Tuesday, December 18, 2012

ဒီစကား

ဒီစကား

အမေ ရေးခဲ့တဲ့ "ဒီစကား" ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး မျက်ရည်ဝဲမိတယ်။ အမေ့အသက် အမေ့အရွယ် အမေ ရင်ဆိုင်ခဲ့ရတာတွေ အားလုံးအတွက် ဒီလူတွေကို နာကျည်းမိပါတယ်။ နားလည် ခွင့်လွှတ်ပေးပါ အမေ။ အမေ့ကို လေးစားချစ်ခင်သူများ အားလုံး ဖတ်နိုင်ဖို့ အတွက် အစအဆုံး...
ပြန်ရေးပြီး မျှဝေလိုက်ပါတယ်။
 

 ကျွန်မတို့ ငယ်ငယ်တုန်းက "ဘ၀သံသရာ" ဆိုတဲ့ ရုပ်ရှင် အင်မတန် နာမည်ကြီးပါတယ်။ ကြည့်တော့ မကြည့်ဖူးပါဘူး။ ဒါပေမယ့် ရုပ်ရှင်ထဲက သီချင်းကို ခဏခဏ ကြားဖူးလို့ စာသားတွေခုထိ မှတ်မိနေပါတယ်။ "ဘဝသံသရာတဲ့ ရှည်လျားထွေပြား မနေမနား၊ တသွားတည်း သွားရတာ"။ အခုတစ်လော ဟိုသွားရ၊ ဒီသွားရနဲ့ ရပ်နားခြင်း မရှိသလို ဖြစ်နေတော့ကိုယ့်ကိုယ်ကို သံသရာ ခရီးသည်လိုလို၊ အခြေတကျ မရှိတဲ့ သိးထိန်းအုပ်စုဝင် လိုလို ခံစားမိပါတယ်။ သွားပုံလာပုံကလည်း လွယ်လွယ်တည့်တည့် မဟုတ်ပါဘူး။ မုံရွာသွားဖို့ နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ဆင်း၊ နောက်လေယာဉ်နဲ့ပဲ ရန်ကုန်ကနေ မန္တလေးတက်၊ မန္တလေးက မုံရွာကို ကားနဲ့သွား၊ မုံရွာကတခါ နေပြည်တော်ကားနဲ့ပြန်၊ နောက်တစ်ကျော့ ကြတော့ လေယာဉ်နဲ့ပဲ ရန်ကုန်ပြန်ဆင်း၊ အလုပ်တွေ ပြီးတော့ နေပြည်တော် ပြန်တက်၊ နေပြည်တော်က တောင်တွင်းကြီး၊ နတ်မောက်၊ မကွေးကားနဲ့သွား၊ မကွေးကနေ ညောင်ဦးကားနဲ့သွားပြီး ညောင်ဦးက ရန်ကုန်လေယာဉ်နဲ့ ပြန်ဆင်း။

ဘဝခရီးမှာ ပါလာတာကတော့ ကံနဲ့ လောကဓံပါ။ ဘဝရဲ့ ယခုအပိုင်းမှာတော့ ခရီးရှည်ဖြစ်ဖြစ်၊ တစ်မြို့တွင်း ခရီးတိုလေးပဲ ဖြစ်ဖြစ် ကျွန်မ အဖော်တွေက ဒေါက်တာတင်မာအောင်ရယ်၊ သူ့ရဲ့ လက်ကိုင်ဖုန်းရယ်၊ စာရွက်စာတမ်းတွေရယ်၊ အချိန်ကိုအမြဲ လုလုပ်နေရတာကြောင့် ကားထဲကပဲ ဖုန်းနဲ့ လုပ်စရာတွေ တော်တော်များများ လုပ်ရပါတယ်။ ဒေါက်တာတင်မာအောင်က "No, No, No" တွင်တွင်ပြောနေပြီ ဆိုရင်တော့ ဟိုဘက်က ပြောတာ မကြားရပေမယ့် အသည်းအမည်း တွေ့ချင်ပါတယ် ပြောနေသူ တစ်ယောက်ယောက်ကို အသည်းအသန် ငြင်းနေရတယ် ဆိုတာ သိနေပါပြီ။

ကျွန်မက ကားမူးတတ်လို့ ကားသွားရင်း စာမဖတ်နိုင်ဘူး။ ကံကောင်းထောက်မစွာ ဒေါက်တာတင်မာအောင်မှာ ဒီပြဿနာမရှိပါ။ ဒီတော့ကားထဲမှာပဲ ကျွန်မကို စာတွေ၊စာတမ်းတွေ ဖတ်ပြပြီး အလုပ်တချို့ကို ဖြတ်ရပါတယ်။ ခရီးရှည်သွားရင်တော့ အဆင်ပြေသလို အစား စားရတဲ့ အလုပ်က ပိုလာပါတယ်။ ပြည်ပ ခရီးဖြစ်ဖြစ်၊ ပြည်တွင်းခရီးဖြစ်ဖြစ် အချိန်နဲ့ ထမင်းမစားနိုင်တာ ခဏခဏ ဖြစ်လို့ ရိက္ခာ အနည်းငယ် သယ်တဲ့အကျင့် ပါနေပါပြီ။ စားရပုံကလည်း တစ်တခါတလေ ရယ်ချင်စရာပါပဲ။ ဒေါက်တာ တင်မာအောင် သန့်စင်ခန်း မဝင်မနေနိုင်တော့ပါ ဆိုပြီး အတင်းခေါ်သွားတာ၊ သန့်စင်ခန်းထဲရောက်မှာ ဘီစကွတ်မုန့်လေးတွေ ထုတ်ကျွေးတာ ရှိခဲ့ဖူးပါတယ်။ ကားထဲမှာ သွားရင်း လာရင်း စောင့်ကြိုနေတဲ့ ပြည်သူတွေကို နှုတ်ဆက်ရင်း ကြားထဲက ဒေါက်တာတင်မာအောင် ဖဲ့ဖဲ့ပေးတဲ့ မုန့်လေးတွေ ကပျာကယာ စားရပါတယ်။ ဆရာဝန်ဆိုတော့ ဒေါက်တာတင်မာအောင်က ကျွန်မကို အစိုတစ်ရှုးစက္ကူ၊ အခြောက်တစ်ရှုးစက္ကူတွေနဲ့ လက်သုတ်ပြီးမှ စားစေချင်တယ်။ ဒီလို လုပ်နေလို့ကတော့ အချိန်မီ စားပြီးမှာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိအောင် ညစ်ညစ်ပတ်ပတ်ပဲ စားတော့မယ်ဆိုပြီး ကျွန်မတစ်ခါတည်း လှမ်းယူဖန်များတော့လည်း ဆရာဝန်မကြီး လက်လျော့ရတာပေါ့။

လမ်းမှာစားလို့ အကောင်းဆုံးကတော့ ပြည်သူတေါ မေတ္တာနဲ့ ပေးတဲ့ မုန့်လေးတွေပါပဲ။ ဒီတခါ အညာခရီးမှာ ရွာလေးတစ်ခုက လူတွေပေးလိုက်တဲ့ ထန်းသီးမုန့် အဖြူနဲ့ အကြော်စုံလေးတွေက လတ်လတ်ဆတ်ဆတ် ဒေသလက်ရာတွေဆိုတော့ တကယ့်ကို အရသာရှိပါတယ်။ ဒေါက်တာတင်မာအောင်က လိမ္မော်သီးလေးတွေရရင် သိပ်ကျေနပ်တာပဲ။ ကျွန်မ အာခေါင်ခြောက်တဲ့အခါ ကျွေးပါတယ်။ နှစ်ဦးပိုင်းက ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေး ခရီးတွေ သွားရတုန်းကနဲ့ မတူ၊ ထူးထူးခြားခြား မကွေးခရီးမှာ တရက်နည်းနဲ့ အသံဝင်၊ လည်ချောင်းနာချင်တာတယ်။ ဖုန်နဲ့ နေပူတာနဲ့ ပြည်သူတွေနဲ့ စကားပြောတာ များတာနဲ့ အားလုံး ပေါင်းလိုက်လို့နဲ့ တူပါတယ်။ မကွေးအဝင်မှာ လူငယ်လေး တစ်ယောက်က ပန်းသီးလေး တစ်လုံး ပေးလိုက်တာ ချက်ချင်း ကိုက်စားတဲ့ အခါ လန်းသွားရပါတယ်။ တည်းခိုနေတဲ့ နေရာရောက်မှ ရေနွေးနဲ့ ဆားနဲ့ငုံ၊ ဖီးကြမ်းငှက်ပျောသီးနဲ့ ပျားရည်စားတာ စသဖြင့် လည်ချောင်းအမြန်ကုနည်းတွေ စမ်းရပါတယ်။ ဒါပေမယ့် အခုထိ အားက ပုံမှန် မဖြစ်သေးပါဘူး။

နေပြည်တော်က မကွေးခရီးစဉ် တစ်လျောက် ရှုးခင်းတွေက စုံပါတယ်။ ပထမပိုင်းမှာ တောင်ပတ်လမ်းတွေနဲ့ လှပသာယာတယ်။ မြေပြန့်ကို ရောက်တော့ ထန်းတောလေးတွေ၊ ရွာတွေနဲ့ ခပ်ဝေးဝေးမှာ အိပ်စက်နေတဲ့ အုတ်ဂူလေးတွေကတော့ လွမ်းစရာ၊ စဉ်းစားစရာပါပဲ။ ခရီးသွားတိုင်း အမြင်သစ်၊ အတွေးသစ်တွေ အမြဲရပါတယ်။ ခဏခဏ ခရီးသွားရလို့ ကျွန်မအတွက် စိတ်အနှောက်အယှက် ဖြစ်ရတာကတော့ ခွေးလေးတိုင်ချီးတိုးကို ထားခဲ့ရတဲ့ ကိစ္စပါပဲ။ "သွားပြီ ပြန်လာမယ်"လို့တော့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာမလဲ ဆိုတာ ဘယ်လိုသိနိုင်မှာလဲ။ အမေရိကန် ပြည်ထောင်စု ခရီးက ၁၉ ရက်တောင် ကြာခဲ့တော့ ပြန်လာစအခါမှာ တိုင်ချီးတိုး ကျွန်မကို လုံးဝသူ့မျက်စိ အောက်က အပျောက်မခံနိုင် ဖြစ်နေပါတယ်။ သူ့နားက သွားတော့မယ် ထင်တာနဲ့ ကျွန်မခြေတောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့ အခါမှာလည်း သူ့ကိုနဲ့ ကျွမခြေတောက်တွေကို ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေတောက်တွေပဲ၊ လွှတ်ထားလို့တော့ မဖြစ်ဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို တိုင်ချီးတိုးသာ သိရင် ဘာများလုပ်မလဲလို့ တခါတရံ တွေးမိပါတယ်။ ဒီတပတ်တော့ ဒီမျှသာ။

အောင်ဆန်းစုကြည်

Copy via Khin Kalayah Soe
ဘသောင်းဟိန်း ,အင်တာနက်စာမျက်နှာမှ ကူးယူခဲ့ပါသည်။

0 comments: