Saturday, January 26, 2013

ရခိုင်ပြည်နယ် မောင်တောနယ်စပ် န.စ.က အဖွဲ့ပိုင် ကားတစ်စီး မီးရှို့ခံရ

 
ရခိုင်ပြည်နယ် မောင်တောနယ်စပ် ဗန္ဓုလ န.စ.က နယ်မြေအပိုင် နယ်ခြားမှတ်တိုင် အမှတ် ၄၉ နဲ့ ၅၀ ကြားမှာ မနေ့ ဇန်နဝါရီလ ၂၄ ရက်က ညနေ ၅ နာရီလောက် အချိန်မှာ လုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့ အစိုးရ GE ဆောက်လုပ်ရေး တပ်ဖွဲ့ပိုင် ကားတစ်စီးကို RSO မူဆလင် လက်နက်ကိုင် အကြမ်းဖက်သမားတွေလို့ ဒေသခံ အာဏာပိုင်တွေက ယူဆထားသူတစ်စုက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီး သွားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံ နယ်နိမိတ်ဘက်ကို ကျူးကျော် ဝင်ရောက် အကြမ်းဖက် ခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေး တပ်သားတွေက ထွက်ပြေး လွတ်မြောက် သွားတဲ့အတွက်   ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိခဲ့ဘူးလို့ မောင်တောအခြေစိုက် နယ်စပ်ဒေသ လူဝင်မူစစ်ဆေး ကွပ်ကဲရေးဌာနချုပ် ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ဆီက ခြံဆီးရိုး ကာနေတဲ့ အဖွဲ့တွေရှိတယ်၊ အဲဒီ့မှာ သွားတွေ့တာ၊ သူတို့က ၁၅ ယောက်လောက်တော့ ရှိတယ်၊ ဒီဘက် GE က ကားဆရာ တစ်ယောက်နဲ့ ပါလာတဲ့ သုံးယောက်ထဲ

ဆိုတော့ ကားထားခဲ့ပြီး နီးစပ်ရာ စခန်းကို လာပြီး သတင်းပို့တာပေါ့၊"

လုံခြုံရေး တပ်ဖွဲ့တွေ အခင်းဖြစ်နေရာကို ရောက်သွားချိန်မှာ အကြမ်းဖက်သမားတွေကို မတွေ့ရတော့ဘဲ ကားရှေ့အင်ဂျင်နဲ့ ကားဘီး ၂ လုံးအပြင် ခြံစည်းရိုး ဂဟေဆော်တဲ့ အင်ဂျင်စက် တစ်လုံး မီးလောင်ကျွမ်း နေတာကိုပဲ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

မနေ့က အဲဒီလို ဝင်ရောက်အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့အတွက် နယ်စပ်ခြံစည်းရိုးတစ်လျှောက်မှာ လုံခြုံရေးတွေကို ထပ်မံ တင်းကြပ်လိုက်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကလည်း အဲဒီ ဗန္ဓုလ နစက နယ်မြေ ၁၊ မိုင်တိုင် အမှတ် ၅၁ မှာ ခြံစည်းရိုး လုပ်နေတဲ့ အစိုးရ GE ဆောက်လုပ်ရေး တပ်ဖွဲ့ဝင် ၃ ဦးကို RSO မူဆလင် လက်နက်ကိုင် အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပြီး အဲဒီ့ဝန်ထမ်း ၃ ဦးကို ဒီကနေ့ အချိန်အထိ ပြန်လည် ကယ်တင်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။


Copy from - rfa.org/

0 comments: