Wednesday, January 23, 2013

အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေနဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခြင်း မရှိဘူးလို့ ကေအိုင်အေ တုံ့ပြန်...............


 

 အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေနဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခြင်းမရှိဘူးလို့ ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ကေအိုင်အေတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ကချင်လက်နက်ကိုင် တပ်ဖွဲ့(ကေအိုင်အေ)တွေဟာ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက် ဖျက်ဆီးတာတွေ ရှိနေတယ်လို့ အစိုးရက နေ့စဉ် ရက်ဆက်ဆိုသလို ဆက်တိုက် သတင်း ထုတ်ပြန်မှုတွေ ပြုလုပ်နေတဲ့အပေါ် ကေအိုင်အေဘက်က ပြန်လည် တုံ့ပြန် ငြင်းဆိုလိုက်တာပါ။

ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာတော့ ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ် ကျေးရွာအနီးရှိ အစိုးရနဲ့ နီးစပ်တဲ့ မက်(စ်)မြန်မာ ကျောက်မျက် ကုမ္ပဏီနဲ့ ကြိုင် ကျောက်မျက် ကုမ္ပဏီ အဆောက်အဦးတွေကို ဇန်န၀ါရီ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ စွပ်စွဲ ဖော်ပြထားပါတယ်။

ဒီကျောက်မျက် ကုမ္ပဏီပိုင် ပစ္စည်းတွေကို ကေအိုင်အေ တပ်တွေအနေနဲ့ လုံးဝ ဖျက်ဆီးခဲ့တာ မရှိတဲ့ အကြောင်းနဲ့ ရေမဆေး ကျောက်တူးသမားတွေနဲ့ ကုမ္ပဏီအကြား ပဋိပက္ခကြောင့် ကျောက်မျက်ကုမ္ပဏီပိုင် အဆောက်အဦတွေ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဖားကန့် ဒေသအခြေစိုက် ကေအိုင်အေ တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးဇော်ဒွဲက ပြောပါတယ်။

“ကျနော်တို့ ဒါမျိုး အဆင့်မရှိတာ မလုပ်ဘူး။ အဲမှာ ရေမဆေး ကျောက်တူးတဲ့ အဖွဲ့တွေ ၃-၄ထောင်ရှိတယ်။ သူတို့ စက်ယန္တရားတွေနဲ့ လုပ်နေတယ်။ အဖိုးတန် ပစ္စည်းတွေ လုကြတယ်။ သူတို့အချင်းချင်း ရိုက်ကြ ထိုးကြတယ်။ တပ်ကလည်း သွားပစ်တယ်။ သူတို့ ထိအောင် မပစ်လို့ အဲလိုဖြစ်တာပဲ။ သူတို့ လုယူပြီးတာနဲ့ အားလုံး မီးရှို့လိုက်တာ။ ကျနော်တို့ အဲလိုဖြစ်လာမှာစိုးလို့ ဆိုင်းဂျာဘွမ်ဘက်က တပ်တွေ အားလုံး ခွာပေးလိုက်တယ်။ ဒီပြဿနာကို ဗဟိုဌာနချုပ်ကလည်း ညွှန်ကြား ထားတာရှိတယ်။ ကုမ္ပဏီရှိတဲ့နေရာမှာ

တိုက်ပွဲမလုပ်ဖို့ ညွှန်ကြားထားတယ်။ ဒါကြောင့်ခွာပေးလိုက်တာ။ အဲလိုဆန္ဒမရှိဘူး။ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး။”

ကချင်ပြည်နယ် လဂျားယန် ထိုးစစ်ကို ဇန်န၀ါရီ ၁၉ ရက်မနက်က စပြီး ရပ်ဆိုင်းလိုက်ပြီလို့ အစိုးရက ကြေညာထားပေမယ့် ကချင်ပြည်နယ် ဒေသအနှံ့ တိုက်ပွဲတွေ မရပ်သေးဘဲ နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။

ဒီနေ့မနက်ကလည်း ဖားကန့်ဒေသမှာ တပ်စွဲထားတဲ့ ကေအိုင်အေ တပ်စခန်းတွေကို အစိုးရစစ်တပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့လည်း ဒု ဗိုလ်မှူးကြီး ဇော်ဒွဲက ပြောပါတယ်။

“ကျနော်တို့တပ်ခွဲ ညောင်ထောက်စခန်းကို စစ်ကြောင်း ၃ ကြောင်းနဲ့ တက်လာပြီး တိုက်တယ်။ မနက် ၆ နာရီခွဲကနေ အခုချိန်ထိ တိုက်ပွဲဖြစ်နေကြတာ။ ဖားကန့်နဲ့ကတော့ ၁၅ မိုင်လောက်ဝေးတယ်။ အဲမှာ ကျနော်တို့ တပ်ခွဲ နေရာချထားတာ ၀င်တိုက်တယ်။ ကျနော်တို့ဘက်က အင်အား ၁၀၀ ကျော်ရှိပါတယ်။ သူတို့က စစ်ကြောင်း ၃ ကြောင်းနဲ့ဆိုတော့ အင်အား ၄၀၀ ကျော်မယ်ထင်တယ်။ အသေအပျောက်က ဘာမှ မကြားရသေးဘူး။”

အစိုးရပြန်ကြားရေးဌာနကတော့ လဂျားယန်ဒေသမှာရှိတဲ့ တပ်မတော် စခန်းကုန်းတခုကို ဇန်န၀ါရီ ၂၂ ရက်နေ့ ညနေက ကေအိုင်အေတပ်ဖွဲ့ဝင်တွေ လာရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်ဘက်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Copy from - DVB

0 comments: