Tuesday, December 4, 2012

နမ်းမှာလားမောင်ရဲ့ မောင့်ကော်မရှင်ကြီးနဲ့ ...

DECEMBER 4, 2012

နောက်တခါ လာပြန်ပြီဟေ့။ စုံစမ်းရေးကော်မရှင် ဆိုပါကလား။ အားရစရာကြီးဗျ။ ကျွန်ုပ်တို့ တိုင်းပြည်မှာ အနှီလို စုံစမ်းရေးကော်မရှင် ဆိုသဟာ ကြီးတွေဟာ မကြာမကြာ ပေါ်လို့၊ ပေါ်လို့ လာတတ်သဗျ။

ဘာ့ကြောင့်များ စုံစမ်းရေး ကော်မရှင်ဆိုတာကြီးတွေ လုပ်လုပ်နေရသတုန်းလို့ မေးရင် ခင်ဗျားတို့ လူထုက တောင်းဆိုတာကိုးလို့ ပြောမယ်ထင်ရဲ့။

နိုင်ငံတကာမှာလည်း ဒါမျိုးလုပ်ကြတာပဲလေလို့လည်း ပြောမယ်ထင်ပါရဲ့။ ဟုတ်တာပ။ အမေရိကန်ပြည်ထောင်စုမှာလည်း စီးပွားရေး ကပ်ဆိုက်တော့ ဘဏ်တွေ၊ အိမ်ယာမြေ လုပ်ငန်းတွေကို စီးပွားရေးကပ် စုံစမ်းရေး ကော်မရှင်ဆိုတာ ဖွဲ့ပြီး စုံစမ်းကြရဲ့။ ဗြိတိန်နိုင်ငံမှာလည်း လွှတ်တော်အမတ် ဆိုတဲ့သူတွေက ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်တော့ စုံစမ်းရေးကော်မရှင်ဆိုပြီး လုပ်လားလုပ်ကြ၊ ဒီတော့ ဒို့မြန်မာကလည်း အားကျမခံပေါ့လေ။

နို့ပေတဲ့ဗျာ။ သုမနကျောမှာ ဒဏ်ရာတွေနဲ့လို့ ဆိုရပေချိမ့်လော မသိပေါ့လေ။ ကျွန်ုပ်တို့လို အခါခါ သေဖူးလို့ ပျဉ်ဖိုး၊ သံဖိုးသာမက၊ ရဝတကို ပေးရတဲ့ စာရွက်စာတမ်းဖိုးပါ နောကျေအောင် သိနေတဲ့ လူမျိုးတွေကတော့ စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်ပြန်ပြီဟဲ့ ဆိုတဲ့ အသံများကြားရင်ကို ကျောထဲ စိမ့်စိမ့်သွားလေရဲ့။

စိမ့်တာလည်း မပြောနဲ့လေ။ ကျွန်ုပ်တို့ဆီမှာ ဖွဲ့တဲ့ စုံစမ်းရေးကော်မရှင် ဆိုတာများဟာ ဟုတ်တာ မှန်တာများ ဘယ်တုန်းက ပြောဖူးလို့တုန်း။

“သူတို့ဟာ စုံစမ်းရေး ကော်မရှင်ဖွဲ့တယ်ဆိုတာ တကယ်တော့ စုံစမ်းစေချင်လို့မှ မဟုတ်တာကပဲ။ မကျေနပ်တဲ့သူတွေကို အချိန်ဆွဲလို့ ရအောင် နှစ်သိမ့်လို့ရအောင် လုပ်တဲ့ နည်းဗျူဟာကြီး ပါကလား။ အမြဲတမ်း၊ အမြဲတမ်း သူတို့ဖွဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဆိုတာတွေကို ကြည့်လိုက်ရင် အဆုံးမတော့ ရည်ရွယ်ချက်က ဂလိုကိုးဗျ။”

၁၉၈၈ ခုနှစ် ဖုန်းမော်အရေးအခင်း ဖြစ်တုန်းကလည်း ဒီလိုပဲ စုံစမ်းရေးကော်မရှင် ဆိုတာကြီး ဖွဲ့ခဲ့သေးပါသော်ကော။ အဲဒီ စုံစမ်းရေးကော်မရှင် ဆိုတာကြီးက ဘာပြောတုန်း။ ကျောင်းသားတွေကို မထိအောင် မြေကြီးပေါ် ရှပ်ပစ်တာဆိုပဲ။ မှန်လိုက်သမျှကလည်း စုစုပေါင်း ငါးယောက်လား ခြောက်ယောက်လားဟာ နောက်ကျောတို့ ဝမ်းပိုက်တို့မှာချည်းဗျ။ အဲဒီစုံစမ်းရေးကော်မရှင် အစီရင်ခံစာကြီး ဖတ်ပြီးမှ အော် … သေနတ်မှန်ခံကြရတဲ့သူတွေဟာဖြင့် မြေကြီးပေါ် ဝပ်ရှောင်တဲ့သူတွေပါလားလို့ အတွေးအသစ်၊ အမြင်သစ်၊ သေနတ်ပစ်တိမ်းရှောင်နည်း သင်ခန်းစာသစ်တွေ ရလာခဲ့သကိုး။ ဒီလိုအတွေးအသစ်၊ အမြင်သစ်တွေကြောင့် နောက်နောင် အရေးအခင်းဖြစ်လေတိုင်းမှာ မြေကြီးပေါ် ရှပ်ပစ်မယ်အထင်နဲ့ ခုန်ဆွခုန်ဆွ လုပ်နေတတ်သူဟာ တခြားသူဟုတ်ပါရိုးလား။ ကျွန်ုပ်လှမောင်ဟန်ပင် ဖြစ်တော့သည်တကား။

တလောကလည်း ရခိုင်အရေး စုံစမ်းရေး ကော်မရှင်ဆိုလား ဖွဲ့လိုက်ပါသေးရော။ ရခိုင်တပြည်လုံး မီးတွေသာ တဟုန်းဟုန်း တောက်သွားပါလေရော။ သူ့စုံစမ်းရေးက ပြီးကို မပြီးနိုင်ဘူး။ စုံစမ်းရေး ကော်မရှင်များ မီးထဲပါသွားသလားမသိ။

ခုတခါ လာပြန်ပြီ။ စုံစမ်းရေးကော်မရှင်တဲ့။ စုံစမ်းတာကတော့ ဟုတ်ပါပြီ။ ပြူစောထီးတွေကို ဖွင့်ချထားတဲ့ ဦးဘဂျမ်းကာတွန်းလိုပဲ၊ ညက လာတိုက်တဲ့ ဓားပြကလည်း သူ၊ အမှုစစ်ဆေးမယ့်သူကလည်း သူ ဆိုတော့ ခက်ဖူးလားနော့။ အခုဟာကလည်း မီးရှို့ခိုင်းတာကလည်း သမ္မတဂျီး၊ စုံစမ်းရေးကော်မရှင် ဖွဲ့ပေးတာကလည်း သမ္မတဂျီးဆိုရင် မခက်လားဗျာ။ ဆိုရင်လို့ ပြောတာပါနော။ ပြုပြင်ပြောင်းလဲရေး သမ္မတဂျီးကို အပ်ချမတ်ချဖြင့် မစွပ်စွဲရဲပေါင်ဗျာ။

အဲတဲ့ … နို့ပေတဲ့ပေါ့လေ။ ဆင်တကောင်လုံးကြီးတွေ့နေမင့်ဟာ၊ ဆင့်အီးအီး ရှာရဦးမယ်ဆိုတော့ … ကျွန်ုပ်ဖြင့် ဦးနှောက်စားလို့ မဆုံးပါပေ။ ဘယ့်နှာပါလိမ့်ပေါ့နော။

သူတို့ဟာ စုံစမ်းရေးကော်မရှင်ဖွဲ့တယ်ဆိုတာ တကယ်တော့ စုံစမ်းစေချင်လို့မှ မဟုတ်တာကပဲ။ မကျေနပ်တဲ့သူတွေကို အချိန်ဆွဲလို့ရအောင် နှစ်သိမ့်လို့ရအောင် လုပ်တဲ့ နည်းဗျူဟာကြီးပါကလား။ အမြဲတမ်း၊ အမြဲတမ်း သူတို့ဖွဲ့တဲ့ စုံစမ်းရေးကော်မရှင်ဆိုတာတွေကို ကြည့်လိုက်ရင် အဆုံးမတော့ ရည်ရွယ်ချက်က ဂလိုကိုးဗျ။

အခု လက်ပံတောင်းအရေးကြီးမှာ အဓိက အရေးကြီးဆုံး စုံစမ်းရမှာက သံဃာတွေကို မိုက်မိုက်ရိုင်းရိုင်း မီးလောင်တိုက်သွင်းတဲ့လူ ဘယ်သူလဲ ဆိုတဲ့အချက်မဟုတ်လား။ အဲဒါကို အသိဆုံးလူက သမ္မတဂျီးကလွဲပြီး ဘယ်သူရှိနိုင်ဦးမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ ကြည့်ကြည့်၊ သူတို့ စစ်အာဏာရှင်တွေရဲ့ အထက်အောက် အဆင့်အတန်းအရပဲ ကြည့်ကြည့် သမ္မတဂျီး မသိဘဲ ဘာမှ လုပ်လို့မရဘူးဆိုတာ အသေအချာပေါ့။ မြေကြီးလက်နဲ့ခတ်တာကမှ လေယာဉ်ပေါ်ရောက်နေရင် လွဲချင်လွဲဦးမလေ။ သမ္မတဂျီးအမိန့်ကို ကျော်ပြီး လွန်လွန်ကျူးကျူး ဖောက်ဖောက်ပြားပြား သရော်မော်ကား လုပ်ရဲတဲ့ကောင်များ ရှိရင်လည်း ဘာခက်သတုန်း။ အများပြည်သူသိအောင် ပြည်သူ့ရှေ့မှောက်မှာ ခုံရုံးဖွင့် အရေးယူလိုက်ရုံသာပ။ ရိုးရိုးသားသားသား လုပ်ချင်ကြတယ်ဆိုရင်ပေါ့လေ။

ခုတော့ ဟုတ်ပေါင်ဗျာ။ သမ္မတဂျီးကပဲ ကော်မရှင်ဖွဲ့ပြီး စုံစမ်းခိုင်းဦးမတဲ့။ ပြောလိုက်ပြန်တော့ အိုးနင်းခွက်နင်း၊ လုပ်လိုက်ပြန်တော့လည်း ဦးနင်းပဲ့ထောင်။ မီးလောင်ဗုံးနဲ့ ပစ်ပြီး နောက်တနေ့မှာ ကြေညာချက်ထုတ်လိုက်ပါသေးလား။ မီးလောင်ဗုံး မသုံးပါဘူးတဲ့၊ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းနဲ့ အညီပါ ...တဲ့။ အော် … သူတို့ ဒီမိုကရေစီဆိုတာ ဒါမျိုးပါလားလို့ အားလုံးနားလည်လိုက်တဲ့ အချိန်မှာ ဟော … မဟုတ်ပြန်ဘူးတဲ့ဗျ။ အဲဒီကြေညာချက်ကြီး ရုပ်သိမ်းလိုက်ပြန်ရောတဲ့။ ဘာလဲဟ။ ဒါလား သမ္မတ ...။

အရင်တုန်းက ပြောနေကျအတိုင်း ပြည်သူတွေက ကျနော်တို့ကို ယုံကြည်ပြီး ရွေးကောက်တင်မြှောက်ထားတာဖြစ်လို့ ပြည်သူလူထုကြီး တခဲနက် ဆန္ဒမဲပေးထားတဲ့ အခြေခံဥပဒေကြီးနဲ့အညီ ပြည်သူတို့ရဲ့ သဘောဆန္ဒအတိုင်း သံဃာတော်တို့ကို မီးလောင်ဗုံးနဲ့ လောင်မီးတိုက်လိုက်ရပါကြောင်းလို့များ မိန့်ခွန်းတွေ ဘာတွေ ထွက်ပြောဦးမလားတောင် ထင်မိသေး … အောင်မယ် … ဒါမျိုးကျတော့ အရူးပါးဗျ၊ ဘာသံမှ ထွက်မလာဘူး။ ငြိမ်ချက်သားကောင်းနေလိုက်ပုံများ အသက်မှ ရှိသေးရဲ့လား အောက်မေ့ရ။

ဟော … ဟော ... ပြောင်းပြန်ပြီဗျ။ ပြောင်းပြန်ပြီ။ ကော်မရှင်ထဲက လူတွေကလည်း အရင်လူတွေ မဟုတ်တော့ဘူးတဲ့ခင်ဗျ။ ကော်မရှင်ရဲ့မစ်ရှင်ကလည်း အရင်လို မဟုတ်တော့ဘူးတဲ့ဗျ။

ကဲ … ကဲ … ထားပါတော့လေ။ လူတွေကို သဘောတူညီချက် ဘာညာ မမေးမမြန်းဘဲ တွေ့ကရာ ကောက်ဆွဲပြီး လုပ်ချင်ရာ လျှောက်လုပ်ထားတာမို့လို့ ကာယကံရှင်တွေက သဘောမတူလို့ ပြင်ရတယ် ထားပါတော့။ အဲ … မရိုးဖြောင့်လိုက်ပုံက နောက်ပြန်ဖွဲ့တဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေထဲမှာ သံဃာတော်များ ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်ဆိုတာ ပါမလာတော့ဘူးဗျ။ ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ ဆိုတာလည်း ပါမလာတော့ဘူး။ ဒါက ဘာသဘောလဲ။ ဘာ့ကြောင့် ချန်လိုက်တာလဲ။ ဘာမှလည်း ရှင်းမပြပါလား။

ခင်ဗျားတို့ သမ္မတကြီးက နံတယ်ဗျာ။ ခင်ဗျားတို့လူကြီးက ယုံအောင်လည်း ဖြီးတတ်တယ်။ ကျွမ်းအောင်လည်း ရှို့တတ်သဗျ။ ခင်ဗျားတို့ပေးတဲ့ ဒီမိုကရေစီက ညှီစော်နံတယ်။ သွေးညှီစော်၊ အသားညှီစော်၊ ဘာဘီကျူးစော်နံသဗျာ။

တကယ်တော့ ခင်ဗျားတို့ ပြောနေတဲ့ သမ္မတဂျီး၊ သမ္မတဂျီး ဆိုတာ လက်စသပ်တော့ ကြောင်သူတော်ကြီးပါလား။ အမေရိကန်ရှေ့ကျတော့ မခုတ်တတ်တဲ့ ကြောင်လေးလို။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ၊ အမေရိကန်သမ္မတရှေ့တို့ရောက်တော့ ကျွန်စုပ်တဲ့ သရက်စေ့လို ကုပ်ကုပ်ကလေး။ ကျုံ့ကျုံ့ယုံ့ယုံ့ကလေး။ ကျို့ကျို့ရို့ရို့ကလေး။ လူကွယ်ပြီ၊ လူလစ်ပြီလား ဆိုရင်ဖြင့် သေနတ်နဲ့ ပစ်ချင်၊ ဗုံးနဲ့ ပစ်ချင်တဲ့ ခွေးမြီးကောက်က ဖြောင့်ကို မဖြောင့်နိုင်သေးဘူး။

ခုလည်း ဖွဲ့လိုက်တဲ့ ကော်မရှင်က ကြည့်ဦး။ အဓိက လက်ရင်းလက်သည်လို့ အများယုံကြည်ကြတဲ့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးတွေက ပါလိုက်သေး။ သူတို့ကို စုံစမ်းပါမယ်ဆိုမှ သူတို့ကို ထည့်ထားတာက ဘယ်လိုတုန်းဗျ။ ဒါလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီလား။ သူခိုးကိုမှ ဓားရိုးကမ်းရက်ပါပေ့ သမ္မတဂျီးရယ်။ ကျန်တဲ့သူတွေလည်း ကြည့်ဦး။ သူတို့ ခိုင်းတာမလုပ်ရင် အလုပ်ပြုတ်မှာ ကြောက်နေရမယ့် ဗျူရိုကရက်ကြီးများက ငါးယောက်၊ တကြိတ်တည်း တဥာဏ်တည်း၊ တအိုးတည်းစား၊ တခွက်တည်းစား ဒီပုပ်ထဲက ဒီပဲများဖြစ်ကြတဲ့ ကြံ့ဖွတ်အလိုတော်ရိ အမတ်ကြီးများက သုံးယောက်၊ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုမှန်သမျှ ဆင်ခြေရှာပြီး အကာအကွယ်ပေးလေ့ရှိသော စစ်ကျွန် လူ့အခွင့်အရေးကော်မရှင်က တယောက်၊ ဒီလူတွေ ခြံရံတင်းကျပ်ထားပြီး ရွာသားနှစ်ယောက် သုံးယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဤရွေ့ဤမျှ လွတ်လပ် အနှောင်အဖွဲ့ကင်းလှသော အနှီစုံစမ်းရေး ကော်မရှင်ကြီးကနေ မည်သို့သော ထူးထူးခြားခြား တွေ့ရှိချက်များ ထွက်ပေါ်လာမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ရအံ့နည်း။

ဟိုသီချင်းထဲကလိုပေါ့ သမ္မတဂျီးရယ်။ “လိမ်တယ် ညာတယ် သမ္မတဂျီးရယ် ယုံအောင်ဖြီးတတ်တယ်၊ ပျိုပျိုခင်ကို ချစ်ပါဘဲနဲ့ ကော်မရှင်ထဲ ထည့်တယ်” ဆိုတာမျိုး ဖြစ်နေပါပေါ့လား။

ဒီကော်မရှင်ဟာ ကြောင်သူတော်ကြီး ညှစ်ထုတ်လိုက်တဲ့ ပျော့ပျော့လေးနဲ့ နံမယ့် ကြောင်ချေးပဲဆိုတာ အပွေးမြင်ရုံနဲ့ အပင်သိနိုင်ပြီးသားပါ။ ဒါပေမယ့် သမ္မတကြီး ဘယ်လောက်နံနံ မထွေးနိုင်၊ မအံနိုင်ကြဘဲ နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင် လုပ်ချင်နေသူတွေကလည်း ပေါမှပေါ၊ များမှများပါ။ ဟိုလူကြီးတွေက အာဏာပြန်သိမ်း လိုက်ရမလားဆိုပြီး မျက်လုံးပြူးပြလိုက်ရင်၊ အမလေး ကြောက်လှချည်ရဲ့ လန့်လှချည်ရဲ့ အာဏာတော့ မသိမ်းလိုက်ပါနဲ့ သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ်၊ လုချင်လု၊ ယက်ချင်ယက်သွားကြပါ၊ အာဏာတော့ မသိမ်းလိုက်ပါနဲ့ ဆိုသူတွေကလည်း အနမတဂ္ဂ။

ထားပါတော့လေ။ သူတို့ကိုတော့ အပြစ်မတင်တော့ပါဘူး။ အော် … သူတို့မှာက မမြဝင်းရောဂါကြီးနဲ့ကိုး။

လှမောင်ဟန်
(Hla Mg Han ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

0 comments: