Wednesday, January 23, 2013

ကချင်စစ်ပြေးဒုက္ခသည် အမျိုးသမီးတွေကို ဒေါ်အောင်ဆန်းစုကြည် အားပေးစကားပြော

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းက အမျိုးသမီးတွေ အနေနဲ့ ပြဿနာတွေကို အတူတကွ လက်တွဲေ ဖြရှင်းသွားကြဖို့နဲ့ အနာဂတ် မျှော်လင့်ချက်တွေကို လက်မလွှတ်ကြဖို့ အားပေးစကား ပြောကြား လိုက်ပါတယ်။

ပြည်တွင်း သတင်း မီဒီယာသမားအဖွဲ့ဟာ ကချင်ပြည်နယ်က စစ်ပြေးရှောင် ဒုက္ခသည်တွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘ၀အခြေအနေ ရည်မှန်းချက်တွေကို တင်ပြနိုင်ဖို့အတွက် သွားရောက် လေ့လာကြရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့နဲ့အတူ သတင်းစကား ပါးလိုက်တာ ဖြစ်ပါတယ်။

ရသအလင်း မီဒီယာအုပ်စုက တရုတ်မြန်မာနယ်စပ် မန်ဝိန်းကြီးဒေသကို မနေ့က သွားရောက်ခဲ့ပြီး ဒီနေ့မှာတော့ မိုင်ဂျာယန်နဲ့ လိုင်ဇာဒေသအနီးက စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည် အမျိုးသမီးနဲ့ ကလေးတွေကို တွေ့ဆုံမေးမြန်းနေပြီး မီဒီယာတွေမှာ ဖေါ်ပြနိုင်ဖို့ လုပ်ဆောင် နေတာဖြစ်တယ်လို့ အဲဒီအဖွဲ့
ကို ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ မမွန်မွန်မြတ်က RFA ကို ပြောပြပါတယ်။

စစ်ပွဲတွေရဲ့ အနိဌာရုံတွေကို အများဆုံး ခံစားရတာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တာကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေက ပိုပြီးတော့ ပါဝင်နိုင်ဖို့ လိုတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောလိုက်တာပါ။

“နောင်ကြီး လာမဲ့ကလေးတွေဟာ ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ်အောင် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးအောင်လို့ သင်ပေးသွားရမှာက မိခင်များရဲ့ တာဝန်ဖြစ်ပါတယ် အဲဒါကြောင့်မို့ လက်တွေ့ကျကျ ဒီကိစ္စကိုလုပ်ပါ၊ ဒါတော့ ရေရှည်အတွက် လုပ်ငန်းတစ်ခုဖြစ်ပါတယ်၊ ချက်ချင်း လက်ငင်းမှာတော့ အမျိုးသမီးများ စုစည်းပြီးတော့ ကိုယ်တတ်နိုင်သမျှ အမျိုးသမီးများ ခံနိုင်ရည်ရှိအောင် ပြဿနာတွေကို အတူ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျော်လွှားနိုင်အောင်လို့ ကြိုးစားကြပါ၊ အခုခေတ်မှာဆိုရင် ကမ္ဘာကြီးက အမျိုးသမီးတွေဘက်က ရပ်တည်ချင်တဲ့စိတ် အများကြီးရှိလာပါတယ်၊ အမျိုးသမီးတွေရဲ့ ဒုက္ခတွေကိုလဲ အသိအမှတ် ပြုလာကြပါတယ်၊ ဒါကြောင့်မို့လို့ စိတ်အားမငယ်ကြပါနဲ့၊ မျှော်လင့်ချက်ကို လက်မလွှတ်ကြပါနဲ့”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် အမျိုးသမီးတွေကို အားပေးစကား ပြောရုံတင်မ ကပဲ အခုလို ဆုမွန်ကောင်း ပို့သလိုက်ပါသေးတယ်။

“အခုခေတ်မှာ တကမ္ဘာလုံးက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို အသိအမှတ် ပြုပါတယ်၊ အမျိုးသမီးတွေဘက်က ရပ်တည်ချင်တဲ့ စိတ်တွေရှိပါတယ်၊ ဒါကြောင့်မို့ ကျမတို့ အားလုံးဟာ ကိုယ့်ရဲ့အင်အားတွေကို တနေ့နဲ့တနေ့ ပိုပြီးတော့ တိုးတက်အောင်လို့ အတူတူ ကြိုးပမ်းသွားရမှာပါ၊ ကျမတို့အနေနဲ့လဲ ကချင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ အမြဲပဲ ဆက်ပြီး နီးနီးကပ်ကပ် ငြိမ်းချမ်းရေးရဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ လုပ်သွားပါ့မယ်လို့ နိဂုံးချုပ်ပါတယ်၊ အားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဒုက္ခမျိုးစြုံ ပဿနာမျိုးစုံကို ကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပေးစကားနဲ့ ဆုတောင်း စကားတွေကို ဒုက္ခသည်တွေက ကြားသိရတဲ့အခါ အင်မတန်ဝ မ်းသာကြကြောင်း၊ အမြန်ဆုံး အိမ်ပြန်နိုင်အောင် လုပ်ပေးပါ ဆိုတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့ အားကိုးပါတယ် ဆိုတဲ့အကြောင်း တုံ့ပြန် ပြောဆိုကြတယ်လို့လည်း ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ သတင်း ရယူနေတဲ့ ရသအလင်း မီဒီယာအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မမွန်မွန်မြတ် က RFA ကို ပြောပါတယ်။

ရသအလင်းမီဒီယာ အုပ်စုမှာ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနနဲ့ ၊ မြန်မာတိုင်းဂျာနယ် က သတင်းထောက်တွေလဲ ပါဝင်ပြီး မီဒီယာတွေမှာဖော်ပြနိုင်အောင် ဒုက္ခသည်စခန်းတွေကို သွားရောက် ကွင်းဆင်းမေးမြန်းခဲ့တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။
 
Copy from - RFA Burmese

0 comments: