Saturday, January 5, 2013

ကချင် = ဗမာ သမိုင်း အပိုင်း(၁) နှင့် အပိုင်း (၂) ။

ပြည်ထောင်စုဘွား ညီအကိုများ ချစ်ကြည်ရေးငြိမ်းချမ်းရေး အတွက် တင်ပြထားတဲ့ အလွန်ဖတ်သင့်သည့် ဆောင်းပါးတပုဒ် ဖြစ်ပါသည်။ ဆောင်းပါးရှင်ကိုလဲ အထူးကျေးဇူးတင်ပါတယ်.....
အပိုင်း(၁)
ယနေ့ထိ သမိုင်းဝင်ဓါတ်ပုံအဖြစ် ( အထူးသဖြင့် တိုင်းရင်းသား ချစ်ကြည်ရေး အခမ်းအနားပွဲများတွင် ) ဂုဏ်ယူစွာ မြင်တွေ့ ရသည့် ချစ်ကြည်ရေး ဓါတ်ပုံ ။

ကချင်လူမျိုး တို့သည် ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက် တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့ စတင်၍ ကျုးကျော် လာစဉ်ကတည်းက အလွန်တရာမုန်းတီးခဲ့ပြီး ဗမာနှင့် အခြား တိုင်းရင်းသားများ နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံတွန်းလှန် ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏ စရိုက်တစ်ခုမှာ မဟုတ်မခံ စိတ်ရှိသည်၊ ရိုးသား ဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကို လက်နှင့် ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက် ချည်နှောင်ခြင်း၊ အတင်းအဓမ္မ ဒူးထောက် အညံ့ခံ ခိုင်းခြင်းများ လုံးဝ မကြိုက်ပါ။

၁၉၄၂- ခု၊ မေလ(၅)ရက်တွင် ဂျပန်တပ်များ ကချင်နယ် မြေဒေသများနှင့် မြစ်ကြီးနားသို့ ရောက်ရှိ လာစဉ်ကလည်း အင်္ဂလိပ် စစ်တပ်ကို ခုခံ တိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲ ဝင်ခဲ့ကြပြီး၊ ဂျပန်တပ်များ ဆွမ်ပရာဘွမ်သို့ ချီတက်စဉ် ကမ်းပါးစောက်နက်သော လမ်းအကွေ့တစ်နေရာမှ ကချင်များ၏ ချုံခို တိုက်ခိုက်မှုကြောင့် ဂျပန် စစ်သားများ ချောက်ထဲသို့ ကားကို လီဗာတင်မောင်း၍ အသေခံသွားကြသည်အထိ စွမ်းရည် ပြခဲ့ကြသည်။ ထိုနေရာကို( ဂျပန်ပျံကွေ့)ဟု သမိုင်းဝင် တစ်နေရာအဖြစ် ဂျပန် ကမ္ဘာလှည့် ခရီးသည်များ ယနေ့တိုင် သွားရောက် ကြည့်ရှုကြသည်မှာ ကချင် တို့၏ ကျုးကျော် မခံသော ပြည်ထောင်စု စိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်။

၁၉၄၅-ခု၊ သြဂုတ်လ(၁၅)ရက်နေ့တွင် ဂျပန်များ အကြွင်းမဲ့ လက်နက်ချပြီးနောက် အင်္ဂလိပ်တို့ပြန်လည် ဝင်ရောက်လာသော အခါ လွတ်လပ်ရေးအတွက် တောင်တန်းဒေသများ၏ သဘောတူညီမှု စာချုပ် ချုပ်ဆိုပြရမည်ဟု ဆိုခဲ့ရာ ၁၉၄၆-ခု၊ နိုဝင်ဘာ (၂၈)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြစ်ကြီးနားမြို့သို့ ရောက်ရှိ လာစဉ်က အခြေအနေကို ကြည့်လျှင် ကချင်ဗမာ ချစ်ကြည်ရေးကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ထိုနေ့က ကချင်ခေါင်းဆောင်များနှင့် ကချင်တိုင်းရင်းသား အများအပြားသည် မြစ်ကြီးနား ဘူတာကြီးတွင် စုဝေးကြိုဆိုခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ယူနီဖောင်းကြီး ဝတ်လျက် ခန့်ခန့်ညားညား တွေ့မြင့်ရမည်ဟု မျှော်လင့်ထားရာ ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူအရပ်သားတို့နှင့်မခြား အရပ်ဝတ်ဖြင့် ထွက်လာသဖြင့် အံ့သြလျက် ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်ကို သဘောကျခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်တိုင်းရင်းသားခေါင်းဆောင် ဆမားဒူဝါ ဆင်ဝါးနောင်၏ နေအိမ်တွင် တည်းခိုလျက် တစ်ညလုံး လွတ်လပ်ရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ပြီး ကချင်ဒေသအတွက် ထိုမျှ အလေးထားခဲ့သည်။ (ဗိုလ်ချုပ်သည် ရှမ်းစော်ဘွားများနှင့် ချိန်းဆိုထားသော အစီအစဉ်ကို ကိုလှထွန်းအား ရှေ့ပြေးစေလွတ်လျက် ကချင်အရေးကို ဦးစားပေး ရောက်လာခြင်း ဖြစ်သည်။)

ထို့အတူ မန်ခိန်း (Man Hkaring) ကျေးရွာတွင်ပြုလုပ်သော ကချင်ဒေသ လူထု အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ၌ “ ဗမာများက ကချင်များအပေါ် စိုးမိုးအုပ်ချုပ်မည်မဟုတ်ကြောင်း၊ တောင်တန်းဒေသကို ကချင်များ စိတ်တိုင်းကျ အုပ်ချုပ် နိုင်ကြောင်း၊ သို့ပါသော်လည်း တစ်ပြည်လုံးနှင့် သက်ဆိုင်သာ ဘာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည်တို့ကိုမူ ကချင်ဝန်ကြီးပါဝင်သော ဗဟိုအစိုးရ(ပြည်ထောင်စုအစိုးရ)က တိုင်ပင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဘာသာရေး၌လည်း လွတ်လပ်စွာကြိုက်နှစ်သက်သည့် ဘာသာကို ယုံကြည်ကိုးကွယ်နိုင်ကြောင်း၊ ကချင်တပ်ရင်းသီးခြား ဖွဲ့စည်းပေး မည်ဖြစ်ကြောင်း၊ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူ အခွင့်အရေး ရမည် ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာ မကောင်းဘူးလို့ထင်ရင် လက်တွေ့ ပေါင်းကြည့်နိုင်ကြောင်း၊ ယခု ဗမာက ယခင် ဗမာနှင့် မတူကြောင်း ခင်ဗျားတို့ ယုံပါ ”ဟု မိန့်ကြားခဲ့ရာ ကချင်လူမျိုးများသည် ဗိုလ်ချုပ်ကို အလွန်ပင် ကြည်ညိုလေးစားသွားကြပါသည်။ မိန့်ကြားချက်ကို အလွန်နှစ်ထောင်း အားရခဲ့ပြီး ဗမာနှင့်အတူ မိမိတို့ လွတ်လပ်ရေးရယူရန် စိတ်ဝင်စားမှု ထက်သန်လာကြသည်။ ထိုနေ့ညတွင်ပင် ဂုဏ်ပြုညစာ စားပွဲကျင်းပရာ ကချင်ခေါင်းဆောင်များက ဗိုလ်ချုပ်အောင်ဆန်း အား “ ခင်ဗျားတို့ ဗမာတွေက အရာရာမှာ အရင်တတ်ကျွမ်းနားလည်တဲ့ အတွက် ဘာမှမတတ်သေးတဲ့ ကျွန်တော်တို့ ဂျိန်းဖော့(ကချင်)တွေကို ညီအစ်ကိုရင်းချာ ပမာ အမြဲတမ်း ပံ့ပိုးကူညီ လမ်းပြပေးကြပါ ” ဟုပြောဆိုလျက် ဗိုလ်ချုပ်အား ကချင် ခေါင်းပေါင်း ပေါင်းပေးပြီး ကချင်ငွေဓါးလွယ်၊ ကချင် လွယ်အိတ် များ လွယ်ပေးကြရာ ခေါင်းပေါင်းက မတော်သဖြင့် ခေါင်းအနေအထားတူသော ဒူဝါဇော်ရစ်က သူ့၏ ခေါင်းပေါင်းနှင့်လဲပေးလိုက်သည်။ ထိုနောက် အမှတ်တရဓါတ်ပုံရိုက်ကူးရန် ဗိုလ်ချုပ်ကို ကချင်အမျိုးသမီး(၆)ဦး၏ အလယ် တွင် ထိုင်စေလျက် ဓါတ်ပုံရိုက်ရန် ချိန်ထားစဉ် ကချင်တိုင်းရင်သားတစ်ယောက်မှ “ ဗိုလ်ချုပ်တော့ ကချင်မလေးတွေနဲ့ ဓါတ်ပုံအတူရိုက်တာ အိမ်ပြန်ရောက်လို့တော့ ဓါတ်ပုံကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် တွေ့သွားရင် ဗိုလ်ချုပ်တော့ ဗိုက်ခေါက်ဆွဲ အလိမ်ခံရတော့မှာပဲ ” ဟု ချစ်စနိုးဖြင့် စလိုက်ရာ ပရိသတ်အားလုံး ဝါးကနဲ ရယ်ပွဲကျသကဲ့သို့ အလွန်တရာ ရယ်ခဲလှသော ဗိုလ်ချုပ်သည်ပင်လျှင် သဘောကျနှစ်ချိုက်စွာ ရယ်မောလိုက်သည်ကို သတင်းထောက်ဦးပုလေးသည် အမိ အရ ရိုက်ယူနိုင်ခဲ့ရာ ယနေ့ထိ သမိုင်းဝင်ဓါတ်ပုံအဖြစ် ( အထူးသဖြင့် တိုင်းရင်းသား ချစ်ကြည်ရေး အခမ်းအနားပွဲများတွင် ) ဂုဏ်ယူစွာ မြင်တွေ့ရပေမည်။

အင်္ဂလိပ်အစိုးရမှ တောင်တန်းဒေသအုပ်ချုပ်ရေးမှူး ( Director of Frontier Area Administration) H.N.C Stevenson မြစ်ကြီးနားသို့ရောက်ရှိစဉ် ကချင်ခေါင်းဆောင်များနှင့်တွေ့ကာ(ကချင်ပြည်နယ်သီးခြားဖြစ်မှကချင်လူမျိုးများ တိုးတက် ကြီးပွားနိုင်မည်ဖြစ်၍ ကချင်ပြည်နယ် သတ်မှတ်ပြီး ဗမာနှင့်ခွဲခြား အုပ်ချုပ်ရန် တင်ပြထားကြောင်း၊ သို့သော် ကချင်တို့က ဗမာများနှင့် ခွဲခြားမနေလိုကြောင်း ကန့်ကွက် ပြောဆိုနေ၍ မစီမံရသေးတာဖြစ်ကြောင်း၊ ထို့ကြောင့် ဂျိန်းဖော့(ကချင်)တို့က သီးခြား ပြည်နယ် ရယူလိုကြောင်း တောင်တန်းဒေသ အုပ်ချုပ်ရေးအောက် ဆက်နေလိုကြောင်း ပါလီမန် အထူးကိုယ်စားလှယ် ရှေ့တွင် တစ်သံတည်း ထွက်ပေးရန်နှင့် ဆက်နေပါက(၅)နှစ်အတွင်း ကချင်တို့ကို ဗမာတို့နှင့်တန်းတူ ပညာတတ်စေရန် အင်္ဂလိပ် အစိုးရက အစီအစဉ် ဆွဲထားပါကြောင်း ) စည်းရုံးပြောဆိုခဲ့ရာ ကချင်ခေါင်းဆောင်တစ်ဦးက ( ခင်ဗျားတို့ အင်္ဂလိပ်တွေ ကျွန်တော်တို့ ကချင်တွေကို နှစ်ပေါင်းငါးဆယ် အုပ်ချုပ်ခဲ့ပြီ ဖြစ်သော်လည်း တိုးတက်အောင် ဘာမှ မလုပ်ပေးခဲ့ဘူး၊ ပညာလည်းကောင်းကောင်းမသင်ပေး ခဲ့ဘူး။ ယခုမှခင်ဗျားပြောသလို တိုးတက်အောင်လုပ်ပေးမယ်၊ ပညာ သင်ပေးမယ် ဆိုတာကိုမယုံဘူး) ဟု ငြင်းပယ်ခဲ့ပြီး ဗမာနှင့်အတူလွတ်လပ်ရေးရယူပြီး ပြည်ထောင်စုဖွဲ့ရန်သာ စိတ်အား ထက်သန်ခဲ့သည် ကို ကြည့်ခြင်းအားဖြင့် ထိုစဉ်ကတည်းက ကချင်လူမျိုးများသည် မည်မျှချစ်ကြည်မှု ရှိနေပြီဆိုတာ သမိုင်း တစ်ခု ပြနိုင်ခဲ့သည်။

သို့သော် ပင်လုံညီလာခံပြီးနောက်ပိုင်း ၁၉၄၇-ခု၊ ဇွန်လ(၁၀)ရက်နေ့တွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက် နိုင်သည့် ဖဆပလညီလာခံတွင် ကချင်ပြည်နယ်ကိုသတ်မှတ်ပေးရန် အချက်အလက် မပြည့်စုံသဖြင့် ကချင်ခေါင်းဆောင် (၇) ဦး၏အဆိုအား ဦးနုနှင့် ဖဆပလကိုယ်စားလှယ် အများစုက ပယ်ချခဲ့ပြီး ကချင်ရေးရာဌာန(Kachin Affairs Department ) ကိုသာ သတ်မှတ်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့် ကချင်ကိုယ်စားလှယ်(၇)ဦးမှာ စိတ်ပျက်လက်ပျက်ဖြင့် ညီလာခံမှ သပိတ်မှောက်ထွက်ခွာ၍ အလုံရပ်ကွက်ရှိ တည်းခိုသော ကချင် ဧည့်ဂေဟာသို့ ပြန်သွားခဲ့ကြပြီး နောက်နေ့ မှာပင် မြစ်ကြီးနားသို့ ပြန်ရန် ဆုံးဖြတ်ကြလေသည်။ ထိုသို့သာ ကချင်နှင့်အတူ ရှမ်း၊ ချင်းကိုယ်စားလှယ်များ လိုက်လုပ်ကြ လျှင် ပြည်ထောင်စု ဖွဲ့စည်းရေးရည်ရွယ်ချက် ပျက်ပျယ်တော့မည်ကို ချက်ချင်းရိပ်စားမိသော ဗိုလ်ချုပ်အောင်ဆန်းသည် ညတွင်း ချင်းပင် ကချင်ဂေဟာသို့ အပြေးအလွား သွားရောက်၍ ကချင်ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ (“ဒူဝါကြီးတို့ စိတ်ရှည်ကြပါ၊ မနက်ဖြန် ငါကိုယ်တိုင် ညီလာခံကို ဦးဆောင်ပါ့မယ်၊ ဒူဝါကြီးတို့ တောင်းဆိုတဲ့ အတိုင်း ကချင်ပြည်နယ်ကို သတ်မှတ်ပေးမှာပါ၊ ဒူဝါကြီးတို့ လိုအင်ဆန္ဒ ပြည့်ဝစေရမယ်၊ မနက်ဖြန် မြစ်ကြီးနားပြန်ဖို့ အစီအစဉ်ကို ဖျက်သိမ်း ပြီး ညီလာခံ ပြန်တက်ကြပါ ” ) ဟု ဖြောင့်ဖျ ပြောဆိုခဲ့သည်။
ကချင်=ဗမာ သမိုင်း (အပိုင်း-၂) ။
-----------------------------------------------------------------
ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်သည့် ဖဆပလညီလာခံ၏ ဆုံးဖြတ်ချက်အကြောင်း မတင်ပြခင်၊ တောင်တန်း ဒေသ တိုင်းရင်းသား တို့နှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည် သမိုင်းဝင် (ပင်လုံ) စာချုပ် ပါ အချက်များကို ဖော်ပြလိုသည်။

ပင်လုံစာချုပ်
ဖေဖော်ဝါရီလ(၁၂)ရက်၊ ၁၉၄၇ ခု။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ် အဖွဲ့တို့သည် (၁၂-၂-၄၇) နေ့တွင် သမိုင်းဝင် ပင်လုံညီလာခံကို ကျင်းပခဲ့ကြပါသည်။ ညီလာခံ အစတွင် ဗိုလ်ချုပ်အောင်ဆန်း က “ ဒီကနေ့ ကျွန်တော် ဒီနေရာမှာ ပြောကြားချင်တဲ့ စကားတွေ အားလုံး အဆွေတော်တို့ကို ပြောပြခဲ့ပြီး ဖြစ်တယ်။ ဗမာနှင့်ပေါင်းပြီး လွတ်လပ်ရေး အတူတူ ယူမလား၊ မယူဘူးလား ဆိုတာကို အဆွေတော်တို့ ဘာသာ ဆုံးဖြတ်ကြပါ။ ကျုပ်တို့ဗမာတွေက လွတ်လပ်ရေးယူတော့မယ်၊ ဒီကိစ္စ အဆွေတော်တို့လည်း ဆုံးဖြတ်ပြီးပြီ ဖြစ်မယ် ထင်တယ်။ ကျုပ်တို့က အဆွေတော်တို့ကို အဓမ္မ မတိုက်တွန်းဘူး ”ဟု အဖွင့်မိန့်ခွန်းတွင် တိုတိုပဲပြော ကြားခဲ့ပါသည်။
(ပင်လုံညီလာခံသို့ ဗိုလ်ချုပ်နှင့်အတူ တက်ရောက်ခဲ့သော ဦးဖေခင်၏ပြောပြချက်)
တက်ရောက်လာသူများမှ ကြားဖြတ်ဗမာ အစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ကချင်၊ချင်း တို့သည် လွတ်လပ်ရေး ကို ပိုမိုလျှင်မြန်စွာ ရရှိလိမ့်မည်ဟူသောအားဖြင့် သဘောထားဆုံးဖြတ်ချက်ကို ကန့်ကွက်မည်သူ မရှိပဲ အောက်ပါအတိုင်း သဘောတူခဲ့ကြသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက် ရန် အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ကောင်စီဝင်တစ်ဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်သူကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိစေရမည်။ ဤနည်း လမ်းများ အတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့် အာဏာ ကို ပေးအပ်ရမည်။
၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးခြင်းမတူသော ဒုတိယ အတိုင်ပင်ခံနှစ်ဦးက ကူညီပေးရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးနှင့် သက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များ ကို ဆောင်ရွက်ရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရတွဲဖက်တာဝန်ယူရသည့် မူအတိုင်း ဆောင်ရွက် စေရမည်။
၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တစ်ဦးတည်း သော ကိုယ်စားလှယ် အဖြစ်ပါဝင်စေရမည် ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင် သော ကိစ္စရပ်များကို ဆွေးနွးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်ခွင့် ရှိစေရန် ရမည်။

၅။ အထက်တွင် သဘောတူညီသည့် အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ် ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး ရာနုန်းပြည့် ရှိစေရမည်ဟူသော မူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့် ပြည်ထောင်စု ဤမြန်မာနိုင်ငံအတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နမိတ် သတ်မှတ်၍ တည်ထောင်ရန် ကိစ္စမှာ တိုင်းပြုပြည်ပြုလွတ်တော်တွင် ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြား ပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်း အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရအက်ဥပဒေအရ နောက်ဆက်တွဲပါ စာရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံ အသိအမှတ်ပြုထားသော အခွင့်အရေးများကို ခံစားနိုင်ခွင့်ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူကြသည့်အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေး နှင့် ပတ်သက်သည့်ကိုယ်ပိုငအုပ်ချုပ်ရေးကို ထိခိုက်စေခြင်းမရှိရန်။
၉။ ဤစာချုပ်တွင်သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်း နယ်များ နှင့်ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်စေခြင်း မရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ်ရှမ်းပြည်စု၏ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့်ချင်းတောင်တန်း များအတွက် အလားတူ အစီအစဉ်များ ထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ အတိုင် ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူ စစ်ဆေးကြည့်ရှု ရမည်။
ထိုသမိုင်းဝင် ပင်လုံစာချုပ်၌ အစည်းအဝေး တက်ရောက်သော အောက်ပါ ပုဂ္ဂိုလ်များ လက်မှတ်ရေးထိုး ခဲ့ကြ ပါသည်။ ဗမာ ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုး၍ ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ် များ အသီးသီးက လက်မှတ်ရေးထိုးကြပါသည်။
ဗမာ ကိုယ်စားလှယ်-
(ပုံ) အောင်ဆန်း

ကချင် ကိုယ်စားလှယ်-
(ပုံ) ဆမားဒူဝါဆင်ဝါးနောင်(မြစ်ကြီးနား) ။
(ပုံ) ဒူဝါဇော်ရစ် (မြစ်ကြီးနား) ။
(ပုံ) ဒူဝါ ဒိန်ရတန် (မြစ်ကြီးနား) ။
(ပုံ) ဒူဝါဇော်လ (ဗန်းမော်) ။
(ပုံ) ဒူဝါဇော်လောန် (ဗန်းမော်) ။
(ပုံ) ဦးလဘန်ဂရောင်း (ဗန်းမော်)

ချင်း ကိုယ်စားလှယ်-
(ပုံ) ပိုးလွှာမှုန်း (အေတီအမ်၊အိုင်တီအိုင်(စ်)အမ်းဖလမ်း) ။
(ပုံ) ပိုးသောင်စာခပ် (အေတီအမ်၊တီးတိန်) ။
(ပုံ) ပိုးကွယ်မန်း (အေတီအမ်၊ ဟားခါး )

ရှမ်း ကိုယ်စားလှယ်-
(ပုံ) ခွန်ပန်းစိန် (တောင်ပိုင်စဝ်ဖလုံး) ။
(ပုံ) စပ်ရွေသိုက် (ညောင်ရွှေစဝ်ဖလုံး) ။
(ပုံ) စပ်ဟုန်ဖ (မြောက်ပိုင်းသိန္နီစဝ်ဖလုံ) ။
(ပုံ) စပ်နွံ (လေးချား စဝ်ဖလုံ) ။
(ပုံ) စပ်စံထွန်း (မိုင်းပွန် စဝ်ဖလုံ) ။
(ပုံ) စပ်ထမ်းအေး (တာမိုင်းခမ်းစဝ်ဖလုံ) ။
(ပုံ) ဦးဖြူ (သထုံ စဝ်ဖလုံ၏ကိုယ်စားလှယ်) ။
(ပုံ) ခွန်ဖုံ (မြောက်ပိုင်း သိန္နီ ) ။
(ပုံ) ဦးတင်အေး ။
(ပုံ) ဦးထွန်းမြင့် ။
(ပုံ) ဦးကြာပု ။
(ပုံ) ဦးခွန်စော ။
(ပုံ) စဝ်ရဖ ။
(ပုံ) ဦးခွန်ထီး ။ တို့ဖြစ်ကြပါသည်။
ပင်လုံညီလာခံကျင်းပပြီးနောက် မိမိတို့ ဒေသ အသီးသီးတွင် လူထုအစည်းအဝေးပွဲများ ကျင်းပလျက် ညီလာခံနှင့် စပ်လျဉ်း ၍ သဘောတုညီချက်များကို ဒေသပြည်သူများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့အတူ တိုင်းပြု ပြည်ပြု လွတ်တော် ကျင်းပမည် ဖြစ်သဖြင့် တက်ရောက်ရန် ကိုယ်စားလှယ် အဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။
ရှေ့ အပိုင်း(၁) တွင် ဖော်ပြခဲ့သည့်အတိုင်း ဖဆပလ ခေါင်းဆောင်များနှင့် ပြေလည်မှုမရ၍ ပြန်တော့မည် ဒူဝါကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မေတ္တာရပ်ခံချက်နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ကြည်ညိုလေးစား ယုံကြည်မှုများကြောင့် နောက်တစ်ရက်တွင် ညီလာခံ ပြန်လည်တက်ရောက်ခဲ့သည်။ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းမှ ကချင်ခေါင်းဆောင်များ တောင်းဆိုသည့် အတိုင်း ကချင်ပြည်နယ် သတ်မှတ်ရေးကို ဆွေးနွေး ဆုံးဖြတ် အတည်ပြုပေးခဲ့သည်။

အခြေခံ ဥပဒေ ပုဒ်မ ၁/၆တွင် “ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များဟူ၍ ယခင် က ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေတစ်ခု အဖြစ် သီးသန့် ဖွဲ့စည်းရမည်။ ထို ပြည်ထောင်စု အဖွဲ့ဝင် နယ်မြေကို ဤမှနောင်အခါတွင် ( ကချင်ပြည်နယ်)ဟူ ခေါ်ဆိုရမည် ဖြစ်သည်။ ” ဟု ရေးဖွဲ့ထားသည့် အတိုင်း မြစ်ကြီးနား အပိုင်း(၁)၊(၂) နှင့် ဗန်းမော်အပိုင်း (၁)၊(၂)တို့အား ပြည်ထောင်စုအဖွဲ့ဝင် အဖြစ် ပေါင်းစည်း၍ ကချင်ပြည်နယ် ဟု သတ်မှတ် ခဲ့ကြသည်။ ကချင် ပြည်နယ်၏ နယ်မြေ အကျယ်အဝန်းသည် အရှေ့လောင်ဂျိ တွဒ် ၉၆ံ နှင့် ၉၈ံ ၄၈ ကြား ၊ မြောက် လတီ တွဒ် ၂၃ံ ၂ရ နှင့် ၂၈ံ ၅၅ ကြား ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း(၃၄၃၇၉)ခန့် ရှိသည်။ ကချင်ပြည်နယ်သည်ပြည်နယ်များတွင် ဒုတိယအကြီးဆုံးဖြစ်သည်။ နယ်စပ်မျဉ်းအဖြစ်အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည် တို့မှ နယ်မြေသတ်မှတ်ယူ၍ ကချင်ပြည်နယ် အဖြစ် သတ်မှတ်ခဲ့သည်။
အပိုင်း(၃) လွတ်လပ်ရေး ရပြီးနောက်ပိုင်းအခြေအနေများ နှင့် ကချင်ပြည်နေ့ ဟုခေါ်တွင်သော(နေ့) စတင် ကျင်းပခဲ့ခြင်း တို့ကို ဆက်လက် ဖော်ပြပေးပါမည်။
အပိုင်း(၃)နှင့်(၄) https://www.facebook.com/note.php?saved&&note_id=379145558847685
လေးစားချစ်ကြည်စွာ နေထိုင်နိုင်ရေး မျှော်လင့်လျက်-
ကိုဝိုင်ဝိုင်ကေ
၅-၁-၁၃

0 comments: