အကြွေးသစ်ယူပြီး
ကြွေးဟောင်းဆပ်ရတာကို ဂုဏ်ယူနေတဲ့ သမ္မတ(ဗိုလ်)
ဦးသိန်းစိန်
တူမောင်ညို၊
ဖေဖော်ဝါရီ ၁၊ ၂၀၁၃
သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ဘဝက
“ခေတ်အဆက်ဆက် တင်ခဲ့တဲ့ ကြွေးဟောင်း”ကို “ကြွေးသစ်ချေး” ပြီး လက်လွှဲ ဆပ်လိုက်
နိုင်တာကို “သတင်းကောင်း” တစ်ခုအဖြစ်
ကြံဖန် ဂုဏ်ယူရတဲ့ ဘဝမျိုးပါလားဗျာ။
တကယ်တော့
ကြွေးဟောင်း မဆပ်နိုင်တော့လို့၊ နောက်ထပ်လည်း ကြွေးသစ် ထပ်မယူနိုင်တဲ့ အတားအဆီးကို
ကျော်လွှားနိုင်ဖို့ ကြွေးသစ် ထပ်ယူနိုင်အောင် မြီရှင်နိုင်ငံတွေက
“ကြွေးလွတ် ငြိမ်းသက်သာခွင့်”ပေးတဲ့သဘော ဖြစ်ပါတယ်။
ကြွေးဟောင်းဆပ်မှ
ကြွေးသစ် ထပ်ချေးနိုင်မှာ မဟုတ်လား။
အာရှဖွံ့ဖြိုးရေးဘဏ်
(ADB) ထံ တင်နေတဲ့ ကြွေးဟောင်း အမေရိကန်ဒေါ်လာ ၅၁၂ သန်းကို ဆပ်ဖို့
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ် (JICB) ဆီကနေ (Bridge loan)
“ပေါင်းကူးချေးငွေ” အမေရိကန်ဒေါ်လာ ၅၁၂ သန်းယူပြီး အကြွေးဆပ် တာသာဖြစ်ပါတယ်။
“ဘယ်ဖက်”မှာ တင်တဲ့ကြွေးကို “ညာဘက်” ကချေးယူတဲ့ ချေးငွေနဲ့
လက်ပြောင်းပြီး ဆပ်တဲ့သဘော ဖြစ်ပါတယ်။
“အဆင်းရဲဆုံး LDC
နိုင်ငံများစာရင်းမှ ရုန်းထွက်နိုင်ရေးအတွက် ပထမ ခြေလှမ်းအဖြစ် ရရှိတဲ့
တိုးတက်မှု” တဲ့။
အဲဒီလို ကြွေး ဟောင်းပေးပြီး၊ ကြွေးသစ်ယူ နိုင်တော့မယ့်ကိစ္စဟာ
သမ္မတ ဦးသိန်းစိန်
ကြံ့ဖွံ့အစိုးရအတွက် “အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခု” စတင်နိုင် ခဲ့တာတဲ့ခင်ဗျ။
ကြံ့ဖွံ့အစိုးရအတွက် “အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခု” စတင်နိုင် ခဲ့တာတဲ့ခင်ဗျ။
ဒါ့အပြင် မဆီမဆိုင်
“အောင်ဆန်းအက်တလီစာချုပ်” ချုပ်တဲ့နေ့ (၂၇ ဇန်နဝါရီ)နဲ့ တိုက်ဆိုင်နေတာကိုပဲ၊
သူ့ခမျာ ရှာကြံပြီး “အရေးပါတဲ့ နေ့အဖြစ် မှတ်တမ်းတင် ကျန်နေရစ်မှာဖြစ်တယ်”
ဆိုပြီး ဟိတ်ဟန် ထုတ်နေရတယ်။ လွတ်လပ်ရေးနဲ့အတူ ဗြိတိသျှကိုလိုနီ
အစိုးရရဲ့ကြွေးတွေကို (ဖဆပလ)အစိုးရ ဆက်ခံခဲရတာကိုများ
ရည်ညွန်း ပြောဆိုချင်တာများလား မသိဘူးခင်ဗျ။
ဒါ့အပြင် “တရုတ်၊
အိန္ဒိယ၊ တောင်ကိုးရီးယား၊ ထိုင်း၊ မလေးရှား” တို့လည်း အကြွေးယူရတာပဲ ဆိုပြီး
ကိုယ်အမြှီးပြတ်တာကို အခြားသူများနဲ့လည်း ကြေးတန်းညှိပြထားပါတယ်။ အဆိုပါနိုင်ငံများက
နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီနဲ့ ချေးငွေတွေယူခဲ့ပေမယ့် အဲဒီငွေ တွေ၊
အကူအညီတွေနဲ့သူတို့ တိုင်းပြည် ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် လုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံက အုပ်စိုးသူ အစိုးရအဆက်ဆက်က တော့ ကိုယ့်အိတ်ကပ်ထဲ
ကိုယ်ထည့် ခဲ့ကြတာဖြစ်ပါတယ်။
“ခေတ်အဆက်ဆက်က
တင်ကျန်ခဲ့တဲ့ အကြွေး” ဆိုပြီး သွားလေသူ အစိုးရအဆက်ဆက် ဖြစ်တဲ့ (ဖဆပလ) (မဆလ)
(နဝတ-နအဖ) တို့ကိုနဲ့ တွဲလိုက်ပါသေးတယ်။ အမွေခံ ဆိုတာမှာ
ကောင်းမွေ ဆိုးမွေးခံကြ ရမှာပေါ့။
(ဖဆပလ) အစိုးရ ကလည်း
“လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ ဝင်ငွေ ၈၀၀” ရစေရမယ်ဆိုပြီး၊
“ပြည်တော်သာရမည်” လို့ ကြွေးကြော် ခဲ့ဖူးတာပါပဲ။ နောက်ဆုံးမှာ ခြတောထဲ
ထင်းရှူးသေတ္တာ ချလိုက်သလို အဟောသိကံ ဖြစ်ခဲ့ရပါတယ်။ ပြည်တော်သာတဲ့ ဘဝမရောက်ဘဲ၊
“ပြည်တော်မသာ” တဲ့ဘဝ ကျရောက်ခဲ့ရပါတယ်။
ဗိုလ်နေဝင်း (မဆလ)ပါတီ အစိုးရကလည်း“မြန်မာ့ဆိုရှယ်လစ်လ မ်းစဉ်နဲ့ဆိုရှယ်လစ် လောကသစ်”ကို
ချီတက်ခဲ့ရာမှာ တိုင်းပြည် ဆင်းရဲပြည်သူမွဲ ဖြစ်ခဲ့ရပြီး၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ
(LDC) ဘဝရောက် ခဲ့ရတယ်။
(နဝတ-နအဖ) စစ်အစိုးရ
အုပ်စိုးခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလမှာ
“ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီး” ဆိုတာ ကလည်း
ကြွားလုံးမျှသာ ဖြစ်ခဲ့ပါတယ်။ ထူးမခြားနား ဒုံရင်း၊
ဒုံရင်းပါပဲ။ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ (LDC) ဘဝကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။
ပြည်သူတွေဟာ ဆင်းရဲမြဲ ဆင်းနေဆဲပဲ ဖြစ်ပါတယ်။
ဒါ့အပြင်
တိုင်းရင်းသားပြည်သူများဟာ (နဝတ-နအဖ) စစ်အစိုးရ အုပ်စိုးခဲ့တဲ့ နှစ်ပေါင်း၂၀ကျော်ကာလ
အတွင်းမှာ (ဖဆပလ)၊ (မဆလ)ခေတ်တွေမှာ မကြုံဖူးခဲ့တဲ့၊ အတွေ့အကြုံသစ် ဖြစ်တဲ့၊
တိုင်းပြည်ကနေ ထွက်ပြီး အိမ်နီး၊ အိမ်ဝေးနိုင်ငံတွေဆီကို အလုပ်သမားတွေ အဖြစ်
အုံနဲ့ကျင်းနဲ ထွက်ခွာကြရတဲ့ ဘဝကို ဆိုက်ရောက်ခဲ့ရပါတယ်။
(ဖဆပလ)၊ (မဆလ)၊ (နဝတ-နအဖ)
ခေတ်တွေမှာ ပြည်သူတွေဟာ နူရာဝဲစွဲ၊ လဲရာသူ ခိုးထောင်းဆိုသလို ဆင်းရဲမြဲဆင်းရဲပြီး၊
မွဲတေနေခဲ့ပေမယ့် (ဖဆပလ) (မဆလ) (နဝတ-နအဖ) စစ်အစိုးရ ထိပ်သီးတွေ၊ သူတို့နဲ့
အမြီးစားဖက် ခေါင်းစားဖက်၊ လိုင်စင်သူဌေးတွေ၊ “တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်”
ဆိုသူတွေ၊ခရိုနီတွေသာ ကျိကျိတက် ချမ်းသာခဲ့ကြပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေး
အသက်သွေးကြောမှန်းသမျှ သူတို့ကိုယ်တိုင် သို့မဟုတ် သူတို့ သားသမီးတွေ၊ ခရိုနီတွေက
အုပ်စီး ထားကြပါတယ်။
သမ္မတ(ဗိုလ်) ဦးသိန်းစိန် အနေနဲ့
အဖြစ်မှန်တစ်ခုကို အခုလို ဖော်ထုတ် ဝန်ခံသွားတာလည်း သတိပြုမိလိုက်ပါတယ်။
“ပြည်သူအများစုဟာ စာဝတ်နေရေးအတွက်
တစ်ဘဝလုံး ပင်ပန်းကြီးစွာ ရုန်းကန် ဆောင်ရွက်ရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့
မိသားစုကို နွေးထွေးလုံခြုံစေမယ့် ကိုယ်ပိုင် အိမ်တစ်လုံးတောင်မှ မပိုင်ဆိုင်နိုင်ဘဲ
ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိနေပါတယ် တဲ့”
သမ္မတ(ဗိုလ်) ဦးသိန်းစိန်ရဲ့
အခုလိုဖေါ်ထုတ်ဝန်ခံသွားတဲ့အချက်ဟာ (ဖဆပလ)ခေတ်၊ (မဆလ)ခေတ်၊ (နဝတ-နအဖ) စစ်
အစိုးရခေတ်နဲ့ ယနေ့ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ ခေတ်အထိ ခေတ်အဆက်ဆက်မှာ
ပြည်သူအများစုကြီးကြုံတွေ့ခဲ့ကြ ရတဲ့ လက်တွေ့ဘဝဖြစ်ပြီး၊ ခေတ်အဆက်ဆက် ဆင်းရဲတွင်းက
ရုန်းမထွက်နိုင်ခဲ့ဘဲ၊ တစ်ခေတ်ထက်တစ်ခေတ် ဖွတ်သထက် ညစ်လာရတဲ့၊ လှော်ရင်းနစ်ခဲ့ရတဲ့
နာကျင်စရာကောင်းလှတဲ့ ဖြစ်ရပ်မှန်ပဲဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်မှန်နဲ့ အပြိုင်တည်ရှိနေတဲ့
အခြားဖြစ်ရပ်မှန်များကတော့ ခေတ်အဆက်ဆက် ပြည်တွင်းစစ်ကြီး ဆက်လက်ဖြစ်ပွား
တည်ရှိနေတာ၊ အုပ်စိုးသူ အဆက်ဆက်ဟာ ပြည်တွင်းစစ်နဲ့စီးပွားဖြစ်ခဲ့၊
စီးပွားတက်ခဲ့ကြတာ၊ မှားယွင်းတဲ့ပေါ်လစီနဲ့စီမံခန့်ခွဲမှုတွေ ကို
အတောမသတ် လုပ်ဆောင်ခဲ့ကြတာနဲ့ အကျင့်ပျက် လာဘ်စားမှုတွေကို တရားဝင် လုပ်ငန်းတစ်ခုသဖွယ်
လုပ်ဆောင်ခဲ့ကြတယ်ဆိုတဲ့ ဖြစ် ရပ်တွေပဲဖြစ်ပါတယ်။
သမ္မတ(ဗိုလ်)
ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ လက်ထက်မှာလည်း စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်သစ်တွေရဲ့
မိသားစုတွေနဲ့ ခရိုနီတစ်စုသာ တိုင်းပြည်ရဲ့ အသက်သွေးကြော လုပ်ငန်းမှန်သမျှကို
လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားကြပြီး၊ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာနေတာဖြစ် ပါတယ်။
ပြည်သူလူထု အများစုကြီးကတော့ ကုန်းကောက်စရာမရှိ အောင်မွဲတေ နေဆဲဖြစ်ပါတယ်။
တိုင်းပြည် လူဦးရေရဲ့ လူများစုကြီးဖြစ်တဲ့၊
အဓိကလုပ်သား အင်အားစုဖြစ်တဲ့ တောင်သူလယ်သမားများအတွက် လယ်ယာ အမတော်
ကြေး(စိုက်ပျိုးစရိတ်ချေးငွေ) လုံလောက် ပြည့်မီအောင် ထုတ်ချေးနိုင်ခြင်းမ ရှိသေးတဲ့
သမ္မတ(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရ ဟာ ဆင်းရဲမွဲတေမှုကို
ဘယ်လိုများ လျှော့ချမှာလိမ့်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝကနေ
ဘယ်လိုရုန်းထွက်မှာပါလိမ့်။
သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့
အစိုးရလက်ထက်မှာလည်း ပြည်တွင်းစစ် ဆက်လက် တည်ရှိနေပါတယ်။ မှားယွင်းတဲ့ ပေါ်လစီနဲ့
စီမံခန့်ခွဲမှုတွေ ဆက်လက် တည်ရှိနေပါတယ်။
အကျင့်ပျက် လာဘ်စားမှုတွေလည်း တည်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီကိစ္စတွေကို
ပြီးပြတ်ပြေလည်အောင် ဖြေရှင်းခြင်းမရှိလျှင် ဆင်းရဲတွင်းကနေ လွတ်ကင်းဖို့
မဖြစ်နိုင်ပါ။
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ (LDC)
ဘဝကနေ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပါ။
ညွန်း -
သမ္မတဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း ၊ မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီ
၁ ရက်
-
“ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံအပေါ်တင်ရှိနေသော အာရှဖွံ့ဖြိုးရေးဘဏ်၏
ကြွေးမြီများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်” မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ ခုနှစ်၊
ဇန်နဝါရီလ ၁၈၊
0 comments:
Post a Comment