Friday, January 25, 2013

မြန်မာ အတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား

(မောင်ဝံသ- ပြောချင်လွန်းလို့)
သည်ဆောင်းပါးရဲ့ အရင်းခ
 
သမ္မတကြီး ဦးသိန်းစိန်နဲ့ အင်တာဗျူး လုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်း အခြေစိုက် အရှေ့တောင်အာရှ သတင်းထောက် Hannah Beech ကို Times မဂ္ဂဇင်းကပဲ ပြန်လည် အင်တာဗျူး လုပ်ထားတဲ့ ဆောင်းပါး ဇန်န၀ါရီလထဲမှာ ဖတ်လိုက်ရပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အင်မတန် စိတ်ဝင်စားစရာကောင်း တဲ့ သုံးသပ်ချက်တွေ အများကြီးပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေ ဖတ်ရှုသင့်ပါတယ်။ ဂျာနယ် တချို့မှာလည်း မြန်မာပြန် ဖော်ပြခဲ့ကြပြီးပါပြီ။

ယခု ကျွန်တော့်ဆောင်းပါးဟာ ဟန်နားဘိခ်ျရဲ့ အဖြေထဲက တစ်ပိုဒ်ကို ဖတ်မိရာက အတွေးနယ်ချဲ့မိ တာ ဖြစ်ပါတယ်။ သူက ဘယ်လို ပြောထားလဲဆိုရင် “တကယ်လို့ NLD သာ အစိုးရအဖွဲ့ထဲ ရောက် သွားပြီဆိုရင် သူတို့မှာ အဲဒီ အစိုးရအလုပ်ကို လုပ်နိုင်မယ့် လူအင်အား ရှိမှာလား၊ ကျွန်မတော့ သိပ်မ
ထင်မိပါဘူး” တဲ့ဗျာ။ အသေးစိတ်ကိုတော့ ရှာဖွေ ဖတ်ကြည့် ကြပါတော့။

နိုင်ငံရေးသမားနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ

အဲဒီ အစကို အခြေခံပြီး ကျွန်တော် ဆက်ဆွေးနွေးပါမယ်။ ကျွန်တော်တို့ နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ ကျွန်ဘ၀မှာ နှစ်ပေါင်းတစ်ရာကျော် နေခဲ့ရတယ်။ ၁၈၂၄ နဲ့ ၁၈၅၂ မှာ မြန်မာပြည်အောက်ပိုင်း တစ်ခြမ်းလုံး ပါသွားပြီး ၁၈၈၅ မှာ တစ်ပြည်လုံး ကျွန်ဖြစ်တယ်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး ပေါ်လာတော့မှ မင်းတိုင်ပင် အမတ်လို့ခေါ်တဲ့ လူထုမဲဆန္ဒပေးပြီး ရွေးကောက် တင်မြှောက်တဲ့စနစ်ကို စတင် မိတ်ဆက်ရ တယ်။

မြန်မာပြည်ကို အပြီး သိမ်းပြီးချိန်ကစလို့ အိန်္ဒိယပြည်ရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းထားရာက ၁၉၃၇ ခုနှစ်ကျမှ သီးခြား နိုင်ငံအဖြစ်ခွဲပြီး ဘုရင်ခံတစ်ယောက်ကို ဦးစီး အုပ်ချုပ်စေခဲ့တယ်။ အုပ်ချုပ်ပုံ စနစ်က ဟုမ်းမရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်ထက် တစ်ဆင့်နိမ့်သေးတဲ့ ၉၁ ဌာန အုပ်ချုပ်ရေးပုံစံ ဖြစ်တယ်။

ဒေါက်တာ ဘမော်တို့ ဦးပုတို့ ဂဠုန်ဦးစောတို့ ၀န်ကြီးချုပ်ဖြစ်ခဲ့ကြတယ်ဆိုတာ အဲဒီ ၉၁ ဌာန အုပ်ချုပ်ရေး ပုံစံထဲမှာပဲ ဖြစ်ခဲ့ကြတာပါ။ အဲဒီအတိုင်း စခန်းသွား နေရာကနေပြီး ဒုတိယ က်္ဘာစစ်ဖြစ်ပြီး ဂျပန်ဝင် လာကာ နိုင်ငံရေး ချိန်ခွင်လျှာတွေ ပြောင်းပြီး နောက်ပိုင်း ကျတော့ သခင်အောင်ဆန်း ခေါင်းဆောင် တဲ့ နိုင်ငံရေး မျိုးဆက်သစ်တွေရဲ့ ခေတ်ဖြစ်လာတယ်။ သည်လိုနဲ့ ၁၉၄၈ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ပြည်သူတွေရဲ့၊ ပြည်သူတွေ ရွေးကောက် တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့ ပါလီမန် ဒီမိုကရေစီနဲ့ ပါလီမန် အစိုးရပေါ်လာတယ်။ ပါလီမန် ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးခွင့် ရခဲ့တယ်။

လွတ်လပ်ရေးခေတ်ဦး အစိုးရအာဏာ ရလာသူတွေဟာ တို့ဗမာ အစည်းအရုံးဝင် သခင်တွေ အများစုဖြစ် တယ်။ သူတို့ဟာ နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေး ရဲရဲတောက် နိုင်ငံရေးလှုပ်ရှားမှု အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်။ ဖက်ဆစ်ဂျပန်ခေတ် ၁၉၄၃ သြဂုတ် ၁ ရက်နေ့မှာ ဂျပန်စစ်တပ်က ဖွဲ့စည်းပေးတဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ ဆင်းရဲသား (ဓားမ ပါတီ) က ဒေါက်တာဘမော် ခေါင်းဆောင်တဲ့ နိုင်ငံရေးသမား ၀ါရင့်ကြီးတွေနဲ့ ပူးတွဲ ပါဝင်ခဲ့ကြဖူးတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း စသူတွေဟာ ဂျပန် ခေတ်အစိုးရမှာ ၀န်ကြီးတွေ ဖြစ်ခဲ့ကြ တယ်။ အစိုးရ အာဏာရ အဖွဲ့အစည်းကို တို့ဗမာ ဆင်းရဲသား အစည်းအရုံးကြီးလို့ ခေါ်တွင်စေပြီး အဆင့်ဆင့်သော အုပ်ချုပ်ရေး ရာထူးတွေ၊ ရဲအဖွဲ့ရာထူးတွေမှာ ဓားမတွေနဲ့ သခင်တွေ အာဏာခွဲဝေ ယူခဲ့ကြဖူးတယ်။

သို့သော် ဖက်ဆစ်ဂျပန်ကို ပြန်တော်လှန်တဲ့အခါကျတော့ ဓားမတွေ မပါတော့ဘဲ သခင်တွေနဲ့ ရဲဘော်သုံး ကျိပ်တွေပဲ ပါဝင်ခဲ့ကြတယ်။ သည်လိုနဲ့ တော်လှန်ရေးအပြီး အင်္ဂလိပ် ပြန်ဝင်လာတော့ ပထမဆုံး သူတို့ အလိုတော်ရိ နိုင်ငံရေး လက်ဟောင်းကြီးတွေနဲ့ အစိုးရဖွဲ့ပြီး အုပ်ချုပ်ခိုင်းသေးတယ်။ နောက်ဆုံး ဘယ်လိုမှ မဟန်တော့မှ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ကြီးကို အာဏာ ခေါ်ပေးရပါတယ်။ သည်တော့ သခင်တွေနဲ့ ဖက်ဆစ် တော်လှန်ရေးသမားဟောင်း တွေဟာ အစိုးရအာဏာ ရကြပြန်တယ်။

အဲဒီကနေ လွတ်လပ်ရေးရတော့လည်း သည်လူတွေထဲက အများစုပဲ အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာကြ တာပါပဲ။ သူတို့ထဲက အများစုဟာ နိုင်ငံရေးသမားကောင်းတွေ ဖြစ်ရုံမက အုပ်ချုပ်ရေး အမြော်အမြင် ရှိသူတွေလည်း ဖြစ်တယ်ဆိုတာ သူတို့ သက်တမ်းအတွင်း ပြည်တွင်းစစ်ကြီး ဗလောင်ဆူနေ တဲ့ကြားက မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ခဲ့ပုံကို လေ့လာနိုင်ပါတယ်။

သို့ပေမဲ့ အထိအနာဆုံးကတော့ ဖဆပလကြီး နှစ်ခြမ်းကွဲပြီး ငါးကြင်းသားကို မြေခွေးက အပိုင်စီး ခံလိုက်ရခြင်းပါပဲ။

နှစ်ငါးဆယ်နီးပါး စစ်အစိုးရ အုပ်ချုပ်ရေး
ပါလီမန် ဒီမိုကရေစီ စနစ်ဟာ ၁၄ နှစ်ပဲ သက်တမ်းရှည်လိုက်တယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာသိမ်းမှုကြောင့် နိဂုံးချုပ်သွားခဲ့ရတယ်။ အဲဒီ ၁၉၆၂ ကစပြီး နာမည် အမျိုး မျိုးနဲ့ စစ်အစိုးရတွေရဲ့ အမိန့်ပေးစနစ်နဲ့ အုပ်ချုပ်မှုအောက်မှာ နေလာခဲ့ရတာ နှစ်ငါးဆယ်နီးပါး ကြာခဲ့ပါသဗျာ။

အခု ၂၀၁၁ ခု မတ်လက စပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်လာတဲ့ အစိုးရသည် ပင်လျှင် ယခင် အစိုးရရဲ့ စစ်ဗိုလ်ချုပ်တွေ အများစု ယူနီဖောင်းချွတ်၊ ပုဆိုးဝတ်၊ ခေါင်းပေါင်း ပေါင်း ထားကြတာဖြစ်တယ်ဆိုတဲ့ အနေအထားကို ငြင်းလို့ မရသေးဘူးဗျ။


အဲဒီ စစ်အစိုးရ အဆက်ဆက် လက်အောက်နေခဲ့ရတဲ့ ကာလအတွင်း ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်တွေ ဖွံ့ဖြိုးတိုးတက်ခဲ့သလား၊ ဆုတ်ယုတ် ကျဆင်းခဲ့သလား ဆိုတာကိုတော့ ကျွန်တော် စစ်တမ်း ထုတ်မပြလိုတော့ဘူးဗျ။

များစွာသော ပြည်သူထူထု အားလုံးလိုလို ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ကြရပြီး ဖြစ်တဲ့အပြင် ပိုင်းခြား စိတ်ဖြာ သုံးသပ်သူ ပညာရှင်များက ရှုထောင့်မျိုးစုံက ကြည့်ပြီး ပြောဆို ရေးသား တင်ပြခဲ့ကြပြီဖြစ်လို့ ကျွန်တော်က စကားတံရှည်ပြီး ၀ိတ္ထာရ ချဲ့နေစရာ မလိုတော့ဘူး ထင်တယ်ဗျ။

အုပ်ချုပ်ရေး ကိုင်တွယ်နိုင်စွမ်း ရှိကြပြီလား
ဒီဆောင်းပါးမှာ ကျွန်တော် ဆွေးနွေးချင်တာက အခုလို ကျွန်တော်တို့ နိုင်ငံမှာ ပြည်သူတွေက နိုင်ငံတော် အာဏာကို အမှန်တကယ် ပိုင်စိုးတဲ့ ဒီမိုကရေစီစနစ် တစ်ကျော့ပြန် ရှင်သန်လာဖို့ အားယူနေတဲ့ အချိန်မှာ ပြည်သူလူထုရဲ့ တပ်ဦးနေရာမှာ ရှိနေကြတဲ့ အဆင့်ဆင့်သော ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင်များဟာ နိုင်ငံတော်ရဲ့ အရေးအရာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်တဲ့ (တစ်နည်း) နိုင်ငံတော် အာဏာကို ပါးနပ်လိမ်္မာစွာ ကိုင်တွယ် သုံးစွဲနိုင်တဲ့ အခြေအနေမှာ ရှိနေကြပြီလား၊ ဒါမှမဟုတ် မရှိသေးဘူးလားဆိုတဲ့ အကြောင်းအရာပဲ ဖြစ်တယ်ဗျ။ ဒီကနေ့ အတိုက်အခံလို့ ခေါ်ဝေါ် သုံးနှုန်းခြင်း ခံနေကြရတဲ့ နိုင်ငံရေး ခေါင်းဆောင်များဟာ နိုင်ငံတော် အာဏာရဲ့ အဓိက မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယ်္တရားတွေကို စေစား မောင်းနှင်ရမယ့် နေရာများကို ရောက်လာကြတဲ့အခါ နိုင်ငံတော် အကျိုး စီးပွားဆိုတဲ့ ပန်းတိုင်ဆီသို့ လမ်းချော် တိမ်းစောင်းခြင်း မရှိစေဘဲ မောင်းနှင်နိုင်စွမ်း ရှိကြပြီလား၊ အဲဒီလို အရည်အချင်းတွေကို ပိုင်ဆိုင်ထားဖို့ကော လေ့ကျင့် ပြင်ဆင်ထားကြရဲ့လားဆိုတဲ့ မေးခွန်းဟာ ဒီကနေ့ အင်မတန် အရေးကြီးတဲ့ မေးခွန်းဖြစ်လာပြီလို့ ကျွန်တော် ယူဆတယ်ဗျ။

ကမ္ဘာပျက်ခါနီး လူလာဖြစ်ရသလို
ကျွန်တော် ဒီကိစ္စကို စဉ်းစားဖြစ်ခဲ့တာရဲ့ အကြောင်းရင်းက နှစ်ပေါင်းငါးဆယ်လောက် နိုင်ငံရေးကို အဖွဲ့အစည်း တစ်ခုထဲက အပိုင်စီးထားတာခံခဲ့ရတဲ့ အခြေအနေမှာ နေထိုင်ခဲ့ကြရတဲ့ အရပ်သား အတိုက်အခံ ခေါင်းဆောင်တွေအတွက် နိုင်ငံတော် အာဏာသုံးရပ်ဆိုတဲ့ ကိစ်္စဟာ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ် ထဲကလို “ကမ္ဘာ ပျက်ခါနီးမှ ယောင်တိယောင်န လူလာဖြစ်ရသူကဲ့သို့” ဆိုသ လို ဖြစ်နေလောက် တယ်လို့ တွေးတောခဲ့မိခြင်း ဖြစ်တယ်ဗျ။

နှစ်ပေါင်းငါးဆယ်ကျော် နိုင်ငံ အုပ်ချုပ်ရေး ကိစ္စတွေကို စစ်ဗိုလ်တွေကပဲ လုပ်ကိုင် ဆောင်ရွက်လာခဲ့တာ ဆိုတော့ ကျွန်တော်တို့ အရပ်သားတွေဟာ စစ်တုရင်ခုံပေါ်က အရုပ်တွေလို စစ်ဗိုလ်တွေ ရွှေ့တဲ့ နေရာမှာပဲ မလှုပ်မရှား နေတတ်တဲ့ အလေ့အထက အရိုးစွဲနေခဲ့ပြီဗျ။

စစ်အစိုးရခေတ် ကနဦးပိုင်းမှာ အရပ်ဘက် အုပ်ချုပ်ရေး ပညာရှင်တွေ၊ ဥပဒေပြုရေး ပညာရှင်တွေ၊ တရားစီရင်ရေး ပညာရှင်၊ ပညာရေးသမား ပညာရှင်တွေကို အထိုက်အလျောက် နေရာပေးခဲ့သေးပေမယ့် စစ်အစိုးရ သက်တမ်းရင့်ညောင်းလာတာနဲ့အမျှ နယ်ပယ် ကဏ္ဍ အားလုံးရဲ့ ထိပ်ဆုံးက နေရာတွေကို မိုးကျရွှေကိုယ် စစ်ဗိုလ်တွေကချည်း သိမ်းပိုက်လာခဲ့ကြတာမို့ အဲဒီပညာရှင်တွေဟာလည်း နိုင်ငံခြား ထွက်သူတွေထွက်၊ မထွက်ဘဲ ပြည်တွင်းမှာ ပေတေပြီးနေသူတွေဟာလည်း သံချေးတက် အသွားတုံး “ဓားမတုံး”တွေ ဖြစ်ကုန်ခဲ့ကြတာ ဖြစ်တယ်ဗျာ။

အဲဒီခေတ်မှာ လူပြောများတဲ့ နေနည်း ထိုင်နည်းတွေတောင် ပေါ်ခဲ့သေးတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ “ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဆိုတဲ့ “ခသုံးလုံး” နဲ့ “မလုပ်၊ မရှုပ်၊ မပြုတ်”ဆိုတဲ့ “မသုံးလုံး” တဲ့ဗျ။

အတိုက်အခံဆိုတာ နောက်တက်မယ့် အစိုးရလောင်း
အခု ကျွန်တော်တို့ နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ခေါင်းဆောင် (opposition leader)? NLD ကို အတိုက်အခံပါတီ (main opposition party) လို့ နိုင်ငံခြားက စာနယ်ဇင်းတွေမှာ ခေါ်ဝေါ် သုံးစွဲနေကြပေမယ့် ကျွန်တော်တို့ဆီက အတိုက်အခံ ဆိုတာဟာ အနောက် ကမ္ဘာဆီက အတိုက်အခံ ဆိုတာနဲ့ မတူဘူး ဆိုတာကို စေ့စေ့စပ်စပ် လေ့လာထားသူတွေ သိကြတယ်ဗျ။

သူတို့ဆီမှာက အတိုက်အခံ ခေါင်းဆောင်ဆိုတာ နောင်ကျင်းပမယ့် ရွေးကောက်ပွဲ တစ်ခုခုမှာ အနိုင်ရပြီး သမ္မတ သို့မဟုတ် ၀န်ကြီးချုပ် ဖြစ်လာနိုင်တဲ့သူ၊ အတိုက်အခံပါတီ ဆိုတာလည်း အာဏာရပါတီ ဖြစ် လာနိုင် တဲ့ ပါတီ ဖြစ်တယ်ဗျ။


ဒါကြောင့် အတိုက်အခံ ခေါင်းဆောင်၊ အတိုက်အခံ ပါတီတွေဟာ ကိုယ် အာဏာရနေချိန်မှာ နိုင်ငံတော် အာဏာကို ကိုင်တွယ် သုံးစွဲ စီမံခန့်ခွဲ၊ ကိုယ် အတိုက်အခံ ဘ၀ ကျရောက်သွားတော့လည်း ကိုယ် အာဏာပြန်ရလာမယ့် အချိန်အတွက် မျှော်မှန်းပြီး အာဏာသုံးရပ် ကိုင်တွယ်သုံးစွဲမှုဆိုင်ရာ အလေ့ အကျင့်တွေကို မပြတ်မလပ် ဆက်လက် လုပ်ဆောင်နေကြရတာ ဖြစ်တယ်ဗျ။

ဗြိတိန်နိုင်ငံက အဓိက ပါတီကြီး နှစ်ခုဖြစ်တဲ့ လေဘာနဲ့ ကွန်ဆာဗေးတစ်တို့ဆိုရင် တစ်ပါတီက အာဏာရ
နေရင် ကျန်ပါတီကလည်း အစိုးရ ၀န်ကြီးဌာနတွေအတိုင်း သူ့ပါတီထဲမှာ ၀န်ကြီးဌာနတွေ ဖွဲ့စည်းထားပြီး၊ တာဝန်ခံတွေ ခန့်အပ်ကာ အာဏာရပါတီက ၀န်ကြီးတွေ လုပ်သလို နိုင်ငံ့အရေးအရာတွေကို (Shadow Cabinet) အဖြစ် လေ့လာသုံးသပ် မူဝါဒတွေ ချမှတ် ဖော်စပ်နေတာ ဖြစ်တယ်ဗျ။

အင်အား ကြီးမားတဲ့ အတိုက်အခံပါတီတွေကို သူတို့ဆီမှာ Would-be Next Government လို့တောင် မီဒီယာတွေက ဂုဏ်တင်ရေးသား ထုတ်လွှင့်လေ့ရှိတယ်ဗျ။ အကျိုးဆက် ကတော့ အတိုက်အခံ ပါတီ ဟာ ရွေးကောက်ပွဲ အနိုင်ရပြီး အာဏာရပါတီ ပြန်ဖြစ်သွားတာနဲ့ နိုင်ငံတော် အာဏာ စီမံခန့်ခွဲရေး လုပ်ငန်းများကို အဆင်သင့် လွယ်လင့်တကူ လွှဲပြောင်းရယူ လုပ်ဆောင်သွားရုံပေါ့ဗျာ။

(သည်နေရာမှာ အလျဉ်းသင့်လို့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲ နိုင်ပြီးတော့ အနိုင်ရ ပါတီ NLD က နိုင်ငံတကာ ထုံးစံအတိုင်း နှစ်လအကြာမှာ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတယ်။ န၀တ အစိုးရ က ခေါ်မပေးတဲ့အပြင် အခြေခံဥပဒေ ရေးဆွဲပြီး သည်အထိ သူတို့ပဲ အာဏာကြီးသုံးရပ်ကို ဆက်ယူ ထားမယ်လို့ ကြေညာတယ်။

သည်အချိန်မှာ NLD ထဲက အစိတ်အပိုင်းတချို့က စိတ်မရှည်တော့ဘဲ စင်ပြိုင် အစိုးရဖွဲ့ဖို့ ကြိုးစား ခဲ့ကြတော့ အားလုံး သိမ်းကျုံးဖမ်းပြီး ထောင် နှစ် ၂၀၊ နှစ် အစိတ်တွေ ချခံခဲ့ရသဗျ။ အခြေခံ ဥပဒေ ရေး ဆွဲခဲ့တာကလည်း ကမ္ဘာမှာ စံချိန် တင်ပြီး ၂၀၀၈ ခုနှစ်ကြာမှ ပြီးဆုံးခဲ့တယ်ဗျာ)

စားဖို့တောင် မစဉ်းစားကောင်းတဲ့ အသီး
အဲဒီကာလ တစ်လျှောက်မှာတော့ အားလုံးသိကြတဲ့ အတိုင်းပဲဗျ။ နှစ်ငါးဆယ်လုံးလုံး စစ်အစိုးရ အဆက်ဆက် ဟာ သူတို့နဲ့ သဘောထားကွဲလွဲသူတွေကို အမှုန့်ကြိတ် မပစ်ရုံတမည် ပြင်းပြင်းထန်ထန် ဖိနှိပ်ဆက်ဆံခဲ့တာ မဟုတ်လားဗျာ။

ဒီတော့လည်း အဲဒီကာလအတွင်း စစ်အစိုးရတွေရဲ့ အတိုက်အခံတွေဟာ တစ်နေ့နေ့မှာ နိုင်ငံတော် အာဏာသုံးရပ်ကို ကိုင်တွယ်သုံးစွဲရမယ့် သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပြီး လေ့လာဖြည့်ဆည်းဖို့ဝေး စွ၊ ထောက်လှမ်းရေးတွေ ဘယ်အချိန်လာခေါ်မှာလဲ ဆိုတာ ကိုပဲ အချိန်ရှိသရွေ့ တွေးပူနေရပြီး စစ်အစိုးရနဲ့

“ပြေးတမ်း ပြေးတမ်း” (လိုက်တမ်း ပြေးတမ်းမဟုတ်) ကစားနေခဲ့ကြ ရတာချည်း ဖြစ်တယ်ဗျ။

နှစ်ငါးဆယ်လောက် အဲသလို စိုးထိတ်ရင်ဖိုဘ၀မှာ နေလာခဲ့ကြရတော့လည်း နိုင်ငံတော် အာဏာသုံးရပ် ဆိုတာ စစ်အစိုးရ အဆက်ဆက်ရဲ့ အတိုက်အခံများအတွက် “စားချင်ပါတယ် လို့တောင် မစဉ်းစားကောင်း တဲ့ အသီး”လို ဖြစ်ခဲ့တာပေါ့ဗျာ။

ခုတော့ အလားအလာတွေ ရှိနေပါပြီ
အခုတော့ အခြေအနေတွေက ပြောင်းလဲစပြုနေပြီ ဖြစ်တယ်ဗျ။ တကယ်လို့ မမျှော်လင့်အပ်တဲ့ မုန်တိုင်းတစ်ခု မတိုက်ဘဲ၊ ဒီအတိုင်း ကျွန်တော်တို့နိုင်ငံ ရှေ့ကို မှန်မှန် ဆက်သွားနိုင်ခဲ့မယ်ဆိုရင် သိပ်မဝေးတဲ့ တစ်နေ့မှာ မြန်မာအတိုက်အခံတွေဟာ နိုင်ငံတော် အာဏာသုံးရပ်ကို ကိုယ်တိုင် ကိုင်တွယ် စီမံခန့်ခွဲနိုင်တော့မယ့် အလား အလာများကို မြင်တွေ့နေရတယ်ဗျ။

ဒီလို အချိန်မျိုးမှာ ကိုယ် ဘာလုပ်ကြရမယ် ဆိုတာကို အဆင့်ဆင့်သော အတိုက်အခံ ခေါင်းဆောင်တွေ သိနေကြလိမ့်မယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်ဗျာ။

အမေရိကန်မှာ တွေးခဲ့မိတာလေးတွေ
ကျွန်တော် ၂၀၁၀-၂၀၁၁ က ဖဲလိုးရှစ် အစီအစဉ်တစ်ခုနဲ့ အမေရိကန်နိုင်ငံကို ရောက်တုန်း တွေးမိတဲ့ အတွေးတစ်ခုအကြောင်း ပြောပြချင်တယ်ဗျ။ ကျွန်တော့် လေ့လာရေး အစီအစဉ်အရ ၀ါရှင်တန်ဒီစီက ကွန်ဂရက် လွှတ်တော် စာကြည့်တိုက်မှာ အသင်းဝင်ထားရပြီး တစ်ပတ်မှာ နှစ်ရက်လောက် စာ သွားသွား ဖတ်ရတယ်။

ကွန်ဂရက် လွှတ်တော်ရယ်၊ ကွန်ဂရက် စာကြည့်တိုက်ရယ်၊ တရားလွှတ်တော်ချုပ်ရယ် သုံးပွင့်ဆိုင် လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ တည်ရှိနေတဲ့ အနေအထားကို ကြည့်ပြီး ကျွန်တော် သိပ် သဘောကျခဲ့တယ်။

အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကွန်ဂရက် စာကြည့်တိုက်မှာ အသိပညာ ဗဟုသုတတွေ လေ့လာဆည်းပူး၊ ပြီးတော့ လွှတ်တော်ကို သွားပြီး ဥပဒေတွေပြုကြ၊ အဲဒီ ဥပဒေများနဲ့အညီ မတိမ်းမစောင်း တရားစီရင်ကြဖို့ အဆင့်ဆင့်သော တရားရုံး များကို လွှတ်တော်ကပဲ ခန့်အပ် ထားတဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေက ထိန်းကျောင်းပေးကြ။

ဒီလိုနဲ့ အမေရိကန်နိုင်ငံ ဟာ ကမ္ဘာ့အချမ်းသာဆုံး၊ ကမ္ဘာ့ စစ်အင်အား အကြီးဆုံး နိုင်ငံကြီးအဖြစ်ကို ရောက် ရှိခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက နိုင်ငံရေး ခေါင်းဆောင် များဟာလည်း အဲသလိုပဲပညာဗဟုသုတ
တွေ ကြွယ် ၀ကြ၊ ဉဏ်ပညာ အမြော်အမြင်တွေ ကြီးမားကြ၊ နိုင်ငံ့အကျိုးကို ဦးထိပ်ထားပြီး နိုင်ငံ့ရေးရာတွေ ကို စုပေါင်း တိုင်ပင် ဆွေးနွေးညှိနှိုင်းကြတဲ့ အခြေအနေကို ဘာကြောင့် မရောက်နိုင်ရမှာလဲ။

ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာ ၀င့်ကြွားထည်ဝါစွာ ရပ်တည် နိုင်တဲ့ အနေအထားကို ရယူပိုင်ဆိုင်နိုင် မယ့် အဲဒီတစ်နေ့ကို ဘာကြောင့် မရောက် နိုင်ရမှာလဲ ဆိုတဲ့ အတွေးကို လေးလေး နက်နက် တွေးမိ
ခဲ့ကြောင်း ပါဗျာ။



၂၀ ၀၁ ၂၀၁၃
maungwuntha@gmail.com
သတင်းရင်းမြစ် - ဧရာဝတီ

0 comments: