၂၀၁၃ ဇန်န၀ါရီ (၄)ရက်။
KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တွင် (၂) လခွဲကြာပြုလုပ်ခဲ့သော စစ်သင်တန်း ကျောင်းဆင်းပွဲ (၃/၂၀၁၂) ပြုလုပ်ခဲ့ကြောင်းသတင်း ရှိရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘလ (၂၀) ရက်နေ့တွင် စတင်ခဲ့ပြီး ဇန်န၀ါရီ ၃ ရက်နေ့တွင် သင်တန်းသား ၃၀၉ ယောက်ဖြင့် သင်တန်း ဆင်းခဲ့ခြင်း ဖြစ်ပါသည်။
သင်တန်းသား အများစုမှာ ကချင်လူငယ်များ ဖြစ်ကြပြီး ရခိုင် ၃၃ ဦး၊ ချင်း ၁ ဦး၊ ရှမ်း ၄ ဦး၊ ပလောင် ၂ ဦး ပါဝင်ကြောင်း သင်တန်း တာဝန်ခံ ကရှင်းပြပါသည်။ ယခု သင်တန်းသည် တပ်ရင်း (၆) တွင်ပြုလုပ်သော ၁၂ ကြိမ်မြောက် သင်တန်းဖြစ်ပြီး ဆက်လက်၍ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း၊ သင်တန်းအစတွင် သင်တန်းသားများအား ၁၀ ရက်ခန့် သမ္မာကျမ်းစာနှင့် ဧ၀ံဂေလိတရားများကို ဦးစွာသင်ကြားပြီးနောက် အခြေခံ စစ်ပညာနှင့် စစ်ဗျူဟာများကို စာတွေ့လက်တွေ့ သင်ယူစေကြောင်း တာဝန်ခံက ဆက်ရှင်းပြပါသည်။
ဤသင်တန်းဆင်းပွဲသည် ယခင်နှင့် မတူ တမူထူးခြားစွာ စစ်ရေးပြအခမ်းအနားဖြင့် စတင်ခဲ့ပြီး၊ တပ်ရင်း(၆) တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲမှ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပ့ါသည်။ စစ်ဘင်ခရာ သံစုံတီးဝိုင်း၏ မြူးကြွသော တေးသံများ၊ တက်ကြွနေသော သင်တန်းသားများနှင့်
“ဘုရားသခင်သာ အောင်နိုင်ခြင်းရဲ့အရှင်…” “ မင်းတို့ အိမ်ရှင်လား၊ ဧည့်သည်လား ….” “ အိမ်ရှင်ပါ….” “ အိမ်ရှင်ဆိုရင် အိမ်ရှင်စိတ်ဓါတ်မွေးရမယ်… ဧည့်သည်စိတ်ဓါတ်ကို ဖျောက်ရမယ်…” “ လူမျိုးကိုတိုက်နေတာမဟုတ်ဘူး… မူကို မကြိုက်လို့တိုက်နေတာ..” စသည့် မိန့်ခွန်းသံများသည် သင်တန်းဆင်းပွဲအားပို၍ အသက်ဝင်စေ ပါသည်။ သင်တန်းဆင်းပွဲအား နေ့လည် ၁၂ နာရီခွဲခန့်တွင် အဆုံးသတ်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် ကျွေးမွေး ဧည့်ခံခဲ့ပါသည်။
Copy from - Jinghpaw kasa
0 comments:
Post a Comment