Tuesday, January 22, 2013

သမ္မတရဲ့ အမိန့်ကို တပ်ချုပ် မသိချင်ယောက်ဆောင်ပြီး KIA ကို ဆက်တိုက်နေပြီလော....


မြန်မာ့ တပ်မတော် ခြေလျင်၊ အမြောက်နှင့် တင့် ပူးတွဲ စစ်ဆင်ရေး စစ်ရေး လေ့ကျင့်မှုမှာ တွေ့ရတဲ့ ၁၀၅ မမ အမြောက်ကြီးများ (ဓာတ်ပုံ - mmmilitary)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၁၉-၁-၂၀၁၃ ရက်နေ့ နံနက် ၆ နာရီမှ စပြီး တပ်မတော်ကို အပစ်ရပ် ခိုင်းကြောင်း ဖိုရမ်ဖွင့်ပွဲ အခမ်းအနား တစ်ခုမှာ အတိအလင်း မိန့်ကြားသွားသလို အစိုးရမှာလည်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်မြေပြင်မှာ အကြိတ်အနယ် နီးကပ်စွာ ရင်ဆိုင်တိုက်ခိုက် နေရတဲ့ နှစ်ဖက်တပ်များ အနေနဲ့ ရုတ်တရက် အပစ်ရပ်ဖို့ အခက်အခဲ ရှိနိုင်ကြောင်း သမ္မတရဲ့ အပစ်ရပ်ဖို့ အမိန့်နဲ့ အားပြိုင်လျက် ရှိနေတဲ့ သတင်းကို ဤဝက်ဘ်ဆိုဒ်က တင်ပြသွားခဲ့ပြီး ဖြစ်ပါတယ်။ ၁၉ ရက်နေ့ စနေနေ့ နှင့် ၂၀ ရက်နေ့ တနင်္ဂနွေနေ့ နှစ်ရက်လုံးလုံး ကချင်ပြည်နယ်မှာ ယမ်းငွေ့တွေနဲ့ ဝေပြီး သေနတ်သံ၊ အမြောက်သံ များဖြင့် ဗျောင်းဆန်နေကြောင်း KIA နှင့် နီးစပ်သူများနှင့် မြစ်ကြီးနား မြို့ခံများထံမှ သတင်းပေးပို့ လာပါတယ်။

၁၉-၁-၂၀၁၃ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ တပ်မတော်မှ ရဟတ်ယာဉ်နှစ်စီးက တပ်မတော်မှ သိမ်းပိုက် လိုက်တဲ့ Bum Re Bum စခန်းကုန်းရှိ ၂၃ လို့ ခေါ်တဲ့ ဘောလုံးကွင်းသို့ ရောက်ရှိလာပြီး တပ်မတော်မှ ကျဆုံး သွားတဲ့ အလောင်းများနှင့် ဒဏ်ရာရ လူနာများကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ မြစ်ကြီးနား စစ်ဆေးရုံမှာ စစ်တပ်ဘက်မှ ဒဏ်ရာရလူနာများ အလွန်များနေလို့ မဆန့်သဖြင့် မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင် ကုသနေပါတယ်လို့ ဆိုပါတယ်။ အဲဒီ ၁၉ ရက်နေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ Janmani စခန်း ဧရိယာတ၀ိုက်မှာ အမြောက်သံ နှစ်ချက်၊ သုံးချက်ခန့် ကြားရကြောင်း သိရပါတယ်။

KIA မှ မဆုတ်တမ်း ခံစစ် ဖြစ်တဲ့ Hka Ya Bum စခန်းဟာ လိုင်ဇာဧရိယာ တဝိုက်မှာ အမြင့်ဆုံး တောင်ကုန်း ဖြစ်ပြီး လိုင်ဇာကို စိုးမိုးထားတဲ့ အချက်အခြာ တောင်ကုန်းဖြစ်ပါတယ်။ အဲဒီစခန်းသာ ကျသွားပါက KIA အနေနဲ့ ရပ်တည်ဖို့ မလွယ်ကူတော့သလို လိုင်ဇာကို တပ်မတော်က လုံးဝ ထိန်းချုပ် ရသွားနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါကြောင့် ၁၉ ရက်နေ့ နေ့လယ် ၁၄း၀၀ နာရီမှ ည ၂၀း၀၀ နာရီထိတိုင်အောင် Bum Re Bum စခန်းမှ အမြောက်ကြီးများနဲ့ Hka Ya Bum စခန်းကို အကြိမ် ၁၀၀ ထက်မနည်း ပြင်းပြင်း ထန်ထန် ပစ်ခတ်တယ်လို့ သိရပါတယ်။ ၂၀ ရက်နေ့ ၀၇း၀၀ နာရီမှ ၀၉း၀၀ နာရီအထိ အမြောက်ကြီးများ လက်နက်ကြီး များဖြင့် သာမက ခြေလျင်ထိုးစစ် စတင်ခဲ့ကြောင်း သိရှိရသည်။ တဖန် တိုက်လေယာဉ်များနှင့် ၁၂း၀၀ နာရီမှ ၁၃း၀၀ နာရီ အထိ တစ်ကြိမ် ၁၆း၃၀ နာရီမှ ၁၇း၀၀ နာရီ အထိ တစ်ကြိမ် Hka Ya Bum ကို ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း သိရှိရပါတယ်။ တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး တပ်မတော်မှ အဲဒီ တောင်ကုန်းကြီးကို ၂၀ ရက်နေ့ ၂၀း၀၀ ချိန် သတင်းပို့တဲ့ အချိန်အထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ တောင်ခြေ မှာပင် ရှိနေ သေးကြောင်း သိရှိရပါတယ်။ Hka Ya Bum ဧရိယာ တစ်ဝိုက်မှာ လေယာဉ် ဗုံးကြောင့် သတင်းပို့တဲ့ KIA စစ်သည် ပတ်ဝန်းကျင်မှာပင် KIA စစ်သည် ၅ ဦး ထိမှန်ခဲ့ရာ လေးဦးကျဆုံးပြီး တစ်ဦး လိုင်ဇာ ဆေးရုံသို့ ပေးပို့လိုက်ရကြောင်း သိရှိရပါတယ်။ အဲဒီ ခံစစ်ကုန်းမှာ KIA အင်အား ၅၀၀ ခန့် ရှိနေပြီး တပ်မတော်မှ အင်အား ၁၅၀၀ ကျော်ဖြင့် တိုက်စစ်ဆင်နေကြောင်း ဘတပြန် ကျားတပြန် သဲသဲ မဲမဲ တိုက်ခိုက် နေတယ်လို့ သိခဲ့ရပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မလေးရှားမှ ပြန်လာပြီးတာနဲ့ ပီတိဖြာချိန် မရဘဲ ကက(ကြည်း) စစ်ဆင်ရေး အခန်းသို့ အမောတကော ဝင်ရောက်ကာ မြေပုံနဲ့ နပန်းလုံး နေရကြောင်းနဲ့ သမ္မတကို ဘယ်လိုဖြေရှင်း တင်ပြရမလဲ ဆိုတာကတော့ ကာယကံရှင်သာ အသိဆုံးသာ ဖြစ်ပါကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org ကို သတင်း ပေးပို့ပါတယ်။

Copy from - photayokeking.org

0 comments: