Monday, January 14, 2013

လိုင်ဇာသို့ မာနယ်ပလော သင်ခန်းစာ

24433_376209782475181_427624352_n
photo from .. Lachid Kachin
၁၉၉၄ သြဂုတ်လထဲတွင် ကေအန်ယူတို့၏ ဌာနာချုပ်ဖြစ်သော မာနယ်ပလော၌ အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေ ခံဥပဒေအတွက် ညီလာခံကြီး တခု ကျင်းပခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုံစုံညီညီ တက် ရောက်ကြသည်။ လက်နက်မကိုင်သည့် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနှင့် မြန်မာအဖွဲ့အစည်းများလည်း ပါဝင်ကြ သည်။ ထိုင်းနိုင်ငံအခြေစိုက် ကျောင်းသားအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းအကြီးအသေးတွေလည်း ဖိတ်ကြားခံ ရသည်။ တောတွင်း၌လည်း ထိုအချိန်က နှစ်ဖွဲ့ကွဲနေသည့် ကျောင်းသားတပ်မတော်ဟု လူသိများသည့် အေဘီအက်စ် ဒီအက်ဖ် နှစ်ဖွဲ့လုံးလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သည့် နိုင်ငံခြားသား ပညာရှင် တချို့လည်း ဖိတ်ကြားခံရ၍ ရှိနေခဲ့သည်။
 
ကျနော်၊ ကိုအောင်သူငြိမ်းနှင့် လုပ်ဖော်ကိုင်ဖက် တချို့လည်း ဤဖွဲ့စည်းပုံ အခြေခံဥပေဒ ညီလာခံတက်ရောက်ရန် “ကလလတ”ဒေသ (ကရင်နီပြည်နယ်တောင်ပိုင်း) မှ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ကိုအောင်သူငြိမ်းသည် ဥက္ကဋ္ဌ မိုးသီးဇွန် ဦးဆောင်သည့် “အေဘီအက်စ်ဒီအက်ဖ်” တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။ ထိုအချိန်က နှစ်ခြမ်း ကွဲနေသော ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေးအတွက် လုံးပန်းနေသော ကာလလည်း ဖြစ်သည်။
 
ပေါင်းစည်းရေးအတွက် ကော်မရှင်ဖွဲ့သောအခါ ဒေါက်တာနိုင်အောင် ဦးဆောင်သော ဖက်မှ ကော်မရှင်နှစ်ဦးမှာ ဒေါက် တာမြင့်ချို (ယခုသြစတေးလျှ) နှင့် ကိုဝင်းနိုင် (ယခု အာအက်ဖ်အေရေဒီယို ဝါရှင်တန်ဒီစီ) တို့ဖြစ်၍ မိုးသီးဇွန် ဦးဆောင် သောဖက်မှ ကော်မရှင်နှစ်ဦးမှာ စာရေးသူကျနော်နှင့် ကိုလွမ်းဏီ (မင်းဘူးကျော်ကျော်) တို့ ဖြစ်သည်။ ကျနော်တို့ ကော် မရှင်နှစ်ဖွဲ့ သီးသန့််တွေ့ဆုံ ဆွေးနွေးသည့်အခါများ ရှိသလို၊ တပ်ပေါင်းစု ခေါင်းဆောင်များကို တရားသူကြီးများသဖွယ် ရှေ့မှာထား၍ ဆွေးနွေးရသည့် အခါများလည်း အကြိမ်ကြိမ် ရှိခဲ့သည်။ ထိုအချိန်က တပ်ပေါင်းစု ခေါင်းဆောင်များထဲမှ ကျနော်တို့ ကော်မရှင်နှစ်ဖွဲ့ကို တွေ့ဆုံရသည့် ခေါင်းဆောင်များကတော့ ကေအန်ယူမှ ဗိုလ်ချုပ်တာမလာဘော၊ ရခိုင် အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သည့် ခိုင်စိုးနိုင်အောင်၊ ရံဖန်ရံခါ မွန်အဖွဲ့မှ အတွင်းရေးမှူး နိုင်ဟံသာတို့လည်း ပါရှိသည်။ ဖဒိုမန်းရှာလည်း တခါတရံ ဆွေးနွေးပွဲ၌ လာထိုင်တတ်သည်။
 
အနာဂတ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ကျင်းပနေသည့် ရက်များအတွင်း ကျနော်တို့ အင်အားစု တချို့အကြား နောက်ထပ် ဆွေးနွေးဖြစ်သည့် ကိစ္စတခုကတော့ မာနယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျနိုင်မကျနိုင် ဆိုသည့် ဆွေးနွေးချက်များ ဖြစ်သည်။ မာနယ်ပလောဌာနချုပ်ကို အစိုးရတပ်များ ဝိုင်းထားသည်မှာ ၁၉၉၁ နှစ်ကုန်ကတည်းက ဖြစ်သည်။ တိုက်ပွဲများ ပြင်းထန်သည်။ အစိုးရတပ်မှ တရုပ်လုပ် တိုက်လေယဉ်များနှင့် နေ့စဉ်ဆိုသလို တိုက်ခိုက်သည့် အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ထိုတိုက်ပွဲများတွင် ထွီးပါးဝီကျိုးခေါ် ခွေးအိပ်တောင် တိုက်ပွဲသည် အပြင်းထန်ဆုံးဟု ဆိုနိုင်သည်။ ၁၉၉၂ ခုနှစ် မတ်လထဲတွင် ခွေးအိပ်တောင်ကို အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ အမြောက်ကြီးများဖြင့် တရက်ကို အလုံးတရာထက် မနည်း နှစ်လသုံးလခန့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။ အစိုးရတပ်မှ ကျွံပြီးဝင်လာသော ဗိုလ် မှူး မင်းဉာဏ်ရှိန် ဦးစီးသည့် တပ်ခွဲတခုအား ကျောင်းသားတပ်များနှင့် ကေအန်ယူကွန်မင်ဒိုများ ဝိုင်းပတ်ချေမှုန်းသည်။ ဗိုလ်မှူး မင်းဉာဏ်ရှိန် တပ်ခွဲမှ ဆွီဒင်နိုင်ငံလုပ် ကားလ်ဂူးစတပ်ဖ် ရော့ကက်လောင်ချာ တလက်ကို ကေအန်ယူ ကွန်မင် ဒိုများမှ သိမ်းပိုက်ရရှိခဲ့တာကို မှတ်မိသေးသည်။
 
ခွေးအိပ်တောင် ကျသွားသော်လည်း မာနယ်ပလောသည် လွယ်လွယ်နှင့်မကျနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မာနယ် ပလော ဌာနချုပ်၏ တည်နေရာသည် ကျယ်ပြန့်သည်။ သံလွင်မြစ်နှင့် သောင်ရင်းမြစ် အကြားမှာတည်ရှိ၍ ဌာနချုပ် အ နောက်ဖက် တကြောလုံးကို အလွန်ရေစီးသံသည့် သံလွင်မြစ်နှင့် ဒေါနတောင်တန်းကြီးက တံတိုင်းသဖွယ် ကာထား သည်။ အရှေ့ဘက်တွင်လည်း သောင်ရင်းမြစ်နှင့် ထိုင်းနိုင်ငံနယ်နမိတ် မျဉ်းကြောင်းက ကာဆီးထားပြန်သည်။ ဘာနှင့် တူသလဲဆိုလျှင် အင်းဝမြို့ကို ဧရာဝတီမြစ်နှင့် ဒုတ္ထဝတီမြစ်တို့ ကာရံပေးထားသလိုမျိုး ဖြစ်သည်။
 
၁၉၉၂ သင်္ကြန်ကာလ မတိုင်မီ အစိုးရဖက်မှ ဗိုလ်ချုပ်မောင်လှက ဦးစီး၍ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ ခွေး အိပ်တောင် အစိုးရလက်တွင်း ကျသွားသော်လည်း အစိုးရတပ်တွင်းမှာ အခက်အခဲများ ဆက်လက်ရင်ဆိုင်နေခဲ့ရ၍ ဖြစ် သည်။ မာနယ်ပလော ကာကွယ်ရေးအတွက် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှလည်း လာ ရောက်ကူညီ တိုက်ခိုက်ပေးခဲ့ကြသည်။ ၁၉၉၁ ဒီဇင်ဘာလမှ ၁၉၉၂ ဧပြီလအထိ အစိုးဖက်မှ ဒဏ်ရာရ ကျဆုံးသူပေါင်း သုံးထောင်ခန့် ရှိခဲ့သည်။ ခွေးအိပ်တောင်တခုသာ သိမ်းပိုက်နိုင်ခဲ့သည်။ မာနယ်ပလော တခုလုံးကို သိမ်းပိုက်ဖို့ဆိုလျှင် နောက်ထပ်ရင်းရမည့် တပ်အင်အားကား သည့်ထက်မက များပြားသည်ကို တွက်ချက်နိုင်သည်။ တချိန်ထဲမှာလည်း အစိုးရ စစ်ကြောင်းများမှ တပ်ပြေးများကလည်း မနည်းလှ။ တပ်များအတွင်း စိတ်ဓာတ်ရေးရာအရ တစုံတရာ ကျဆင်း နေသည်ကို ပြန်လည် ဆယ်မရန် အစိုးရဖက်မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည်ဟု ယူဆရသည်။ အချိန်ဝယ် သည့် သဘောမျိုး ဖြစ်သည်။
 
မာလယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျသွားနိုင်သလား ဆိုတဲ့ ဆွေးနွေးချက်ကို ပြန်သွားပါမည်။ အယူအဆ ကလည်း အမျိုးစုံလှသည်။ တချို့က ဒီလိုတွက်သည်။ အစိုးရသည် မာနယ်ပလောကို မည်သည့်နည်းနှင့်မဆို ရအောင် တိုက်ယူနိုင်သည်။ ရှေ့တန်းနယ်မြေအတွင်း အပစ်အခတ်ရပ်စဲ လိုက်ခြင်းသည် နိုင်ငံရေးအရ ဆက်ကစားလိုသော ကြောင့် ဖြစ်သည်။ တပ်ကိုအားကောင်းကောင်းနှင့် ဆက်ထိန်းရန်အတွက် ရန်သူရှိနေသေးသည် ဆိုတာကို ပြသဖို့လို သည်။ ထို့ကြောင့် မာနယ်ပလောကို အပြီးမသိမ်းဘဲ အသက်ရှုပေါက် ပေးထားသည်ဟု မြင်သည့်သူများလည်း ရှိသည်။ တချို့ကတော့ ဆက်လက်ရင်ဆိုင်ရမည့် နိုင်ငံတကာဖိအားကို စိုးရိမ်သောကြောင့် အပစ်ရပ်လိုက်သည်ဟု ထင်မြင်ချက် ပေးကြသည်။ မာနယ်ပလောကို အပြီးသိမ်းယူဖို့ဆိုလျှင် အစိုးရဖက်မှ အနည်းဆုံး စစ်သားနှစ်သောင်းကျော် သုံးသောင်း လောက် အသေခံမှရမည်ဆိုသည့် တွက်ကိန်းကြောင့် အစိုးရဖက်မှ ခေတ္တနောက်ဆုတ်လိုက်တာသာဖြစ်ကြောင်း တချို့ က တွက်ချက်ကြသည်။ တချို့ရဲ့ ဆွေးနွေးချက်များကတော့ ဒီလိုဖြစ်သည်။ ဘယ်လိုဘယ်အကြောင်းနဲ့ မာနယ်ပလော စစ်ဆင်ရေးကို ရပ်ဆိုင်းလိုက်သည်ဖြစ်စေ ဈေးပေါပေါဈေးချိုချိုနဲ့ ရမည်ဆိုလျှင်တော့ မာနယ်ပလောကို အစိုးရက သိမ်း မှာပဲလို့ တွက်ချက်ပြခြင်း ဖြစ်သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံကြီး ပြီးစီးသွားသော်လည်း ကျနော်နဲ့ ကိုလွမ်းဏီ မာနယ်ပလောမှာ ဆက်ရှိနေသည်။ ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်များ တဖက်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် ရှိသော ကြောင့် ဖြစ်သည်။ ကိုမိုးသီးဇွန်နှင့် ကိုအောင်သူငြိမ်းတို့ကတော့ ညီလာခံအပြီး တနင်္သာရီတိုင်းထဲ၌ ဌာနချုပ်လုပ်ထား သော စခန်းတခုဆီသို့ ပြန်သွားကြသည်။
 
၁၉၉၄ ခုနှစ် ဒီဇင်ဘာလလယ်ခန့်တွင် ကျနော်နှင့်ကိုလွမ်းဏီတို့ ဒေါက်တာနိုင်အောင် ဦးဆောင်သည့် သူတို့၏ ဗဟို ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ပြန်လည်ပေါင်းစည်းရေးအတွက် သူတို့ဖက်က ကော်မရှင်နှင့် ဆက်လက်ဆွေးနွေးရန် ဖြစ်သည်။ သူတို့ ဗဟိဌာနချုပ်သည် သံလွင်မြစ်နံဘေးတွင်တည်ရှိသည်။ ထိုနေရာကို ကရင်များက ဒါးဂွင်ဟုခေါ်၍ ကျောင်းသားများကတော့ ဒေါင်းဂွင်ဟု ခေါ်ကြသည်။ နှစ်ညအိပ်ခန့် သူတို့ဌာနချုပ်တွင် ဆွေးနွေးခဲ့ကြပြီး ကျနော်နှင့် ကို လွမ်းဏီတို့ မာနယ်ပလောသို့ စက်လှေဖြင့် ပြန်ခဲ့ကြသည်။ ဒေါင်းဂွင်နှင့် မာနယ်ပလောအကြားတွင် နယ်စပ်ဈေးကြီး တခုရှိသည်။ သံလွင်မြစ်ကို မေးတင်၍ ထိုင်းနိုင်ငံဖက်ခြမ်း၌ ဆောက်လုပ်ထားသော ဈေးတန်းကြီးဖြစ်သည်။ သော်လဲထ ဈေးဟုခေါ်သည်။ ထိုင်းတွေကတော့ မယ့်စံပလက်ဟု ခေါ်ကြသည်။ ထိုဈေးကြီး၌ ကျနော်နှင့် ကိုလွမ်းနီတို့ နေ့လည်စာ စားကြသည်။ သည့်နောက်တော့ မာနယ်ပလောဖက်ထွက်မည့် စက်လှေကို စုံစမ်းမေးမြန်းရင်း JRS (Jesuit Refugee Service) တွင် အလုပ်လုပ်နေသည့် အမေရိကန်နိုင်ငံသူ အီးဒစ်နှင့်တွေ့သည်။ သူမကလည်း စက်လှေတစီးလုံး စင်းလုံး ငှားထားသည်။ စက်လှေပေါ်တွင် ဆန်အိပ်များ အပြည့်တင်ထားသည်ကို တွေ့ရသည်။ ထိုဆန်အိပ်များက မာနယ်ပ လော ဧရိယာတခုတွင် ဖွင့်လှစ်ထားသော အမျိုးသမီး ခရစ်ယန်ကွန်ဗင့်ကျောင်းကို လှူဒါန်းရန်ဖြစ်သည်ဟု အီးဒစ်က ပြောပြသည်။
 
ကျနော်တို့ကို သူ့လှေနှင့်လိုက်လိုက လိုက်နိုင်ကြောင်းပြော၍ ကျနော်တို့အတွက် အဆင်ပြေသွားသည်။ လှေခလည်း ကုန်စရာမလိုတော့။ သံလွင်မြစ်အတိုင်း ရေကိုစုန်၍ စက်လှေကထွက်လာသည်။ သော်လဲထမှထွက်၍ မိနစ်လေးဆယ် ငါးဆယ်လောက်အကြာတွင် သံလွင်နှင့်သောင်ရင်း မြစ်ဆုံသို့ ရောက်လာသည်။ ဤတွင် ကျနော်တို့ စက်လှေ အတား ခံရသည်။ တားသူများကတော့ ကေအန်ယူ ယူနီဖောင်းဝတ် စစ်သားများ ဖြစ်သည်။ သေနတ်များကို မြှောက်ပြကာ ဝီစီ မှုတ်၍ တားခြင်း ဖြစ်သည်။ လှေသမားလည်း ကမ်းကိုကပ်၍ ရပ်ပေးရသည်။ မရပ်ပါက သေနတ်ဖြင့် အပစ်ခံရဖွယ်ရှိ သည်။ အနီးနားရောက်မှ မြင်ရသည်ကတော့ ထိုကေအန်ယူစစ်သားများသည် ခေါင်းတွင် သင်္ကန်းရောင် အစများကို ခေါင်းစည်းသဖွယ် ပတ်ထားကြ၍ သေနတ်များတွင်လည်း သင်္ကန်းစများကို ချည်ထားကြသည်။ ကျနော့်အထင်တော့ အနည်းဆုံး သင်္ကန်းကို ခေါင်းပတ်ထားသော စစ်သားများမှာ အရေအတွက်အားဖြင့် နှစ်ရာခန့်ရှိသည်။
 
လှေရပ်အပြီး သူတို့ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက ကျနော်တို့ကို ယောက်ဖတို့ ဘယ်အဖွဲ့ကလဲ ဘယ်သွားမှာလဲဟု မေးသည်။ တခုခုဖြစ်နေပြီဆိုတာကို ကျနော်သဘောပေါက်လိုက်သည်။ ကျနော်က ကျနော်တို့သည် ကျောင်းသားအဖွဲ့ ကဖြစ်ကြောင်း မာနယ်ပလောကို ပြန်မှာဖြစ်ကြောင်းပြောလိုက်သည်။ ထိုသူက ဒီအင်္ဂလိပ်မကကော ဘယ်သွားမှာလဲဟု မေးလာပြန်သည်။ ကျနော်က စကားပြန်လုပ်၍ ထိုအမျိုးသမီးသည်လည်း မာနယ်ပလောကို သွားမှာဖြစ်ကြောင်း ဆန် အိပ်များကလည်း သူ့ဆန်အိပ်များဖြစ်ကြောင်း ရှင်းပြသည်။ ဒီဆန်အိတ်တွေက ဘယ်သူ့အတွက်လဲဟု မေးလာ၍ ဒုက္ခ သည်များအတွက် ဖြစ်ကြေင်း ကျနော်က ဝင်ပြောရပြန်သည်။ ခရစ်ယာန် ကွန်ဗင့်ကျောင်းအတွက်ဟု မပြောရဲသော ကြောင့် ဖြစ်သည်။ ထိုခေါင်းဆောင် ဖြစ်ဟန်တူသူက ကျနော်တို့ကို လှေပေါ်မှဆင်းခိုင်း၍ လှေသမားနှင့်အတူ သောင် ပြင်ပေါ်တွင် ထိုင်ခိုင်းထားသည်။ သူကပဲ ဆက်၍ သူတို့တောင်ပေါ်မှ ဆင်းလာရခြင်းမှ ဘာသာရေး မညီမျှမှု ဖြစ်သော ကြောင့် ဆန္ဒပြရန် ဤမြစ်ဆုံဘုန်းကြီးကျောင်းကို ဆင်းလာရခြင်းဖြစ်ကြောင်း ရှင်းပြနေသည်။ သူတို့နဖူးမှာ သင်္ကန်းစ တွေကို စည်းထားကတည်းက ကျနော့်အနေနဲ့ သဘောပေါက်ပြီးသားပါ။
 
ပြီးခဲ့သည့် လပိုင်းအတွင်းမှာ ဗုဒ္ဓဘာသာဝင် ကရင်အရပ်သားများနှင့် ကေအန်ယူ ခရစ်ယန် အရာရှိတဦးအကြား ပြဿ နာ ဖြစ်ထားတာကိုလည်း ကျနော်တို့ သိထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ကရင်လူမျိုး ဘုန်းတော်ကြီးတပါးက (မြိုင်ကြီးငူ ဆရာတော်) ရှေ့တန်းနယ်မြေ တနေရာတွင် စေတီငယ်တဆူ တည်သည့်ကိစ္စနှင့်ပတ်သက်၍ ထိုဘုန်းတော် ကြီးသည် ရန်သူအစိုးရ လက်နက်ကြီးပစ်လျှင် လွယ်ကူစေရန် နေရာအညွှန်းပြသည့်သဘောဖြင့် ထိုစေတီကို တည် သည်ဟု ကရင်အရာရှိ တချို့ကမြင်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း မြိုင်ကြီးငူဆရာတော်၏ မြစ်ဆုံကျောင်းသို့ ဥပုသ်နေ့များတွင် စက်လှေဖြင့်လာရောက်သည့် ဗုဒ္ဓဘာသာဝင် ကရင်ဒေသခံများအား ခရစ်ယာန် ကေအန်ယူ အရာရှိ တချို့မှ သောင်ပြင်ပေါ်တွင် နေပူလှမ်းခြင်း ရိုက်နှက်ခြင်းများပြုလုပ် ထားတာကလည်း ရှိထားသည်။ ထိုအရာရှိများ၏ အဆိုကတော့ စစ်ပူနေသည့် ကာလကြီးမှာ တိုက်ပွဲဖြစ်ပွားနေသည့် ခွင်အတွင်းမှာရှိသည့် ဘုန်းကြီးကျောင်းကို လာရသ လား တခြားကျောင်းတွေကို ဘာလို့မသွားတာလဲ စသဖြင့် စွပ်စွဲ၍ ရိုက်မောင်းပုတ်မောင်း လုပ်ထားများကလည်းရှိနေ သေးသည်။ နောက်ဆုံး တိုတိုပြောရရလျှင် မာနယ်ပလော ခံစစ်ကုန်းများပေါ်မှာ ဗုဒ္ဓဘာသာ ကေအန်ယူရဲဘော်များ လက်နက်အစုံဖြင့် ဆင်းလာ၍ မြစ်ဆုံဘုန်းကြီးကျောင်းကို သပိတ်စခန်းအဖြစ် ဖွင့်လှစ်လိုက်ခြင်းပင်။
ကျနော်တို့လည်း သောင်ပြင်ပေါ် နေပူပူအောက်မှာ နှစ်နာရီလောက် ထိုင်နေခဲ့ရသည်။ ထို့နောက် သူတို့အထဲမှ ခေါင်း ဆောင် ဖြစ်ဟန်တူသူက ယောက်ဖတို့သွားလို့ရပြီဆိုမှ သက်ပြင်းချနိုင်တော့သည်။ တခါ မာနယ်ပလောဝင်သည့် သောင်းရင်းမြစ်ထဲရှိ သစ်စက်ဂိတ်မှာလည်း ကျနော်တို့ နောက်ထပ်တနာရီလောက် အစစ်ဆေးခံရပြန်သည်။ ဗုဒ္ဓဘာ သာ ကရင်စစ်သားအရေအတွက် ဘယ်လောက် မြစ်ဆုံမှာ ရှိသလဲ၊ ဘာလက်နက်တွေ ကိုင်ထားသလဲ စသဖြင့် အမေး အမြန်း ခံနေရခြင်း ဖြစ်သည်။ သို့ဖြင့် ညနေနေဝင်ခါနီးလောက်မှ ကျနော်တို့စက်လှေ မာနယ်ပလောကို ရောက်တော့ သည်။ လှေကြုံလိုက်မိသော ကျနော်နှင့် ကိုလွမ်းဏီမှာ သောပြင်နေပူထဲတွင် နှစ်နာရီခန့် နေခဲ့ရသလို မာနယ်ပလော ရောက်တော့လည်း လှေဆိပ်မှာ လူမရှိသောကြောင့် အီးဒစ်၏ ကွန်ဗင့်ကျောင်းကိုလှူမည့် ဆန်အိတ်များအား ကမ်းစပ် သို့ ထမ်းချပေး လိုက်ရသေးသည်။ ကျနော်တို့အား တားဆီးသော ထိုဗုဒ္ဓဘာသာဝင် ကေအန်ယူ စစ်သားများသည် နောင်မကြာမီ၌ ဒီကေဘီအေ ဟူ၍ဖွဲ့စည်းကာ ကေအန်ယူမှ ခွဲထွက်လိုက်ကြသည်။
 
သည့်နောက် မာနယ်ပလောတွင် လူကြီးများခေါင်းချင်းရိုက်၍ ပြဿနာကို ဘယ်လိုဖြေရှင်းမည်နည်းဟူ၍ စဉ်းစားကြ သည်။ အဖွဲ့အစည်း ပေါင်းစုံမှ ခေါင်းဆောင်များဖြင့် ဆွေးနွေးရန်ကိုယ်စားလှယ်အဖွဲ့ တခုကို ဖွဲ့စည်းလိုက်သည်။ ကျနော် တို့ဖက်မှ ကိုလွမ်းဏီလည်း ထိုအဖွဲ့တွင် ပါဝင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကတော့ ကေအန်ယူက ဖဒိုမန်းရှာဖြစ်သည်။ ၂ဝဝ၈ ခုနှစ် တွင် အမည်မသိ သေနတ်သမားများက မဲဆောက်၌လုပ်ကြံ၍ ကွယ်လွန်ခဲ့သူ ဖြစ်သည်။ မြစ်ဆုံဘုန်းကြီး ကျောင်းကို ဆွေးနွေးဖို့ရောက်တော့ ဗုဒ္ဓဘာသာ ကရင်စစ်သားများက ဖဒိုမန်းရှာကို ဖမ်း၍ မြေကျင်းကြီးတခုထဲတွင် ချုပ် ထားလိုက်သည်။ နောက်ဆုံး အားလုံး ဝိုင်းဝန်းဆွေးနွေးရာမှ ဖဒိုမန်းရှာကို ပြန်လွှတ်ပေးသည်။ ဖဒိုမန်းရှာသည် ကေအန် ယူ ခေါင်းဆောင်များထဲတွင် ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သည်။
 
တိုတိုနှင့်ချုပ်ရလျှင် ၁၉၉၅ ဇန်နဝါရီ လဆန်းထဲတွင် မာနယ်ပလောကို အမြောက်တချက် မဖောက်ရဘဲ ဗုဒ္ဓဘာသာဝင် ကရင်စစ်သားများ အကူအညီဖြင့် စစ်အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ ဈေးချိုချိုနှင့် ရလိုက်သည်ဟုသာ ပြောရပေ တော့မည်။ အခု ကချင်ပြည်နယ်မှာ ဖြစ်နေသော စစ်ပွဲတွင်လည်း ကေအိုင်အေတို့၏ လိုင်ဇာဌာနချုပ်ကို အစိုးရစစ်တပ် သိမ်းနိုင် မသိမ်းနိုင် ပြောဆိုနေသံတွေ ကြားနေရသည်။ အတွင်းမှာ စိတ်ဝမ်းကွဲလျှင် မာနယ်ပလောလိုပဲ ဈေးအချို အ ချောင်ဖြင့် အစိုးရဖက်က ရသွားနိုင်သည်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအယူအဆများ၊ အကျိုးစီးပွားများနှင့် ပတ် သက်၍ ပဋိပက္ခတွေ ရှိလာခဲ့ပါက အက်ကြောင်းများရှိလာခဲ့ပါက ကြားဝင်နှောက် ခံရနိုင်သည်။ အနှောက်ခံရပါက လိုင် ဇာသည် လွယ်လွယ်နှင့် ဆုံရှုံးသွားနိုင်ဖွယ်ရာ ရှိသည်။ မာနယ်ပလော ကျဆုံးခဲ့ခြင်းကို သင်ခန်းစာ ယူကြဖို့ တိုက်တွန်း လိုသည်။
 
တဖက်မှာလည်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်စေဖို့ နည်းနာများ အကူအညီများ အကျယ်အပြန့် ရှာဖွေဖို့ လိုအပ်သည်။ တရားသဘောအရ ပြောရပါက ဘယ်သူမှားမှား ဘယ်သူမှန်မှန် စစ်ပွဲများရှိနေခြင်းကြောင့် လက်နက်မဲ့ ပြည်သူလူထုတွေဟာ အမြဲတန်း မြေဇာပင်ဖြစ်ကြရသည်။ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့် စေဖို့ လူတဦးတယောက်၊ အဖွဲ့အစည်းတခု စတာတွေအပေါ်မှာ အားကိုးပြီး အဖြေရှာခြင်းထက် ကျယ်ပြန့်သော အသွင် ဆောင်တဲ့ ဆွေးနွေးဖြေရှင်းတာမျိုးက ပိုပြီးအကျိုးလိမ့်မည်ဟု ယူဆပါကြောင်း ထပ်လောင်းပြောပါရစေ။
ဇော်မင်း

၁၁ ရက်နေ့ ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်
(ရွက်မွန်မှာ ကူးယူဖေါ်ပြပါသည်)
Copy from - naytthit.net

0 comments: