Saturday, December 8, 2012

ကျွန်တော့်ကိုယ်စားမေးပေးပါ

သပိတ်စခန်း ဖယ်ရှားမှုတွင် ဘယ်ဘက် မျက်လုံး ကွယ်သွားသော ဆန္ဒပြ သံဃာပါး..(ဓာတ်ပုံ - မန်းသားလေး/ ဧရာဝတီ)

DECEMBER 7, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းအရင်းများ အပေါ် ထိန်းသိမ်း ဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်ဟူသည့် အချက်များအား ပယ်ဖျက်ကာ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းတာ ကော်မရှင်မှာ ပါမည့်ပါသည့် ပုဂ္ဂိုလ်များ ဆန္ဒအရ ဟုတ်မဟုတ်နှင့် ပြင်ဆင် ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ မူလ နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးခဲ့သော အဖွဲ့ဝင် ၃၀ ဦး မှ အဖွဲ့ဝင် ၁၄ဦး လျော့ချခြင်းသည် လျော့ချခံပုဂ္ဂိုလ်များ ဆန္ဒ
သို့တည်းမဟုတ် ကော်မရှင်တွင် ထမ်းဆောင်မည့် ပုဂ္ဂိုလ်များ ဆန္ဒ
သို့တည်းမဟုတ် နိုင်ငံတော် သမ္မတ၏ ဒုတိယအတွေး ဆန္ဒပေလားဟု သိလိုခဲ့ရာ.........

" အချက်တွေ ဖြုတ်ပယ်တာ မဟုတ်ဘူး။ ကိုက်ညီအောင် ပြန်ပြီးပြင် ရတာပါ။ ဒါက ပြည်သူ့လွှတ်တော်ရဲ့  ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်ရတာပါ။ လုပ်ပိုင်ခွင့်တွေကိုလဲ  အချက်သစ် တစ်ချက်ပြန်ထည့်ထားပါတယ်” ဟုကော်မရှင် ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပြီး...

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပညာရှင်များ ပါဝင်သော ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်  ဆန္ဒသဘော ထားဖေါ်ထုတ်မူနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများရှိ ရဟန်းရှင်လူတို့ မီးသင့်ဒါဏ်ရာ ရခဲ့ရမူ့ ကြောင့် လမ်းပေါ်ထွက် ဆန္ဒ သဘောထားဖေါ်ထုတ်မူတို့ အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သဘောထား မည်သို့ ရှိသည်” ကိုသိလိုစိတ်ရှိခဲ့သေးပြန်ရာ...
 
“မုံရွာမှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီး ထားတဲ့သူတွေ မရှိပါဘူး။ ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။ ဒါတွေကိုလည်း ရဲကနေ တစ်ဆင့် စုံစမ်းရေးကို တိတိကျကျ ဆောင်ရွက်နေပါတယ်" ဟု ကော်မရှင် ဥက္ကဋ္ဌက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဖြစ်သလို အခြားသိလိုရာများကို သိချင် နေပြန်သေးပါသော်လည်း
 
“လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခြင်းနှင့် ပတ်သက်၍ မိမိတို့ ကော်မရှင်က သေချာစွာ စုံစမ်း စစ်ဆေးနေပြီဖြစ်ကြောင်း၊ အားလုံးပြီးစီး၍ အဖြေရမှ သာလျှင် သတင်းများ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းနှင့် သတင်းထောက်များကို သီးခြား ဖြေကြားမည် မဟုတ်ကြောင်း” တင်ကြို ဖြေကြားလိုက်ပြီ ဖြစ်သည်။

သို့ပါသော်လည်း စာနယ်ဇင်းသမား တစ်ဦးအနေနှင့် မဟုတ်သည့်တိုင် ပြည်သူထဲက ပြည်သူတစ်ဦး အနေဖြင့် သိလိုနေသေးသော မေးခွန်း များစွာ လိပ်ခဲတည်းလည်း ရှိနေသေးသည့် အနက်မှ အောက်ဖေါ်ပြပါ မေးခွန်း နှစ်ခုကို "အစိုးရရဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်း လုပ်ဆောင်သွားမယ် ဆိုရင် မေးခွန်း ထုတ်စရာတွေ ပေါ်လာနိုင်တယ်"လို့ ပြောကြားပါသော ကော်မရှင်ဥက္ကဋ္ဌ ကျွန်တော်တို့ အမေ( ဒေါ်အောင်ဆန်းစုကြည်) ကိုသာ “ကျွန်တော့်ကိုယ်စား မေးပေးပါ” လို့ မ၀ံ့မရဲ မေတ္တာ ရပ်ခံလိုက်ချင်ပါတော့၏။

မေး။ ။ (၁)“သတ္တ၀ါနှင့် လက်နက်မျှ၏မမျှ၏”

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွဲခြင်း ဟူ၍ အကြမ်းဖက်ဟူသော အသုံးအနှုန်း ရေးသား ပြောဆိုနေကြရလောက်အောင် ရဟန်းရှင်လူတို့  မီးသင့်ဒါဏ်ရာရခဲ့ရမှု နှင့် သပိတ်စခန်းတွင်း ရဟန်းရှင်လူတို့ မီးသင့် ဒါဏ်ရာရခဲ့ရသည်အထိ အဓိကရုဏ်း နိုမ်နင်းခြင်းသည် သတ္တ၀ါနှင့် လက်နက် မျှ၏မမျှ၏အား ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စု လွှတ်တော်တို့၏ သဘောထားအမြင် ယူဆချက်(အွန်လိုင်း စာမျက်နှာများပေါ်နှင့် ဂျာနယ် စာမျက်နှာများက ပုံများကြည့်ရုံမျှနှင့် သဘောထားအမြင် စိတ်ခံစားရမှု ဖြေကြား ထုတ်ဖေါ်ပြောကြဖို့ လုံလောက်မည် ထင်ပါ၏။
 
အနာများ အကျက်မြန်ဖို့ မှာ ပဋိဇိဝဆေးများ အစွမ်းထက်ဖို့ သာမက လူသားချင်း စာနာစိတ် မေတ္တာဓါတ် ဆေးစွမ်းထက်ဖို့ မှာလည်း အထူး အရေးပါလှပါ၍ တိုက်တွန်း သတိပေး မေးမြန်လိုခြင်း ဖြစ်ပါ၏)”

မေး။ ။ (၂)“ပစ်ခတ်ခြင်းရလဒ်က ပဋိပက္ခဒီရေ ကျ၏ မကျ၏”

“စစ်ဖြစ်ပွားရာ နိုင်ငံများ၌ပင်လျှင် ၄င်းတို့  ကိုးကွယ်ရာ ဘာသာတို့ ၏ အထွဋ်အမြတ်နေ့ ရက်တွင် အပစ်အခတ် ရပ်နားထားတက်ကြသည် ဖြစ်၍ ဗုဒ္ဒဘာသာ တိုင်းပြည်လည်းဖြစ် ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မူ ပြုထားသော တိုင်းပြည်တွင်း ဗုဒ္ဒဘာသာဝင်တို့ ၏ ကောင်းမူ ကုသိုလ်များ အထူး ပြုလုပ်ကျင်းပသည့် အခါကြီးရက်ကြီး နေ့ ထူးနေ့ မြတ် အခါသမယ လပြည့်နေ့တွင်
ပစ်ခတ်မူပြုသင့်၊ မသင့်ကို လက်နက်ကိုင် တပ်ဖွဲ့  အကြီးအကဲများ၏ ယူဆချက် (လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းရှိ သပိတ်စခန်းများကို နှိမ်နင်းမူသာမက လွန်ခဲ့သော ၅ နှစ်က ရွှေဝါရောင် သပိတ် နှိမ်နင်းမှုကိုလည်း ရည်ညွှန်း လိုပါသော်လည်း ယခုအခါ အစိုးရအသစ် ပြောင်းခဲ့ပြီဟူသည့် ဒီမိုကရေစီ နိုင်ငံတော် ခရီးလမ်းအပေါ် လေးစားပေးခြင်းအားဖြင့် လတ်တလော ကိစ္စကိုသာ ရည်ညွှန်းပါမည်။
 
ထိုနည်းတူ စီးပွားရေး၊ လူမူရေးသက်သက် နိုင်ငံရေးမျိုး မဟုတ်ဘဲလူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် သွားစေနိုင်မည့် ပဋိပက္ခများထပ်မံ မဖေါ်ဆောင် နိုင်ရန်ကိုင်တွယ်မှုမျိုးတွင် ဂူမြင်လျက် ရှေ့ တိုး ခြင်းမျိုးလုပ်လေ့ မရှိကြသည့် အဓိကရုဏ်း နှိမ်နှင်းရေးတို့ ၏ သဘာဝနှင့်၊ စစ်အုပ်ချုပ်ရေး မဟုတ်သော လုံခြုံရေး လက်နက်ကိုင် တပ်ဖွဲ့ အနေဖြင့် ကိုယ်တစ်ဖတ်ကမ်းခတ် အထူး သိရှိ နားလည် တတ်ကျွမ်းသည့် ပညာရပ်တွင် ယခု ကိုင်တွယ်ဖြေရှင်းမှု ပစ်ခတ်ခြင်းရလဒ်က ပဋိပက္ခ ဒီရေ ကျ၏ မကျ၏ကို သုံးသပ် ကြမည်သာ။
သို့ ပါ၍ ပေါ့စေလို၍ ကြောင်ရုပ်ထိုးခြင်းကနေ ဆေးအတွက် လေးရခြင်းမျိုး ဝေဒနာ နောင်အခါ ကင်း ရလေအောင် မေးလိုခြင်းဖြစ်၏)”

ဟုတ်ကဲ့ ......စိတ်မရှိကြပါနဲ့ ..........ဒီမိုး၊ ဒီရေ၊ ဒီလူတွေနှင့် ဒီမိုကရေစီ ရေစီးနောက် မလိုက်ဝံ့တော့သော စိတ်ဆန္ဒ မပေါ်မီ အချိန်မီရေးခြင်းဖြစ်ပါ၏။

ကိုမျိုး (မြန်မာစာ)

သတင်းရင်းမြစ် - ဧရာဝတီ

0 comments: