Monday, December 10, 2012

ပန်ဝါဒေသ တွင်တိုက်ပွဲများ ပြင်းထန်လျက်ရှိ၊ စစ်အစိုးရမှ စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

ဒီဇင်ဘာ (၁၀) တနင်္လာ

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါ ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်ယာဉ်တန်းကို ကေအိုင်အေ တပ်ရင်း (၃၃) မှ မျိုးချစ် ရဲဘော်များ မိုင်းဗုံးများဖြင့် ဒီဇင်ဘာ (၉) ရက်နေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ မိုင်းဗုံးများဖြင့် တိုက်ခိုက်ရာ ဗမာအစိုးရ စစ်သား (၄၄) ဦးခန့် သေဆုံး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ဒီဇင်ဘာ (၁၀) ရက်နေ့ မနက်မှစ၍ ကေအိုင်အေ တပ်ရင်း (၃၃) မှ မျိုးချစ် ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ ကချင်ပြည် နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် (၅နှင့်၆) အနီး တစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ဤသို့ တိုက်ခိုက်ရာ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဗမာစစ်အစိုးရစစ်တပ်များ နေရာယူထားသော နယ်ခြားမှတ်တိုင် (၅ နှင့် ၆) အနီးတစ်ဝိုက်မှ တောင်နှစ်လုံးကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ဗမာအစိုးရ စစ်တပ်၏ အရေးကြီး စစ်စခန်းကို သိမ်းပိုက်နိုင်ရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဗမာအစိုးရ စစ်တပ်မှ တပ်စခန်းများ လက်လွှတ်လိုက်ရပြီး၊ စစ်သားများ ကျဆုံးမှု များပြားလာသောကြောင့် ယနေ့မနက်တွင် စစ်ရဟတ်ယာဉ် (၂) စီးဖြင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များကို ဟေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်များဖြင့် တိုက်ခိုက်လျက်ရှိကြောင်း ဆက်လက် သတင်းရရှိပါသည်။ ယခု သတင်းရေးသား နေချိန်အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရပါသည်။
 
Copy from - Jinghpaw kasa

0 comments: