွဲတွေကို တွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာတော့ ပြည်သူ့ထောက်ခံမှု ရနေသူကတော့ ဦးဆန်းဆင့် ဖြစ်ပါတယ်။ သူက ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ အဖြစ်ကနေ ဗဟိုအစိုးရအဖွဲ့ရဲ့ သာသနာရေး ၀န်ကြီး ဖြစ်သွားသူပါ။ သူ့ကို လစ်လပ်နေတဲ့ သာသနာရေး ၀န်ကြီးရာထူး ပေးအပ်မှုကို နေပြည်တော် လွှတ်တော်က ကြာသပတေးနေ့မှာ အတည် ပြုလိုက်ပါတယ်။ နောက်တနေ့မှာတော့ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ဒေသခံ တထောင်ဝန်းကျင်က လမ်းပေါ်ထွက် ဆန္ဒ ပြကြပါတော့တယ်။ လယ်သမားနဲ့ ရေလုပ်သား ၁,၀၀၀ ကျော်က ပန်းတနော်မြို့ မြို့အ၀င် ဘောလုံးကွင်းထဲမှာ မနက် ၁၀ နာရီခွဲကနေ နေ့လည် ၁၂ နာရီလောက်အထိ ဆန္ဒ ဖော်ထုတ် ခဲ့ကြပါတယ်။
ဒေသခံတွေက
- ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်းဆင့် ဧရာဝတီတိုင်းမှ မပြောင်းရွှေ့ရေး - ဒို့အရေး
- ပြည်သူချစ်သော လွှတ်တော်ဥက္ကဋ္ဌ နေရာမပြောင်းရွှေ့ရေး
-သမ္မတကြီးကဲ့သို့ ပြည်သူ့အကျိုးစီးပွားကို ကြည့်သော လွှတ်တော် ဥက္ကဋ္ဌအား ဧရာဝတီတိုင်း ပြည်သူတို့ အကျိုးကို ဆက်လက် ဆောင်ရွက်ခွင့်ပေးပါ
စသဖြင့် ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီးတော့ ဘောလုံးကွင်းထဲမှာပဲ လှည့်လည် ကြပါတယ်။

ဆန္ဒဖော်ထုတ်ခွင့်အတွက် လျှောက်လွှာတင်ခဲ့ပေမယ့် ခွင့်ပြုချက် မကျခင် ဆန္ဒ ဖော်ထုတ် ခဲ့ကြတာပါ။

သူတို့ထဲက တယောက်ဖြစ်တဲ့ ပန်းတနော်မြို့သူ ဒေါ်နန့်နီလာအောင်က အခုလို ပြောပြပါတယ် -“ဦးဆန်းဆင့်ကို သူတို့က သာသနာရေးကို ပြောင်းဖို့ကို အမိုးတို့ ပြည်သူတွေက လက်မခံနိုင်ဘူး။ပြည်သူတွေဆိုတာ တောင်သူလယ်သမားတွေ၊ ရေလုပ်သားတွေ၊ ဆင်းရဲသား လက်လုပ်လက်စားတွေပေါ့”

သူ့ကို ဘာကြောင့် မပြောင်းစေချင်တာလဲ။ ဒေါ်နန့်နီလာအောင်က အခုလို ရှင်းပြပါတယ် -

“ဦးဆန်းဆင့်က အခြေခံလူတန်းစား ပြည်သူတွေဘက်က ရပ်တည်လုပ်ကိုင် ဆောင်ရွက်ပေးနေတော့ သူပြောင်းရင် အမိုးတို့ ခေါင်းမဖော်ရဲတော့ဘူး။ ဒီကလူတွေက သူ့ကိုပဲ အားကိုးအားထားပြုနေရတာ။ ဒါကြောင့် ဒီနေရာကနေ မပြောင်းစေချင်ဘူး”

ဦးဆန်းဆင့် မပြောင်းရွှေ့ရေးအတွက် သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရေကြည်မြို့အပြင် ပုသိမ်၊ ငပုတော၊ ကျုံပျော်စတဲ့မြို့တွေက ပြည်သူတွေလည်း ဆန္ဒပြဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အဲဒီမြို့နယ်တွေက ပြည်သူ ၇,၀၀၀ ကျော်က သူ့ကို တိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ်ပဲ ဆက်လက် တာဝန် ယူစေလိုကြောင်း လက်မှတ်ရေးထိုး တောင်းဆို ခဲ့ပါသေးတယ်။
ဦးဆန်းဆင့်က စစ်အစိုးရ လက်ထက် ထိပ်တန်း ဗိုလ်ချုပ်ကြီး တယောက် ဖြစ်ခဲ့ပေမယ့် ထင်ပေါ် ကျော်ကြားသူတော့ မဟုတ်ခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဧရာဝတီ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာမှ သူ့အမည်ကို မီဒီယာတွေမှာ ပိုမို တွေ့လာရတာပါ။

သူက ဧရာဝတီတိုင်း ဒေသကြီးရဲ့ ကြံ့ခိုင်ရေး ပါတီ နာယကလည်း ဖြစ်ပါတယ်။ သို့သော်လည်း သူ့ပါတီ လူကြီးကိုတော့ မကြာသေးခင် ခပ်စပ်စပ်လေး ပြန်ပက်ခဲ့သူပါ။ ပါတီရဲ့အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းမှာ အဲဒီဒေသကို သွားပြီး ဧရာဝတီတိုင်း လွှတ်တော် အမတ်တွေနဲ့ ဥက္ကဋ္ဌဟာ တော်လွန်း၊ တတ်လွန်းလို့ မဟုတ်ဘဲ ပါတီက တာဝန်ပေးလို့ လွှတ်တော်ထဲ ရောက်နေတာ ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ် တဲ့။ ဒါ့အပြင် တိုင်းလွှတ်တော်နဲ့ ပတ်သက်ပြီး ဖိအားပေး ခြိမ်းခြောက် တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဦးဆန်းဆင့် တို့ကလည်း သတင်းစာ ရှင်းလင်းပွဲတခုလုပ်ပြီး တုန့်ပြန်ခဲ့ပါတယ်။ နောက်နောင် ဒီလို ပြောလာရင် တရားစွဲမယ်လို့ ဆိုလိုက်ပါတယ်။
သန့်စင်ငြိမ်းချမ်း ~


ဆက်စပ် - ဦးဆန်းဆင့် ဧရာဝတီတိုင်းမှာ ပေါ်ပြူလာဖြစ်
သတင်းရင်းမြစ် - ဧရာဝတီ

0 comments: