Monday, January 21, 2013

“ပင်လုံမှာ စ၍ ပင်လုံမှာပင် အဆုံးသတ်စေချင်ပါသည်”

စဆုံး ဖတ်သင့်သည့် ဆောင်းပါးတပုဒ်ပါ ဆောင်းပါးရှင်အား အထူးကျေးဇူးတင်ပါတယ်
“ပင်လုံမှာ စ၍ ပင်လုံမှာပင် အဆုံးသတ်စေချင်ပါသည်”

၂၀၁၃ ၏ နေခြည်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုလိုလျှင်” ဆိုသည့်ဆောင်းပါးကို မက်ဆင်ဂျာ နှစ်နှစ်မြောက် အထူးထုတ်အတွက် ရေးခဲ့သည် ။ ထိုဆောင်းပါးတွင် “၂၀၁၃မှာ စာရေးသူ အလိုချင်ဆုံး ဆန္ဒတစ်ခုတည်းကိုသာ ပြောပါလို့ဆိုခဲ့ရင် တိုင်းရင်းသားတွေနဲ့ ဖြစ်ပွား နေတဲ့ ပဋိပက္ခတွေ ပြေပျောက်၊ စစ်မီးတွေ ငြိမ်းပြီးတော့ ၊ သာတူညီမျှ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ခွင့်ပါပဲ”လို့ ရင်တွင်းဆန္ဒကို ဖော်ပြ ရေးသားခဲ့သည် ။ တိုက်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြီး ဒုက္ခသည်စခန်းမှာ နေထိုင်ကြရတဲ့ ပြည်သူတွေ၊ မိဘနဲ့ ရင်အုပ်မကွာ နေကြရမဲ့အရွယ်မှာ မိဘမဲ့ဖြစ်ကြရရှာတဲ့ ကလေး သူငယ်လူမမယ်တွေ၊ ကျောင်းသင်ခန်းမှာ ပညာရှာရမဲ့ အချိန်အရွယ်မှာ လွယ်အိပ်ကို မလွယ်နိုင်၊ စာမသင်မအံနိုင်ပဲ ၊ စစ်ဘေးစစ်ဒဏ် ကလွတ်ရေး ပြေးလွှားပုန်းအောင်း နေကြရရှာတဲ့ ကလေးငယ်တွေကို မြင်ရတိုင်းမချိ အောင် ခံစားရပါတယ်။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို  အမြန်ဆုံး ပြန်လည် တည်ဆောက် နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာ ပါးစပ်က ပြောနေရုံနဲ့မရပါဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ ကြွေးကြော်နေရုံနဲ့ မဖြစ်ထွန်းနိုင်ပါဘူး။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုတွေ ၊ လိုက်လျောမှုတွေနဲ့ တည်ဆောက် ရပါတယ်။ “အဲဒီလို ပဋိပက္ခတွေ အဆုံးသတ် ၊ စစ်မီးတွေ ငြိမ်းဖို့အတွက် နှစ်ဦးနှစ်ဖက် ညှိနှိုင်းရာမှာ နှစ်ဖက်စလုံး က ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားနေကြဖို့လည်း လိုအပ်ပါတယ်”ဟုလည်း တိုက်တွန်း ရေးသားခဲ့ပါသည်။ ယခုတော့ စာရေးသူ၏ စကားပင်မဆုံးသေး ၊ ကချင်ပြည်နယ်မှာ အမြောက်သံ၊ စိန်သံ ၊ ဗုံးသံတို့က ညံထွက် လာပါချေသည် ။ ပြည်သူတွေမှာတော့ အသက်ဘေးမှ လွတ်ရာ ပြေးကြပုန်းကြ ဒုက္ခတွေ များကြပြန်ရှာပါပြီ။
 
တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်ဖြစ်လာပြီ ဆိုသည်နှင့် တစ်ပြိုင်နက် ကိုယ့်ဘက်ကို ကာကွယ်၍ သူ့ဘက်ကို အပြစ်ပြောစကား များက နှစ်ဘက်စလုံးမှ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ် လာကြပါသည် ။
အစိုးရဘက်ကလည်း မိမိတို့၏ ရှေ့တန်းသို့ပို့သော ရိက္ခာပို့ တပ်များ ကို KIA က ကြားဖြတ် တိုက်ခိုက်သောကြောင့် ၊ မိမိတို့တပ်စခန်းများကို KIA က စတင်ပစ်ခတ် တိုက်ခိုက်လာသောကြောင့် ၊ တံတားများ ကို မိုင်းခွဲဖျက်ဆီးခြင်းကြောင့် တိုက်ရပါသည်ဟု အကြောင်းပြပါသည် ။ KIA ဘက်ကလည်း အစိုးရတပ်များက ရှေ့တန်းသို့ ရိက္ခာပို့သည် ဟု ဖော်ပြလျက် လက်နက်များ ပို့ဆောင်နေခြင်းဖြစ်ကြောင်း ၊ မိမိတို့အား အစိုးရတပ်များက စတင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း မိမိတို့က ခံစစ် ဆင်နေရခြင်းဖြစ်ကြောင်း ၊ သတင်းများ ထုတ်ပြန်ပါသည် ။ စစ်ပွဲတိုင်း တွင် ၀ါဒဖြန့်ချိခြင်းများ( Propaganda campaign) ပါဝင် လာစမြဲဖြစ်ရာ မည်သူကအမှန်၊ မည်သူကအလွန်ဟု မပြောတော့ပါ ။ ပြောချင်သည်ကတော့ နှစ်ဘက်စလုံး အလွန်ဟုသာ ပြောချင်ပါသည်။ အကြောင်းမှာ စစ်ဖြစ်သည်ဆိုသည်နှင့် ဒုက္ခရောက်ရသည်မှာ အပြစ်မဲ့ ပြည်သူများသာဖြစ်သောကြောင့် ဖြစ်ပါသည်။ နှစ်ဦးနှစ်ဘက် တာဝန်ရှိသူများ အနေဖြင့် အပြစ်မဲ့ပြည်သူများ ကြုံတွေ့ရမည့် ဒုက္ခမျိုးစုံ အဖုံဖုံကို မျက်ကွယ် ပြုရက်ကြသောကြောင့် ဖြစ်ပါသည်။
 
ယခုပင် ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် ဦးရေမှာ သိန်းဂဏန်း ကျော်နေပြီဖြစ် ကြောင်း သတင်းများအရ သိရပါသည် ။ ဤစစ်ပွဲကို ရှောင်လွှဲလိုပါက ရှောင်လွှဲနိုင်သည့် နည်းလမ်းများ ရှိလျက်နှင့် ပြည်သူတို့ အတိဒုက္ခ ရောက်စေသော လမ်းကိုရွေးချယ်နေကြ ခြင်းမှာ အဘယ်ကြောင့်ပါနည်း ။ စစ်ပွဲကြားတွင် ပြည်သူများ မြေဇာပင်ဖြစ်ကြရ၊ ထိခိုက် နစ်နာရသည်မှာ များစွာစိတ်ထိခိုက်စရာ ဖြစ်ပါ သည်။ စစ်မက်ဖြစ်ပွားသဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မတည်ဆောက်နိုင်ပါလျှင်လည်း ပြည်သူများပင် နစ်နာပါသည်။ သို့ဖြစ်၍ ပြည်တွင်းငြိမ်း ချမ်းရေးကို အမြန်ဆုံးပြန်လည် တည်ဆောက်ရန် လိုသည်။ ထိုသို့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်မှာ နှစ်ဦးနှစ် ဘက် အကြေအလည် စေ့စပ် ညှိနိုင်းကြရန်လိုသည် ။ထိုသို့ စေ့စပ်ညှိနိုင်းရန် မှာ ပြဿနာ၏ ရင်းမြစ် (root cause) နှစ်ဦးနှစ်ဘက်၏ လိုအင်ဆန္ဒ များ (needs and desires) တန်ဖိုးထားမှုများ (values) များကို သိရှိနားလည်ရန် လိုအပ်သည်ဟု စာရေးသူ၏ ဆောင်းပါးများတွင် တင်ပြခဲ့ဘူးပါ သည် ။ ပြဿနာ တစ်ရပ်၏ရင်းမြစ်ကို မသိနားမလည်လျှင် သို့မဟုတ် နားမလည်ချင် ဟန်ဆောင်နေလျှင် ထိုပြဿနာကို ဘယ်သော အခါမှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါ။
 
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေရသော စစ်ပွဲများ၏ အခြေခံအကြောင်းတရားသည် “စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု” ကို တည်ဆောက်လိုခြင်း ၊ ထိုဖက်ဒရယ်ပြည်ထောင်စု၏ အနှစ်သာရ သဘောအရ ပြည်ထောင်စုဝင် ပြည်နယ်များတွင် သီးခြားလွတ်လပ်သော ဥပဒေများ ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရေးဖြစ်ပါသည် ။ ထိုသဘောတရားများသည် “ပင်လုံ စာချုပ်”၏ အနှစ် သာရလည်း ဖြစ်ပါသည်။ ထိုအနှစ်သာရကို ဖယ်ရှား ဖျောက်ဖျက်၍ ကိုယ့်မြင်းကိုယ်စိုင်းခဲ့ကြခြင်းကြောင့် ယနေ့ထက်တိုင် စစ်မီးများ မသေနိုင် မငြိမ်းနိုင် ဖြစ်နေရခြင်းဖြစ်ပါသည်။ တိုင်းရင်းသား ညီနောင်အချင်းချင်း တိုက်ခိုက် သတ်ဖြတ်နေကြရသည့် ပြဿနာသည် လူမျိုး ရေး ပဋိပက္ခ (Conflict of national cause) မဟုတ်ပါ၊ အယူဝါဒ ရေးရာပဋိပက္ခ(Conflict of political conviction)မဟုတ်ပါ။ ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ အကျပ်အတည်း (Constitutional Crisis) တစ်ခုသာ ဖြစ်ပါသည်။ ဤသည်တို့ကို အခြေခံကျကျ ဆန်းစစ် လေ့လာမှုများ မပါရှိဘဲ ပြည်တွင်း ငြိမ်းချမ်းရေး အစစ်အမှန်ကိုဘယ်သို့စေ့စပ် ညှိနှိုင်းတည်ဆောက်၍ ရနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားပြည်နယ်များနှင့် အစိုးရတို့အကြားတွင် ပြဿနာများ မည်ကဲ့သို့ စတင်လာသည်ဆိုသည်ကို သုံးသပ်ရန်လိုလာ ပါသည်။
 
မြန်မာ့ လွတ်လပ်ရေး ပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း သည် ၁၉၄၇ခှုနှစ် ဇန်န၀ါရီလတွင် လန်ဒန်သို့သွားရောက်၍ လွတ်လပ် ရေးအတွက်အရေး ဆိုခဲ့ပါသည်။ ထိုသို့ ဆွေးနွေးခဲ့ပြီးနောက် ၁၉၄၇ ဇန်န၀ါရီလ၂၇ရက်နေ့တွင် တစ်နှစ်အတွင်း လုံးဝလွပ်လပ်ရေးပေးမည် ဟုအာမခံချက်ပေးသည့်“အောင်ဆန်း-အက်တလီစာချုပ်”ကို အောင်မြင်ချောမောစွာ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။“လုံးဝ လွတ်လပ်ရေး” ဆိုသည်မှာ ပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများ နေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် ယူနီယံ (Union) ခေါ် “ပြည်ထောင်စု” ပုံစံအဖြစ် တစ်စုတစ်စည်းတည်း လွတ်လပ်ရေး ပေးခြင်းကို ဆိုလိုပေသည်။ သို့ရာတွင် ထိုသို့လုံးဝလွတ်လပ်ရေး ရရှိသည် အထိ အရေးလှခဲ့သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ရာတွင် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ခဲ့ပါ။လုံးဝ လွတ်လပ်ရေးအတွက် အရေးဆိုနေစဉ်တွင် တိုင်းရင်းသား ပဒေသရာဇ်ခေါင်းဆောင်များက (ရှမ်းစော်ဘွား နှစ်ဦးလက်မှတ် ရေးထိုးလျက်) ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသ တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူ မဟုတ်ဟူ၍ ဖော်ပြထားသော ကြေးနန်းစာကို လန်ဒန်သို့ပေးပို့ခဲ့ရာ ထိုအချက်သည် ဗိုလ်ချုပ်၏ ကြိုးပမ်းမှုကို များစွာထိခိုက် စေခဲ့သည် ။ သို့ဖြစ်၍ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကိစ္စမှာ အလွန်အရေးကြီးလာခဲ့ပြီး ထိုသို့ပူးပေါင်း၍ တောင်းဆိုမှသာ လွတ်လပ်ရေးအတွက် အာမခံနိုင်မည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါသည် ။ ထို့ကြောင့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး၊ ဦးထွန်းမြင့်(တောင်ကြီး)တို့၏ စည်းရုံးမှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြရပါသည်။ ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မ နှင့်အတူ တောင်တန်းဒေသ ပြည်နယ်များစုပေါင်း ဖွဲ့စည်းအပ်သော “ပြည်ထောင်စု” အသွင်ဖြင့်လုံးဝ လွတ်လပ်ရေး ရလိုကြောင်း ဗိုလ်ချုပ် အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ ထောက်ခံကြောင်း တခဲနက် ဆုံးဖြတ်ချက်ချခဲ့ကြပြီး ဦးတင်အေး၊ ဦးဖေခင်တို့က ဖဆ ပလ ဋ္ဌာနချုပ် နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းတို့ထံသို့ ထိုဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြား ခဲ့ကြသည်။ ထိုအခါတွင်မှ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ ညှိနှိုင်းဆွေးနွေးပွဲ ဆက်လက် ကျင်းပနိုင်ခဲ့ရာ လွတ်လပ်ရေးအတွက် ပထမအဆင့် အုတ်မြစ်ဖြစ်သော အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
 
သို့သော် ထိုအောင်ဆန်း-အက်တလီစာချုပ် တွင် မြန်မာနိုင်ငံအား လုံးဝလွတ်လပ်ရေး မပေးရရေးအတွက် ကန့်သတ်ချက်တစ်ခု ထည့်သွင်း ရေးသားထားခဲ့သေးသည်။ အောင်ဆန်း-အက်တလီစာချုပ် ၏ အပိုဒ် ၃(ဂ) တွင် –တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များ ကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ပြည်ထောင်စု(Union)ပုံစံဖြင့် နေလို ကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ် ရေးထိုးပေးကြရမည် ဟု ထည့်သွင်း ထားခြင်းပင်ဖြစ်သည်။
ဖေဖော်ဝါရီ(၈)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ ရောက်လာခဲ့သည့်အချိန်တွင် ဗြိတိသျှအစိုးရ၏ တောင်တန်းဒေသ အုပ်ချုပ်ရေးဋ္ဌာနမှ မစ္စတာစတီဗင်ဆင် ဦးဆောင်၍ နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသဖြင့် လူမျိုးစု ခေါင်းဆောင်အချို့သည် ပင်လုံစာချုပ် ကိုလက်မှတ် ထိုးသင့်၊ မထိုးသင့် စဉ်းစားတွေဝေနေကြရာ  ပင်လုံစာချုပ် ချုပ်ဆိုပွဲအတွက် စိုးရိမ်ဖွယ်ဖြစ်နေခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ခေါင်းဆောင်မှုကို အကြွင်းမဲ့ ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါ ဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီ အက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံ ရောက် လူမျိုးစု ကိုယ်စားလှယ်များအား အလျင်အမြန် စည်းရုံး လှုပ်ရှားကြသဖြင့် ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်သော အစည်းအဝေးတစ်ခု အထမြောက်ခဲ့ပါသည်။ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တက်ရောက်ပြီး ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်း လျက် ပြည်ထောင်စုအသွင်ဖြင့် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း ရှင်းလင်း ပြောပြသည့်အခါတွင်မှ ကိုယ်စားလှယ် အားလုံးကနားလည် သဘောပေါက် လက်ခံခဲ့ကြပြီး ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးရန် သဘောတူညီခဲ့ကြပါသည်။ ဤသို့ဖြင့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် (ပင်လုံညီလာခံအား အကဲခတ် ရန်ရောက်ရှိနေကြသော) ဒိုမီနီယံရေးရာ လက်ထောက် အတွင်းဝန် ဘော့တွမ်မလေနှင့်အဖွဲ့၏ရှေ့မှောက်တွင်ပင် သမိုင်းဝင် ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ကြပါသည် ။ ထိုသမိုင်းဝင် စာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် (၂၂) ဦးတို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပြီး ပြည်ထောင်စု အုတ်မြစ်ကို ချမှတ်နိုင်ခဲ့ကြပါသည် ။
 
ဤသို့ တိုင်းရင်းသား ညီရင်းအကိုများအချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် ပြည်ထောင်စု နိုင်ငံတော်တစ်ခုအတွက် အုတ်မြစ်ချခဲ့သော ပင်လုံစာချုပ်သည် အပိုဒ်(၉)ပိုဒ်ပါဝင်ဖွဲ့စည်းထားပါသည် ။ ထိုအပိုဒ် (၉)ခု အနက် အပိုဒ်(၅)တွင်ဖော်ပြပါရှိသည်မှာ “ အထက်တွင် သဘော တူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ ဒေသတွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်း မရှိစေရ။ နယ်စပ်ဒေသများ အတွက် ဒေသတွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်” ဟူ၍ ဖော်ပြပါရှိပါသည်။ မူရင်းမှာ အင်္ဂလိပ်ဘာသာဖြင့် (V) Though the Governor’s Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of these Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle . ဟူ၍ဖြစ်ပါသည်။
 
ပင်လုံစာချုပ်သည် ချင်း၊ ကချင်၊ ရှမ်းခေါင်းဆောင်များနှင့် ထိုစဉ်က ကြားဖြတ်အစိုးရ (Interim Government) ကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လက်မှတ် ရေးထိုးခဲ့သော သမိုင်းဝင် စာချုပ်ဖြစ်ပါသည်။ သာမန်လူတစ်စု-စုစည်းပြီး သဘောတူညီ လက်မှတ်ထိုးခဲ့သော စာချုပ်တစ်ခု မဟုတ်ပါ ။ လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား ချစ်ကြည်ရေး ချုပ်ဆိုခဲ့သော စာချုပ်မဟုတ်ပါ ။ ဒေသ တစ်ခုနှင့် တစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရေး စာချုပ်မဟုတ်ပါ ။ သမိုင်းကိုယ်စီ ရှိခဲ့ကြသော ၊ အချုပ်အချာ အာဏာကိုယ်စီ ရှိခဲ့ကြသော (ကိုလိုနီခေတ် ဥပဒေများပင် ဖြစ်လင့်ကစား) ကိုယ့်ဒေသနှင့် ကိုယ်ဥပဒေများဖြင့် သီးခြားတည်ရှိနေခဲ့သော ဒေသဆိုင်ရာ အစုအဖွဲ့များကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျှက် ပြည်ထောင်စုကြီး တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ရန် ချုပ်ဆိုခဲ့သော ပြည်ထောင်စု အုတ်မြစ် အခြေခံ စာချုပ်ဖြစ်ပါသည် ။
 
ထိုစဉ်က ကချင်ခေါင်းဆောင်များသည် (1895-Kachin Hill Regulation) အရ သီးခြား ကချင်ပြည်နယ်ကို ကိုယ်စားပြု၍ လည်းကောင်း ၊ ရှမ်းခေါင်းဆောင်များသည် Federated Shan State အရ ရှမ်းပြည်နယ်ကို ကိုယ်စားပြု၍ လည်းကောင်း ၊ ချင်းခေါင်းဆောင်များသည် (1896 Chin Hills Regulation) အရ ချင်းအထူးဒေသကို ကိုယ်စားပြု၍ လည်းကောင်း ၊ ဗိုလ်ချုပ်အောင် ဆန်းက 1935 Burma Act (Burma Proper) အရ ဗမာပြည်မကို ကိုယ်စားပြုလည်းကောင်း ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုး ခဲ့ကြခြင်းဖြစ်ပါသည် ။ ဤနေရာတွင် ပြောစရာရှိသည်မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရာတွင် ရခိုင်၊ကရင် ၊ မွန် တိုင်းရင်းသားတို့ မပါဝင်ခဲ့ခြင်းဖြစ်သည် ။ အကြောင်းမှာ Burma Proper အရ ကရင်၊မွန်၊ရခိုင်တို့ကို ပြည်မဟု ပူးတွဲ သတ်မှတ်ထားခြင်း ကြောင့်ဖြစ်ပါ သည် ။
 
ကိုလိုနီခေတ်က ဘုရင်ခံ၏ အမှုဆောင်ကောင်စီသည် မြန်မာနိုင်ငံ တစ်ဝန်းလုံး၏ အစိုးရအဖွဲ့ဖြစ်ရာ ယခုခေတ်တွင် ပြည်ထောင်စု အစိုးရ နှင့် တူညီပါသည်။ နယ်စပ်ဒေသများဆိုသည်မှာ ကချင်၊ကယား၊ကရင်၊ချင်း၊ စသော တိုင်းရင်းသားတို့ နေထိုင်ရာ ပြည်နယ်များ ဖြစ်ပါသည်။ နယ်တွင်း အုပ်ချုပ်ရေးဆိုသည်မှာ ထိုဒေသများတွင် ပြဌာန်းထားသော ဥပဒေများကို ဆိုလိုခြင်း ဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သော ပင်လုံစာချုပ်ပါ သဘောတူညီချက် အပိုဒ်(၅)တွင် ပါဝင်သော ကိုလိုနီခေတ် စကားလုံးများကို ဤမျက်မှောက် ခေတ် အသုံးအနှုန်းဝေါဟာရများဖြင့် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ = ပြည်ထောင်စုအစိုးရ၊ နယ်စပ်ဒေသများ = တိုင်းရင်းသား ပြည်နယ်များ ၊ ဒေသတွင်း အုပ်ချုပ်ရေး = ပြည်နယ်အုပ်ချုပ်ရေး ၊ ဟူ၍ အစားထိုးရေးသား ဖတ်ရှုကြည့်ကြလျှင် ယခု တိုင်းရင်းသားတို့ ဘာကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသလဲဆိုသော ပြဿနာ၏ အကြောင်းရင်း၊ တိုင်းရင်းသားများ ဘာကြောင့် စစ်မှန်သော ပြည်ထောင်စုစနစ် ( federal states) ကို တောင်းဆိုနေကြပါသလဲ ဟူသော အကြောင်းရင်းကို မြင်တွေ့နိုင်ပါလိမ့်မည်။
 
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသော တိုင်းရင်းသား ခေါင်းဆောင်ကြီးတို့ အုတ်မြစ်ချခဲ့သော လွတ်လပ်သော နိုင်ငံတော်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတိုင်းနှင့် ပြည်နယ်တိုင်းတွင် သီးခြားလွတ်လပ်သော အချုပ်အချယ် ကင်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကိုအာမခံသည့် ပြည်ထောင်စု စစ်စစ် စနစ်( federal states system) ဖြစ်ကြောင်းထင် ရှားစွာသိမြင်နိုင်ကြပါသည် ။ ထို့အပြင် “ထိုစာချုပ်၏ အပိုဒ်(၇)တွင် နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများ တွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကိုခံ စားနိုင်ခွင့် ရှိစေရမည်”ဟုထည့်သွင်းထားသေးရာ ပင်လုံစာချုပ် သည် ဒီမိုကရေစီအနှစ်သာရ ပြည့်ဝသော ပြည်ထောင်စုနိုင်ငံ စစ်စစ်ကို ထူထောင်ရန် ချမှတ်ခဲ့သော အုတ်မြစ် ဖြစ်သည်ဆိုသည်မှာ အထင် အရှား ဖြစ်ပါသည် ။
 
သို့ပါသော်လည်း ၁၉၄၇ အခြေခံဥပဒေ၏ ချွတ်ယွင်းချက် ၊ အားနည်းချက်များနှင့် ၀န်ကြီးချုပ်ဦးနု၏ လွဲမှားလှသော လုပ်ဆောင်ချက်များသည် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများ ဆုံးရှုံးရသဖြင့် မခံမရပ်နိုင်ကြသော တိုင်းရင်းသားများအား လက်နက်ကိုင်စွဲ သည်အထိ ပဋိပက္ခပြင်းထန်စေခဲ့ပါသည် ။ ပင်လုံစာချုပ်၏ အနှစ်သာရများကို ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက အကောင်အထည် မဖော်နိုင်ခဲ့ခြင်း ၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဌန်းခွင့်များကို ထိပါးလာ၍ တိုင်းရင်းသာများက ပြည်မမှခွဲထွက်ရန် ကြိုးပမ်းလာကြခြင်း တို့ကြောင့် ပြည်ထောင်စုအတွင်း စစ်မီးဟုန်းဟုန်း တောက်လောင်လာသည့်အချိန်တွင် ၀န်ကြီးချုပ်ဦးနုက ဗိုလ်ချုပ် နေ၀င်း (အိမ်စောင့်အစိုးရ)ထံ အာဏာ လွှဲပြောင်းခဲ့သည်။ အိမ်စောင့်အစိုးရမှ တဖန် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပပေး၍ အရပ်သား အစိုးရအား ပြန်လည် အာဏာလွှဲပြောင်းခဲ့သော်လည်း အစိုးရ၏အုပ်ချုပ်ရေး အားနည်းမှုကြောင့်၊ ကွန်မြူနစ်အလံဖြူ/နီပြဿနာ၊ ရဲဘော်ဖြူ/၀ါပြဿနာ ၊ KNDO ပြဿနာ စသည့် ပြဿနာ ပေါင်းများစွာဖြင့် ထိမ်းမနိုင် သိမ်းမရတော့သော အခြေအနေများ ပေါ်ပေါက် နေသည်ကို အကြောင်းပြ၍ ဗိုလ်ချုပ်နေ၀င်း၏ တော်လှန်ရေးကောင်စီက အာဏာ သိမ်းလိုက်ပြန်တော့သည်။ ထိုအချိန်မှစ၍ ဖက်ဒရယ်မူ ဆိုသည်မှာ“ပြည်ထောင်စုပြိုကွဲစေမည့် မူဝါဒလမ်းစဉ်” တစ်ခုအဖြစ် တပ်မတော်အစိုးရ အဆက်ဆက်တို့၏ ၀ါဒဖြန့်စရာ အကြောင်းတရား တစ်ခုဖြစ်ခဲ့ရပါသည် ။ ဗိုလ်ချုပ်တို့ချမှတ်ခဲ့သော ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သော ဖက်ဒရယ်မူသည် စစ်အစိုးရအ ဆက်ဆက်၏ ၀ါဒဖြန့်မှုကြောင့် ဆိုးရွားသော အဓိပ္ပါယ်ကို ဆောင်ခဲ့ပါတော့သည်။
 
တိုင်းရင်းသားများ တစ်စိုက်မတ်မတ် လိုလားတောင်းဆိုနေကြသည့် ဖက်ဒရယ်မူသည် ပြည်ထောင်စု ပြိုကွဲစေမည့် အကြောင်း တရားမဟုတ်ပါ ။ ဖဆပလ ၀န်ကြီးချုပ်ဦးနုနှင့် ဗိုလ်ချုပ်နေ၀င်းတို့ ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကြိုး တွေ့ကြသည်တွင် ကြားထဲမှ ဖက်ဒရယ်မူ နာမည် ပျက်ခဲ့ရခြင်းသာ ဖြစ်ပါသည် ။ (ခုချိန်တိုင်လည်း ဖက်ဒရယ်ဆိုသည်နှင့် “ပြည်ထောင်စု ဖြိုခွဲမည့်အကြံ ဒို့ လက်မခံ ”ဆိုသည့် မဟုတ်တမ်းတရား ကြွေးကြော်သံက ထွက်ထွက်လာပါသေးသည်)။ ကမ္ဘာပေါ်၌ ဖက်ဒရယ် စနစ်ကျင့်သုံးသည့် နိုင်ငံ များတွင် အမေရိကန်ပြည်ထောင်စုအပြင် ခေတ်မီဖွံ့ ဖြိုးတိုးတက်ပြီး နိုင်ငံများ ဖြစ်ကြသည့် ဂျာမဏီ ၊ အာဂျင်တီးနား ၊ သြစတေးလျ ၊ ဘရာဇီး ၊ အိန္ဒိယ ၊ မက္ကဆီကို စသော နိုင်ငံများ ပါဝင်ပေသည် ၊ ထိုနိုင်ငံများ တွင် ပြည်ထောင်စု ပြိုကွဲမည့် ပြဿနာများ ပေါ်ပေါက်နေ သည်ကို မကြားမိပါ။
 
ဖက်ဒရယ်မူသည် အမှန်စင်စစ်အားဖြင့် ပြည်ထောင်စုကို နည်းလမ်းတကျ မှန်ကန်စွာ တည်ဆောက်နိုင်စေမည့် နည်းလမ်း တစ်ခုသာဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး၍ ပြည်ထောင်စုနိုင်ငံတော် (Union) ကို အမှန်တကယ် တည်ထောင်မည် ဆိုလျှင် ဖက်ဒရယ်မူ( federalism) ကို ရှောင်လွှဲချင်၍ မရပါ ။ အထူးသဖြင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်ဖွဲ့စည်းရမည့် ပြည်ထောင်စု နိုင်ငံသည် ဖက်ဒရယ်မူကို လက်ခံကျင့်သုံးမည့် အစီအမံရှိရပါမည်။ ဖက်ဒရယ်မူကို မကျင့်သုံးဘဲ ဗဟိုမှ လက်ဝါးကြီး အုပ်ကြိုးကိုင်သော စနစ်ကို အသက်သွင်းမည့် နိုင်ငံသည် မည်သည့်အခါမှ စစ်မှန်သော ပြည်ထောင်စု နိုင်ငံတစ်ခု ဖြစ်လိမ့်မည် မဟုတ်ပါ။
 
ဖက်ဒရယ်မူကို နာမည်ဖျက်၍ “ဗဟိုစု-အာဏာ” ကိုဆုပ်ကိုင်ထားလိုသူများက ဆိုဗီယက် ပြည်ထောင်စုပြိုကွဲခြင်း ၊ ယူဂိုစလား ဗီးယား ပြည်ထောင်စု ပြိုကွဲခြင်းတို့ကို လက်ညှိုးထိုး ထောက်ပြတတ်ကြပါသည်။ မြန်မာနိုင်ငံနှင့် ထိုနိုင်ငံများကို ထပ်တူပြုခိုင်းနှိုင်း၍ မရနိုင် ပါ ။ ယခု တိုင်းရင်းသား များ တောင်းဆိုနေသည်မှာ ပြည်ထောင်စုမှ ခွဲထွက်၍ သီးခြား နိုင်ငံများအဖြစ် ထူထောင်ကြရန် မဟုတ်ပါ ။ ထိုနိုင်ငံများကဲ့သို့ လွတ်လပ်ရေး ကြေငြာကြရန်မဟုတ်ပါ။ တိုင်းရင်းသားတို့ တောင်းဆိုနေသည်မှာ (၁) တန်းတူညီမျှရေး။ (၂) ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနှင့် စစ်မှန်သောပြည်ထောင်စု (federal states) တည်ဆောက်ရေး တို့သာဖြစ်ပါသည် ။ ပြည်ထောင်စုအတွင်း သီးခြား လွတ်လပ်သည့် ဥပဒေဖြင့် သီးခြားလွတ်လပ်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို တောင်းဆိုခြင်းနှင့် ပြည်ထောင်စု ပြင်ပသို့ခွဲထွက်၍ လွတ်လပ်သည့် အချုပ်အချာ အာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်ရန် ကြိုးပမ်းခြင်းကို ကွဲပြားစွာ နားလည်ရန်လိုပါသည်။ ၁၉၄၇ ဥပဒေ၏ အားနည်းချက် ကိုဆုပ်ကိုင်၍ “ပြည်ထောင်စုမှ ခွဲထွက်မည်”ဟု မည်သည့် တိုင်းရင်းသားခေါင်းဆောင်များကမှ မတောင်းဆိုတော့ကြပါ။ တိုင်းရင်းသား ပြည်နယ်များ အနေဖြင့် ပြည်ထောင်စုအတွင်းမှ မခွဲမခွာဘဲ ရပ်တည်သွားမည် ဖြစ်ကြောင်း ကချင် (KIO) အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းများက အတိအလင်း ထုတ်ဖေါ် ပြောကြားခဲ့ပြီးဖြစ်သည် ။ ဤအချက်မှာ ကတိသစ္စာ ဖြစ်ပါသည်။ ကတိသစ္စာဆိုသည်မှာ ပြုသူက အလေးအနက် စောင့်ရှောက် ထိမ်းသိမ်းရမည် ဖြစ်သကဲ့သို့ ကျန်သူများကလည်း အလေးအနက် ယုံကြည်မှုရှိရန် လိုအပ်ပါသည်။
 
ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများအနက် ထင်ရှားလှသည်မှာ အမေရိကန်နိုင်ငံပင် ဖြစ်ပါသည်။ အမေ ရိကန်သမ္မတများ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၊အမေရိကန် အခြေစိုက် သတင်းမီဒီယာများသည် United states of America ဆိုသည်ကို မကြာခဏပင် the Union (ပြည်ထောင်စု)ဟု သုံးစွဲရေးသား ပြောဆို ဖော်ပြတတ်ကြပါသည်။( ဖက်ဒရယ်မူသည် ပြည်ထောင်စုကို ပြိုကွဲ စေလိမ့်မည်ဟု မဟုတ်တမ်းတရား ၀ါဒဖြန့်သူများနှင့် ထိုဝါဒဖြန့်ချက်ကို မျက်စေ့မှိတ် ယုံကြည်နေသူများ အနေဖြင့် ဤအချက်ကို သတိချပ် စေလိုပါသည်။) အမေရိကန်နိုင်ငံတွင် ပြည်နယ်တိုင်း ပြည်နယ်တိုင်းသည် (၁) တန်းတူရည်တူ အခွင့်အရေးရှိကြသည်။ ပြည် နယ်တိုင်းသည် အထက်လွှတ်တော် ( Congress) အမတ် နှစ်ဦးနှင့် လူဦးရေအလိုက် အောက်လွှတ်တော် (Senate) အမတ်များ ကိုရွေးချယ် တင်မြှောက်ခွင့်ရကြသည်။(၂) ကိုယ်ပိုင်ပြဌန်းခွင့် ရှိကြသည်( ပြည်နယ်တခုချင်းစီတွင် သီးခြားဥပဒေများ ပြဌာန်းထားကြသည်) ပြည်နယ်အစိုးရကို  ထိုပြည်နယ်ရှိ ပြည်သူများကသာ ရွေးချယ်တင်မြှောက်၍ ထိုသို့ရွေးချယ် တင်မြောက်ခံရသူသည် Governor (ပြည်နယ် အုပ်ချုပ်ရေးမှူး) ဖြစ်သည်။ မြန်မာနိုင်ငံအခေါ်အဝေါ် အသုံးအနှုန်းအရ ဆိုလျှင် တိုင်း/ပြည်နယ်ဒေသကြီး ၀န်ကြီးချုပ်ဟု ဆိုရပါမည်။ သို့သော် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁(ခ) (၁)နိုင်ငံတော် သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် …..သင့်လျှော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်။ ပုဒ်မ၂၆၁(ခ)(၂) ရွေးချယ် ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက် ရယူရမည်။ ၂၆၁(ဂ) နိုင်ငံတော် သမ္မတသည် …. သဘောတူညီချက် ရပြီးသောလွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရမည်။ ၂၆၁(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း ထင်ရှား မပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခြင်း မရှိစေရ ဟုပြဌာန်းထားသည့် ဥပဒေများအရ ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့်အပ် တာဝန်ပေးခွင့်ရှိခြင်း ဟူသော စွက်ဖက်မှုမျိုးကို အမေရိကန် ပြည်ထောင်စုတွင် ကျင့်သုံးကြောင်းမ တွေ့ရပါ။ ပြည်နယ်တစ်ခုစီ၏ သီးခြား ပြဌာန်းထားသော အခြေခံ ဥပဒေများအရ ပြည်နယ် တစ်ခု၏ Governor (ပြည်နယ်အုပ်ချုပ်ရေးမှူး)ကို ထိုပြည်နယ်ကသာ လွတ်လပ်စွာရွေးချယ် တင်မြှောက်ခွင့် ရှိပါသည်။ ဗဟိုအစိုးရမှ ပါဝင်စွက်ဖက်ခွင့် မရှိပါ။ ယခုအထက်တွင် ဖော်ပြခဲ့သော ဥပဒေမှာ ဗဟိုမှ စွက်ဖက်မှုပင် မဟုတ်တော့ဘဲ ဗဟိုမှချုပ်ကိုင်မှု ပုံစံဖြစ်နေပါသည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည်ဆိုသော ပြည်ထောင်စု စနစ်သည် ဗဟိုမှ ချုပ်ကိုင်မှုများ တိုးလို့တန်းလန်းဖြင့် မရှင်းမလင်း ဖြစ်နေသော စနစ်ဖြစ်နေပါသည် ။
 
သို့ဖြစ်ရာထို ၂၀၀၈ ဥပဒေသည် ဒီမိုကရေစီကို အခြေခံသော ဥပဒေ ဟုပင် ဆိုနိုင်ရန် ခဲယဉ်းလှပါသည် ။ ဒီမိုကရေစီ စနစ်တွင် ရပ်ကွက်တစ်ခု၏ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာပင် အထက်မှအောက်သို့စွက်ဖက်မှုကို လက်မခံနိုင်သည်ဖြစ်ရာ ၊ ပြည်နယ် ၀န်ကြီးချုပ်ကို နိုင်ငံတော် သမ္မတမှ ခန့်အပ်တာဝန် ပေးရမည်ဟု ပြဌာန်းထားသည့် ၂၀၀၈ အခြေခံဥပဒေကို တိုင်းရင်းသားများက လက်မခံနိုင်ကြခြင်းမှာ အပြစ် ဆိုဖွယ်ရာမရှိပါ ။ ကချင်ပြည် နယ်၊ ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ကယားပြည်နယ် ၊ မွန်ပြည်နယ် တို့သည် ၎င်းတို့၏ ပြည်နယ် ၀န်ကြီးချုပ်ကို ၎င်းတို့ ကိုယ်တိုင်ရွေးချယ် တင်မြှောက်ခွင့် ရှိကြရပါမည်။ ဤသည်မှာ ဖက်ဒရယ်မူ၏ အနှစ်သာရ တစ်ခုဖြစ်ပါသည်။ ထိုအချက်ကို ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ)က ၀င်ရောက်စွက်ဖက်ခြင်းမှာ မသင့်တော်ပါ ၊ ထိုသို့ ကိုယ်တိုင်ရွေးချယ်  တင်မြှောက်ခွင့်ကို ဗဟိုအစိုးရမှ စွက်ဖက်ခွင့်ပေးထားသော အခြေခံ ဥပဒေသည်လည်း စစ်မှန်သော ပြည်ထောင်စု နိုင်ငံတစ်ခု ၏ ဥပဒေ အင်္ဂါရပ်ဖြင့် မညီညွတ်ပါ
 
ဖက်ဒရယ် ဥပဒေအရ ပြည်နယ်အသီးသီးတွင် တရားရုံးချုပ်များ အသီးသီးရှိကြ၍ လွတ်လပ်သော တရားစီရင်ပိုင်ခွင့်များ ရှိကြသော်လည်း နောက်ဆုံး စီရင်ဆုံးဖြတ်ချက်သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင်သာ ရှိရသည် ။ ငွေစက္ကူထုတ်ဝေခြင်း ၊ နိုင်ငံခြားရေးမူဝါဒ (နိုင်ငံတကာ ဆက်ဆံရေး) နှင့် နိုင်ငံတော်ကာကွယ်ရေး အခွင့်အာဏာတို့သည် ပြည်ထောင်စု အစိုးရတွင်သာ နှင်းအပ်ထား ရသည်။ အခြားသော ဒေသတွင်း ပညာရေးစနစ်ပြဋ္ဌာန်းပိုင်ခွင့်၊ ၊ကျန်းမာရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ၊ ရဲတပ်ဖွဲ့ (ပြည်ထဲရေး) တရားမ ဥပဒေ ပြဋ္ဌာန်းခွင့်၊ အသက်မွေးဝမ်းကျောင်း လိုင်စင်များ ထုတ်ပေးခွင့်၊ လူမှုဖူလုံရေး ဥပဒေနှင့် ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများ အတွက် စီမံပိုင်ခွင့်များ ၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပိုင်ခွင့်များ စသည်အခွင့် အာဏာများကို ပြည်နယ်များ သို့ ဖြန့်ဝေပေး ထားပေသည်။ ဤသည်တို့ကို မြန်မာနိုင်ငံတွင်လည်း အတုယူ လိုက်နာ ကျင့်သုံးသင့်သည်ဟု ထင်မြင်ယူဆပါသည်။
 
ဖယ်ဒရယ် ပြည်ထောင်စုတွင် သမ္မတသည် စစ်သေနာပတိချုပ် ဖြစ်ရသည်။ ကာကွယ်ရေး ၀န်ကြီးသည် အရပ်သား ဖြစ်ရသည်။ နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်ထောင်စု တပ်မတော် တခုတည်းသာလျှင် ရှိရပြီး ပြည်နယ်များတွင် ပြည်နယ်လက်နက် ကိုင်တပ် (ပြည်နယ်တပ်မတော်) မရှိရချေ။ ပြည်ထောင်စု နိုင်ငံတစ်ခုတွင် ဤအချက်သည် လွန်စွာအရေးပါသည့် အချက်တစ်ချက် ဖြစ်ပေသည်။
 
ယခုမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် ပြဿနာများကို အမြန်ဆုံး အဆုံးသတ်နိုင်ရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အခိုင်အမာ အုတ်မြစ်ချ တည်ဆောက်နိုင်ရန်မှာ  ပြည်သူအများ သဘောတူလက်ခံနိုင်သည့် စစ်မှန်သော ဖယ်ဒရယ်မူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားများ အားလုံးတို့ပါဝင်လျက် ညှိုနှိုင်း ရေးဆွဲခွင့်ရရှိရန်မှာ အလွန်အရေးကြီးသည့် အချက်ဖြစ်သည်။ တိုင်းရင်းသား လူမျိုးများအကြား စေ့စပ်ညှိုနှိုင်းလျက် အများသဘောတူ လက်ခံသည့် ဖက်ဒရယ်မူကို အခြေခံသော တကယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေစစ်စစ် ကို ပြဌာန်း နိုင်ရမည်ဖြစ်ပါသည်။ ထိုဖက်ဒရယ် အခြေခံဥပဒေအရ (၁)တန်းတူညီမျှမှုရှိခြင်း (၂) ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိခြင်း နှင့်(၃) စစ်မှန်သည့် ပြည်ထောင်စုစနစ်တို့ ကိုတည်ဆောက်နိုင်ပြီ ဆိုပါက မည်သည့် တိုင်းရင်းသားများကမှ လက်နက်ကိုင်ရန် (ပြည်နယ်တပ်များထားရန်)လိုအပ်တော့မည် မဟုတ်ပါ။ ထိုအခါတွင် ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်နိုင်ပြီဖြစ် ပါလိမ့်မည်။ ကချင်ပြည်နယ်ပြဿနာ ၊ ကရင်ပြည်နယ်ပြဿနာ စသည်ဖြင့် အသက်ငင်နေသော ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တစ်ခွက်တည်းသော အာယုဝဍ္ဎုင်္နဆေးမှာ စစ်မှန်သော ပြည်ထောင်စုမူ (federalism) ချမှတ်နိုင်ရေးသာ ဖြစ်ပါချေသည်။
 
ယခုလတ်တလော ဖြစ်ပွားနေသော ကချင်ပြည်နယ် စစ်ပွဲများကို အမြန်ဆုံးရပ်စဲ၍ တိုင်းရင်းသားများနှင့် ထာဝရငြိမ်းချမ်းရေး ကိုတည်ဆောက် နိုင်ရန်မှာ နှစ်ပေါင်း (၆၀)ကျော်မျှ “ပင်လုံစိတ်ဓါတ် ၊ ပြည်ထောင်စု စိတ်ဓာတ်” စသည်ဖြင့် လူကြားကောင်းရုံ ပြောလျက် အမှန်တကယ်တွင် လုပ်ချင်ရာ လုပ်ကာ ချောင်ထိုးထားခဲ့ကြသော သမိုင်းဝင် ပင်လုံစာချုပ်ပါ ကတိက၀တ်များကို ပီပီပြင်ပြင် အကောင် အထည်ဖော် ကြရန်သာ ဖြစ်ပါသည် ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် (၁) တိုင်းရင်းသားပြည်နယ်များ အ တွက် စစ်မှန်သော ပြည်ထောင်စုစနစ်ကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရမှ ကြေငြာချက် ထုတ်ပြန်ရပါမည်။ (၂) အပစ်အခတ်ရပ်စဲရေးကို ပြည်တွင်းမှ ဂုဏ်သိက္ခာရှိ၍ နှစ်ဦးနှစ်ဘက် ယုံကြည် လေးစား ထိုက်သော ပုဂ္ဂိုလ်များပါဝင်သည့် တတိယအဖွဲ့ အစည်း ၏ ရှေ့မှောက်တွင် သဘောတူ လက်မှတ်ရေးထိုးကြရပါမည်။ (၃) နှစ်ဘက်တပ်များသည် စစ်မဲ့ဇုန်တစ်ခုကို ဖော်ဆောင်ရပါ မည်။ (၄) စောင့်ကြည့် အကဲခတ်ရေးအဖွဲ့ကို ခွင့်ပြုပေးရပါမည်။ (၅) ပင်လုံစာချုပ်၏ အနှစ်သာရကို အမှန်တကယ် ဖော်ဆောင်မည့် တတိယ အဖွဲ့အစည်း ပါဝင်လျက် သုံးဦးသုံးဖလှယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမြန်ဆုံး အကောင်အထည်ဖော်ရပါမည် ။ သို့မှသာ ပြည်သူများ မျှော်လင့်တောင့်တနေသော စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို ရနိုင်ပါလိမ့်မည် ။
 
လွတ်လပ်၍ ဒီမိုကရေစီစံနှင့် ကိုက်ညီ သော စစ်မှန်သည့် ပြည်ထောင်စု အုတ်မြစ်ကို ပင်လုံမှာချခဲ့သည် ၊ “ပင်လုံမှာစခဲ့သည်” ။ ယခု ငြိမ်းချမ်း၍ တန်းတူရည်မျှသော ၊ အချုပ် အချယ်ကင်းသော ၊ သီးခြားလွတ်လပ်၍ လွှမ်းမိုး စွက်ဖက်မှုကင်းသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို အသစ်တဖန် ပြန်လည် တည်ဆောက်ကြရန်အတွက် အမုန်းတရားများ ၊ အာဃာတများ ၊ ရန်မီးများ စစ်ပွဲများကို “ပင်လုံမှာပင် အဆုံးသတ်စေချင်ပါသည်” ။

ထင်လင်းဦး ( Wisdom Villa)
Copy from - Messenger News Journal

0 comments: