ကျုပ် နာမနဲ့ တကွ စာရင်း ချမပြချင်ပါဘူး။ ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊ ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီး...ဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို နိုင်ငံတော်သူခိုး- ဓားပြကြီးတွေ ဆိုတာ နည်းမှတ်လို့ ။ သူတို့ရဲ့စိန်စီသောနေ့ ၊ စိန်စီသောည၊ စိန်စီသောဘ၀ တွေဆိုတာကလည်း ဟော်လေတကျိုး ဟိုးလေးတကျော် မဟုတ်လား။
သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။ သူတို့ဟာ တိုင်းပြည်ကို ဓားပြတိုက်သလို လုပ်တယ်။ အနုကြမ်း စီးသလို လုပ်တယ်။ သူခိုးသူဝှက်လို လုပ်တယ်၊ အချောင်နှိုက်သလို လုပ်တယ်။ အလစ်သုတ်သလို လုပ်တယ်။ ခါးပိုက်နှိုက်သလို လုပ်တယ်။ အလွဲသုံးလို လုပ်တယ်။
အဆိုးဆုံးက ရွာကို ဓားပြတိုက်ပြီး ရတဲ့ငွေနဲ့ ရွာကို ငွေတိုးချစားသလို လုပ်တာပါဘဲ။
ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။ သူခိုးသူဝှက်တွေကို ကြွေးပြန် ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။ သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလို လုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွ ဆိုရုံနဲ့  ပြီးတမ်းလား။
ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။ အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြ ဆိုတာတွေက ရသုံးစာရင်းတွေစ စ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်း စာရင်းတွေရော မလှန် လှောတော့ဘူးလား။
လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံအဆင့်စီမံကိန်းကြီး တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊ ချုပ်မှူးကြီးတွေ အလိုတော်ကျ စီမံကိန်း ဖော်ခဲ့တာဆိုတဲ့ ခရိုနီ အာဏာ ကပ်ပါးတွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။
ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာကလာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့ တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြ တိုက်တာဗျ။
အဲဒီ တိုင်းပြည်ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။
ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေအချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှု ပုဒ်မတွေကပ်၊ အပုပ်တွေချ၊
အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကို ဓားပြတိုက်ခဲ့တဲ့ ပြစ်မှုကြီးတွေ တရားခွင် ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့  မရဘူးဗျ။ ပွင့်လင်းမြင်သာ ခေတ် ရောက်ပြီ ပြောကြမလား။
ပွင်းလင်းရင် မြင်သာတယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ။ အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင် အရောက်ကို ပို့ ကြရမှာဗျ။
ဟံသာဝတီ ဦးဝင်းတင်
Saturday, January 12, 2013
မနေ့ တစ်နေ့ ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေ ဘယ်လောက်များခဲ့သလဲ။
Copy from - Thit Htoo Lwin blog
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment