Saturday, January 26, 2013

ဝတပ်ကို တရုတ်လက်နက်ရောင်း

 
Photo by - Freedom News Group(Burma)
 
တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့တခုကို တရုတ်နိုင်ငံက ခေတ်မှီ လက်နက်တွေကို ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို တရုတ်က လက်နက်တွေ တိတ်တဆိတ် ရောင်းချနေတာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ဖြစ်တဲ့ Jane Defense အဖွဲ့က ပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို သတင်းထောက် Daniel Schearf ဘန်ကောက်က ပေးပို့တဲ့သတင်းအပေါ်မူတည်ပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တွေနဲ့အစိုးရတပ်တွေကြား တိုက်ပွဲတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တရုတ်အစိုးရ ပြောနေချိန်မှာပဲ တရုတ်အစိုးရဟာ နယ်စပ်က နောက်ထပ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ The United Wa State Army (UWSA) ဝတပ်ဖွဲ့ကို လက်နက်တွေ
တိတ်တဆိတ် ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေက ပြောလိုက်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ဖို့ ခေတ်မှီလက်နက်တွေကို တရုတ်က ပြီးခဲ့တဲ့ နှစ်က ရောင်းချခဲ့တယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာရေး Jane အဖွဲ့ရဲ့ ဒီဇင်လာဘာလက ထုတ်ပြန်တဲ့ ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ရောင်းချခဲ့တဲ့အထဲမှာ မြေပြင်ကနေ ဝေဟင်ပစ် Missile ဒုံးလက်နက်တွေ ပါဝင်သလို သံချပ်ကာကား ၁၂ စင်း အနည်းဆုံး ပါဝင်တယ်လို့ဆိုပါတယ်၊ Jane ထောက်လှမ်းရေး အစီရင်ခံစာ အဆိုအရတော့ Tank Destroyer တင့်ကားဖျက်လက်နက်တွေလို့ သုံးနှုန်းထားပါတယ်၊ ဒီအစီရင်ခံစာကိုရေးသားတဲ့ ထိုင်းအခြေစိုက် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ Anthony Davis က တရုတ်အစိုးရဟာ ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကို အတိမ်းအစောင်းမရှိအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်၊

"တရုတ်ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို လှစ်လျှူရှုထားမထားနိုင်သလို ဗဟိုအစိုးရကိုလဲ လစ်လျှူ မရှုထားနိုင်ပါဘူး၊ ဒါဆိုရင် တရုတ်က လက်နက်ကိရိယာတွေကို တိုက်ရိုက် ပေးနေသလားလို့ ဆိုရင်လဲ အဲလို မဟုတ်ပြန်ပါဘူး၊ လက်နက်တွေဟာ အစိုးရအဖွဲ့ထဲက အဆင့်မြင့်တာဝန်ရှိသူတွေဆီက လာတယ်ဆိုတာကတော့ ရှင်းပါတယ်၊ အဲဒီလိုပြောလို့ တိုက်ရိုက် ငွေကြေးထောက်ပံ့နေတယ်လို့လဲ မဆိုနိုင်ပါဘူး၊ သူတို့အတွက်က ငြင်းသာ ဖယ်သာ အခြေအနေကိုထိန်းထားဖို့ လိုပါတယ်"

Jane အဖွဲ့ရဲ့ ထောက်လှမ်းရေးသုံးသပ်ချက် အစီရင်ခံစာနဲ့ ပါတ်သက်လို့ တရုတ်နိုင်ငံခြားရေးဌာနက တစုံတရာ တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်၊ သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကလဲ ဒီအစီရင်ခံစာနဲ့ ပါတ်သက်လို့ တုံ့ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ်၊

"ဒီကိစ္စနဲ့ ပါတ်သက်လို့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရပါဘူး၊ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တရုတ်အစိုးရက အမြဲအာမခံချက် ပေးပါတယ်၊ သူတို့ရဲ့ အာမခံချက်ကို ကျွန်တော်တို့ကလဲ လက်ခံပါတယ်။"

Copy from - voanews.com/

0 comments: