Friday, January 4, 2013

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားများမှ သ၀ဏ်လွှာပေးပို့


စာအမှတ် - ၃၆/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ဇန်န၀ါရီ ၊ ၂၀၁၃
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email – info@the88generation.org


၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို ၈၈မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာ

နိုင်ငံတကာမိသားစု အလယ်တွင် “ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ” ဟူ၍ ပေါ်ထွန်းလာခဲ့သည်မှာ ၆၅ နှစ် တိုင်ခဲ့လေပြီ။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်တွင် လွတ်လပ်ရေး ကြေညာစာတမ်းကြီးကို နိုင်ငံတကာသို့ ထုတ်ပြန် ကြေညာခဲ့သည်။ လွတ်လပ်ရေး ကြေညာစာတမ်းကြီး၏ အပိုဒ် ၆ တွင် “တိုင်းရင်းသားအပေါင်းတို့ သွေးစည်း ညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ ….” ဟူ၍ ဂုဏ်ယူ ၀မ်းမြောက်စွာ ကြေညာခဲ့သည်။
 
နိုင်ငံတော်သီချင်း၏ အဖွင့် စာသားအဖြစ် “တရားမျှတ လွတ်လပ်ခြင်းနှင့် မသွေ၊ တို့ပြည် ….။ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ ပြည်၊ တို့ပြည် ….” ဟူ၍ နိုင်ငံတော် အခြေခံမူများကို ဟစ်ကြွေး ခဲ့ကြသည်။
 
ယနေ့ အခါသမယသည် လွတ်လပ်ရေး ဖခင်ကြီးများ ချမှတ် ကြွေးကြော်ခဲ့သည့် ရည်မှန်းချက်များ မည်မျှ ထမြောက် အောင်မြင်ခဲ့သည်ကို ပြန်ပြောင်း သုံးသပ်ကြရန် လိုအပ်ပေသည်။ တိုင်းရင်းသားချင်း တန်းတူညီမျှမှု မရှိဘဲ ပြည်ထောင်စုကြီး မတည်ဆောက်နိုင်။ ပြည်တွင်းငြိမ်းချမ်းမှု မရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖော်ဆောင်နိုင်။ ဒီမိုကရေစီ ပန်းတိုင် မရောက်ရှိဘဲ နိုင်ငံသား ပြည်သူအားလုံး လွတ်လပ်မှု အရသာကို တင်းပြည့် ကျပ်ပြည့် မခံစားနိုင်။
 
ပြဿနာ အားလုံး၏ အဖြေသည် လက်ရှိနိုင်ငံတော် အစိုးရ အပါအ၀င် တိုင်းရင်းသား၊ နိုင်ငံသား အပေါင်းတို့၏ အပေါ်တွင် မူတည်နေပေသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းကြရမည် ဖြစ်သည်။ သို့ပါသောကြောင့် ငြိမ်းချမ်းဖွံ့ဖြိုးသော “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး” အမြန်ဆုံး ပေါ်ပေါက်ပြီး လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ ခံစားနိုင်ရေး ၀ိုင်းဝန်း ကြိုးပမ်းကြပါရန် ဤ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။

★ ၈၈ မျိုးဆက်ကျောင်းသားများ

0 comments: