တူမောင်ညို၊ ဇန်နဝါရီလ ၉၊ ၂၀၁၃
(KNU)နှင့်(KIO)တို့သည် တစ်ချိန်တစ်ခါက
သီးခြားနိုင်ငံထူထောင်ရေး ကြွေးကြော်ခဲ့ကြဖူးသည်။ (ကော်သူလေး/ ဝင်ပေါင်သမ္မတ
နိုင်ငံ)။ ယခုအခါ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု
(ဝါ) ပြည်ထောင်စုစစ်စစ်ကို တောင်းဆို လာခဲ့ကြပြီဖြစ်သည်။ ကရင်တော်လှန်ရေးသည် ၁၉၄၉
တွင် စတင်ခဲ့ပြီး၊ ကချင်တော်လှန်ရေးကား ၁၉၆၁ တွင် စတင်ခဲ့သည်။
(KNU)
နှင့် (KIO) တို့သည် တစ်ချိန်က အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ) ၏
ပင်မအင်အားစုများအဖြစ် လက်တွဲညီခဲ့ ကြသည့် ညီနောင် တိုင်းရင်းသား
မဟာမိတ်များလည်းဖြစ်ကြသည်။ ထို့အပြင် နောက်ဆုံးပေါ် တပ်ပေါင်းစုဟုပြောဆိုနိုင်သည့်
(UNFC) ၏ “အခြေခံအဖွဲ့အစည်း” များလည်းဖြစ်သည်။ (UNFC)
“ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ” ကို ၂၀၁၁ ခုနှစ်က
ဖွဲ့စည်းခဲ့သည်။
ဖက်ဒရယ်ပြည်ထောင်စု (ဝါ) ပြည်ထောင်စုစစ်စစ် ကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲတွင်
မည်သည့်အခါမျှ တည်ဆောက်၍ ရနိုင်လိမ့်မည်မဟုတ်ပါ။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ်( SNLD) ဥက္ကဋ္ဌ
ခွန်ထွန်းဦးက “ဒီ Constitution နဲ့ သွားမယ်ဆိုရင် တိုင်းရင်းသား
တွေအားလုံး ရချင်တဲ့စစ်မှန်တဲ့ ဖက်ဒရယ်မူဆိုတာ မဖြစ်လာနိုင်ဘူးဗျ” ဟု
ပြောသည်။
“ရနိုင်သည်၊ ရလိမ့်မည်၊ ရနိုင်ကောင်းသည်၊
တဖြည်းဖြည်းခြင်း တည်ဆောက် သွားနိုင်ပါလိမ့်မည် ”စသဖြင့် ထင်မြင်ယူဆခြင်း သည်လည်း
ထင်ယောင်မှားမှု၊ စိတ်ကူးယဉ်မှု၊ အလှည့်စား ခံရမှုသာ ဖြစ်ပါလိမ့်မည်။
“မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်”၊
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”တို့ ဖြစ်ခဲ့သဖြင့် ၂၀၀၈ အခြေခံ ဥပဒေဘောင်ထဲတွင်
“စည်းကမ်းပြည့်ဝသော ဖက်ဒရယ်ပြည်ထောင်စု” တော့ ဖြစ်ကောင်း ဖြစ်နိုင်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်
ဆွေးနွေးမှု
လွန်ခဲ့သော ဇန်နဝါရီလ ၅ ရက်နေ့ တွင် (KNU) ဥက္ကဋ္ဌ
ဦးဆောင်သောအဖွဲ့နှင့် သမ္မတ (ဗိုလ်) ဦးသိန်းစိန် တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
သမ္မတရုံး၌မဟုတ်။ သမ္မတအိမ်တော်၌မဟုတ်။ တောင်သူပညာပေးဧက ၅၀၀ စိုက်ခင်းရှိ
အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခြင်းဖြစ်သည်။
(KNU)
ဥက္ကဋ္ဌ က သမ္မတ (ဗိုလ်) ဦးသိန်းစိန်ကို ကရင်အမျိုးသားတို့၏ အမြတ်တနိုး ရိုးရာဝတ်စုံ
ကရင်သင်တိုင်းအင်္ကျီ ကို လက်ဆောင်ပေးသည်၊
ကိုယ်တိုင်ကိုယ်ကျဝတ်ဆင်ပေးသည်။
ထိုအချိန်တွင် ကချင်ပြည်နယ်၌ စစ်တပ်က (KIA)ကို
ထိုးစစ်ဆင်နေသည်၊ ဝေဟင်မှ တိုက်လေယာဉ်ဖြင့် ပစ်ကူ ပေးနေသည်။ မြေပြင်မှ ၁၂၀မမ၊ ၁၀၅ မမ
အမြောက်ကြီးများဖြင့် ပစ်ခတ်နေသည်။ ထို့ပြင် (KIO)လိုင်ဇာဌာနချုပ် အတွက် အဓိက
စခန်းထောက် ပွိုင့် ၇၇၁ တောင်ကုန်းကို ပူပူနွေးနွေး သိမ်းယူပြီးကာစ
အချိန်လည်း ဖြစ်နေသည်။
ကံကြမ္မာ၏
ကျီစယ်မှုဟု ပြောရမလားမသိ။ ၁၉၉၄ ခုနှစ်တွင် (KIO) သည် (နဝတ-နအဖ)
စစ်အစိုးရနှင့် စေ့စပ်ကာအပစ်ရပ် သွားခဲ့သည်။ ထိုအချိန်၌ (KNU) ဌာနချုပ် မာနယ်ပလောကို
ထိုးစစ်များ ဝင်နေခဲ့သည်။
(KNLA)နှင့်အတူ ကျောင်းသား တပ်မတော်(ABSDF) အပါအဝင်
မဟာမိတ်တပ်ဖွဲ့များက မာနယ်ပလော ကာကွယ်ရေးအတွက် အတူတကွ တိုက်ပွဲဝင်ခဲ့ကြသည်။ ထို့နောက်
(သံလွင်- သောင်ရင်း) မြစ်ဆုံ အရေးအခင်း၊ မာနယ်ပလော ကျသွားခြင်း၊ (DKBA) ကွဲထွက်မှု
စသဖြင့် ဖြစ်ရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။
ယခုတော့
(KIO)ဌာနချုပ် လိုင်ဇာကို ထိုးစစ်တွေ ဝင်နေသည်။
တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းခံနေသည်။ လိုင်ဇာခုခံစစ်တွင် ကျောင်းသားတပ်မတော် (ABSDF) (မြောက်ပိုင်း) မှ
ရဲဘော်အောင်ထွန်းလင်း ဇန်နဝါရီလ ၄ ရက်နေ့က ကျဆုံးသွားခဲ့သည်။
(ဗိုလ်)ဦးသိန်းစိန်က (KNU) ဥက္ကဋ္ဌ အား ပြောလိုက်သောစကားတွင်
“နိုင်ငံရေးအဆင့် ဆွေးနွေးရာတွင် လွှတ်တော်သည် ဆွေးနွေးရန် အကောင်းဆုံးနေရာ”
ဟု ပြောခဲ့သည်။
ဤသို့ပြောဆို လိုက်ခြင်းမှာ “၂၀၀၈ အခြေခံဥပဒေကိုလက်ခံ -
လက်နက်စွန့်- ဥပဒေ ဘောင်ထဲဝင် - ပါတီထောင် - ၂၀၁၅ ရွေးကောက်ပွဲဝင် -
ရွေးချယ်ခံရလျှင် လွှတ်တော်ထဲရောက်မည် ” ဆိုသည့် စကားတွေကို
ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ လိုရင်း တိုရှင်း ပြောလိုက်ခြင်းသာ ဖြစ်သည်။ ယင်းမှာ
အုပ်ချုပ်ရေး ထိပ်သီး သမ္မတ၏ ပြောစကားဖြစ်သည်။
စစ်တပ်ထိပ်သီး၏ပြောစကားကိုလေ့လာကြည့်ပါ။
ကာချုပ်
ဗိုလ်မင်းအောင်လှိုင်နှင့်(KNU) တွေ့ဆုံခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်ဟု (KNU)
တာဝန်ရှိသူက ပြောသည်။ (KNU) ဘက်က မြေပြင်တွင် နှစ်ဖက် စစ်တပ်များ၏
လှုပ်ရှား သွားလာမှုနှင့် ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (code
of conduct) ညှိနှိုင်းထား လိုကြောင်း ပြောသည်။
ဗိုလ်မင်းအောင်လှိုင်က “စည်းကမ်းဆိုသည့် ဘောင်ကန့်ထားပါက
စည်းခြား ထားသလိုဖြစ်ပြီး အတားအဆီး တစ်ခုဖြစ်သွားနိုင် ကြောင်း၊ စည်းကမ်းထက်
ပူးပေါင်းဆောင်ရွက်ပါက ပိုမိုလေးနက်မည်” ပြောကာ (KNU) ၏ အဆိုပြုချက်ကို
ပယ်ချလိုက်သည်။
ကာချုပ်က
ပယ်ချထားသည့် အချက်ကို မည်သူက လက်ခံ သဘောတူမည်နည်း။
စစ်တပ်သည် သူတို့လှုပ်ရှားမှုကို မည်သည့်အခါမျှ အချုပ်အငင် မခံချေ။
သူတို့ကသာ အခြားတပ်ဖွဲ့များကို ဝိုင်းပတ်ချုပ်ငင် ထားလိုသည်။ နယ်မြေတစ်ခုထဲတွင်
ထိန်းချုပ်ထားလိုသည်။ ထို့အပြင်လက်ရှိ စစ်တပ်သည် “ပြည်ထောင်စု တပ်မတော်ဖြစ်သည်”
ဟုပင် ပြောလိုက်သည်။ ဤအချက်က သူတို့သည် တစ်နိုင်ငံလုံး
သူတို့သွားလိုသည့် နေရာများသို့ စိတ်ကြိုက်သွားမည် မည်သူ့ ချုပ်ငင်မှုမျှမခံ ဟု
ဆိုခြင်း ဖြစ်သည်။
(KNU)
နှင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းများ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီဟု
ဗိုလ်မင်းအောင်လှိုင် ကဆိုသည်။
အပစ်ရပ်ပြီးလျှင် နိုင်ငံရေး ဆွေးနွေးကြရမည်။ နိုင်ငံရေးအရ
ဆွေးနွေးပြေလည်မှသာ အပစ်အခတ် ရပ်စဲရေးအာမခံချက်ရှိပြီး ထာဝရငြိမ်းချမ်းရေးသို့
တက်လှမ်းသွား နိုင်လိမ့်မည်။ “နိုင်ငံရေးဆွေးနွေးရန် လွတ်တော်သည် အကောင်းဆုံးနေရာ”
ဟု သမ္မတက ပြော နေသည်။ ကာချုပ်ကလည်း (code of conduct) ဆိုသည်များကို
ငြင်းပယ်ထားပြီ။ သို့ဆိုလျှင် မည်သို့ ရှေ့ခရီးဆက်ကြမည်နည်း။
ကချင်ပြည်နယ်ကဖြေရှင်းမှု
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏
ကြေညာချက်ကို အစိုးရပိုင် သတင်းစာများနှင့် စစ်တပ်ပိုင် မြဝတီသတင်းစာ တွင်
ဖေါ်ပြခဲ့သည်။ ကြေညာချက် အပြည့်အစုံကိုမူ စစ်တပ်ပိုင် မြဝတီဝဘ်ဆိုဒ်တွင်
ဖေါ်ပြထားသည်။
ထို့အပြင် (KIA) ရန်မှ ကာကွယ်ရန်/ တိုက်ခိုက်ရန် အတွက်
ကချင်ပြည်နယ် အတွင်းရှိ တိုင်းလိုင်(ရှမ်းနီ) ကျေးရွာများတွင် စစ်တပ်က
ပြည်သူ့စစ်များ ဖွဲ့စည်းပေးကာ လက်နက် တပ်ဆင်ပေးနေသည်။
ထိုသို့ ပြည်နယ် တစ်ခုတည်းအတွင်း အတူတကွနေနိုင်နေကြသည့်
တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့် တစ်မျိုး ရန်တိုက်ပေးသည့်၊ ထိုးဆွပေးသည့်
လုပ်ရပ်ဆိုးများ လုံးဝ မလုပ်သင့်ပါ။ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး
ပိုမို နာကျည်း မုန်းတီးသွားအောင် မပြုသင့်ပါ။ ယင်းသို့သော လုပ်ရပ်ဆိုးကို
စစ်တပ်က ဦးဆောင်ပြီး လုပ်နေသည်။
ရှမ်းနီများကို ပြည်သူ့စစ်ဖွဲ့၊ သင်တန်းပေး၊
လက်နက် တပ်ဆင်ပေးပြီး (KIA) နှင့် ဦးတည် ပေးနေသည်။
တိုင်းလိုင်(ရှမ်းနီ)
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီအနေဖြင့်လည်း ဤလုပ်ရပ်ကို ကန့်ကွက်သင့်သည်။
အားပေးအား မြှောက် မပြုသင့်ပါ။ အသုံးချ မခံရအောင်လည်း သတိရှိသင့်သည်။
ရှည်ရှည်ဝေးဝေး ကြည့်သင့်လှသည်။ ကချင်ပြည်နယ်အတွင်းတွင် ကချင်များ ၊
ရှမ်းနီများနှင့် အခြားသော တိုင်းရင်းသား လူမျိုးများသည
်အရှည်သဖြင့်အတူတကွ နေထိုင်သွားကြရမည့်သူများ ဖြစ်ပါသည်။
သို့ပါ၍
တိုင်းရင်း သားအချင်းချင်း နာကျည်း မုန်းတီးကာ မီးခိုးမဆုံးမိုးမဆုံး
သွေးထွက် သံယိုဖြစ်မည့် ဖြေရှင်းနည်းမျိုးကို လုံးဝ မကျင့်သုံးသင့်ပါ။
စစ်တပ်၏
ဤလုပ်ရပ်သည် ဆိုးဝါးယုတ်မာသော လုပ်ရပ်ဖြစ်သည်။ အိမ်ကြက်ခြင်း အိုးမဲသုတ်ပေးသော
လုပ်ရပ်ဖြစ်သည်။ (ဗိုလ်)ဦးသိန်စိန် အစိုးရသည် ဤလုပ်ရပ်ကို လက်ပိုက်ကြည့်နေသလော၊
သို့တည်းမဟုတ် ပေါ်လစီ တစ်ရပ်သဖွယ် ကျင့်သုံးရန် ညွန်ကြား
ချက်ပေးထား လေသလော။
စစ်တပ်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲရှိသည်ဟု
၂၀၀၈အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသဖြင့် ယင်းကိစ္စကို မည်သူမျှ မေးခွန်းမထုတ်နိုင်/
မတားနိုင် / မဆီးနိုင် ဖြစ်ရသလော ဆိုသည်ကို မကြာမီ ကျင်းပတော့မည့် လွှတ်တော်ထဲတွင်
မေးခွန်းထုတ်ရမည်။
(နဝတ-နအဖ)စစ်အစိုးရအုပ်စိုးသည့်ကာလသည်
တိုင်းရင်းသားအဖွဲ့အစည်းများ စံချိန်တင်အောင် ပြိုကွဲခဲ့သော၊ ကွဲအက်၊ ခွဲ
ထွက်ကြသောကာလလည်းဖြစ်ပါသည်။
(နဝတ-နအဖ) စစ်အစိုးရ အုပ်စိုးခဲ့သည့်ကာလတွင်
တိုင်းရင်းသားများကို ဖိနှိပ် သတ်ဖြတ်ခဲ့သည် သာမက အစိတ်စိတ် အပိုင်း ပိုင်းကွဲအက်၊
ခွဲထွက်လာအောင် သွေးခွဲ သပ်လျှိုဖြိုခွဲခဲ့သည်။ ကွဲထွက်လာသမျှ
တိုင်းရင်းသား အဖွဲ့အစည်းမှန်သမျှကို စစ်အစိုးရသည် သူ့၏ ခါးပိုက်ထဲ ထည့်ထားခဲ့သည်။
လိုသည့်အခါ ထုတ်သုံးခဲ့သည်။ မကွဲဘူးမခွဲဘူးသည့် တိုင်းရင်းသားအဖွဲ့ အစည်း မရှိသလောက်
ရှား ပါသည်။
ခွဲထွက်လာသူတိုင်းကို
မိခင်အဖွဲ့အစည်းနှင့် ပြန်လည် ပူးပေါင်းရန်၊ ညီညွတ်ရန် စစ်အစိုးရသည် မည့်သည့်အခါမျှ
လုပ်ဆောင်ခဲ့ ခြင်းမရှိပါ၊ တိုက်တွန်း ပြောဆိုခြင်းပင်မရှိခဲ့ပါ။
မတိုက်တွန်း ခဲ့သည့်အပြင် ပိုမို နာကျည်း မုန်းတီးသွားအောင်သာ သပ်လျှိုပေးခဲ့သည်။
သို့ဖြင့် “တိုင်းရင်းသားခေါင်းဆောင်” ဆိုသူတို့မှာ
စစ်အစိုးရ၏ အသုံးချခံ၊ လက်ကိုင်ဒုတ် ဘဝသို့ ကျရောက်ခဲ့ကြရသည်။ ယင်းသို့သော
အတွေ့အကြုံ၊ သာဓကမျိုး မကြုံဖူး/မရှိဖူးသည့် တိုင်းရင်းသားအဖွဲ့
မရှိသလောက်ရှားပါသည်။
(ဗိုလ်)
ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် (နဝတ-နအဖ) စစ်အစိုးရ၏ အမွေစားအမွေခံ
အစိုးရသာ ဖြစ်ပါသည်။
သတင်းရင်းမြစ် - မိုးမခ
ညွန်း
-
(UNFC) ဖွဲ့စည်းပုံအခြေခံဥပဒေ
-
မြန်မာတိုင်းမ်၊ ၂၇ ဒီဇင်ဘာ ၂၀၁၂
-
မြန်မာ့အလင်းသတင်းစာ၊ ၆ ဒီဇင်ဘာ ၂၀၁၃
-
မြဝတီသတင်းစာ၊ ၇ ဇန်နဝါရီ ၂၀၁၃
0 comments:
Post a Comment