Sunday, December 30, 2012

တိုင်းရင်းသားများအတွက် နိုင်ငံရေးအခွင့်အရေး ရရှိရေးနှင့် အပစ်ရပ်ရေး ဘယ်ဟာ အရေးကြီးသလဲ။ အပစ်ရပ် လိုက်ရုံမျှနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရမည်လား။

သူ့ကျွန်မခံ ဇာတိမာန်ဖြင့်


လူထုအများစု၏ နားလည်မှုမှာ အပစ်ရပ်လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်ကဲ့သို့ ဖြစ်နေသည်။ “အပစ်အခတ် ချက်ချင်းရပ်” ဟူသည့် ဆန္ဒပြတောင်းဆိုမှုအချို့ကို တွေ့ရသည်။ တိုက်ပွဲများ မဖြစ်စေလိုသည့်အတွက် စေတနာကောင်းနှင့် တောင်းဆိုသူ လူထုများ၏ ဆန္ဒကို လေးစားရပါမည်။ သို့ရာတွင် တိုင်းရင်းသားများ တောင်းဆိုနေသော နိုင်ငံရေး အခွင့်အရေးကို ပထမဦးစွာ ပေးအပ်ဖို့ လိုသည်။ အပစ်ရပ်ရေးမှာ ဒုတိယ ဦးစားပေးသာ ဖြစ်သင့်သည်။

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) သည် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည်။ သို့ရာတွင် မည်သည့် နိုင်ငံရေး အခွင့်အရေးမျှ မရခဲ့ပါ။ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်ဖြစ်လာခဲ့ပြီးနောက် ကေအိုင်အို အနေဖြင့် ပင်လုံစာချုပ်ကို ကိုးကားလျက် ကချင်အမျိုးသားများ အပါအ၀င် တိုင်းရင်းသားများ ရသင့်သည့် နိုင်ငံရေး အခွင့်အရေးများ ရရှိရေးအတွက် အဓိက ဆွေးနွေးရန် တောင်းဆို လာခဲ့သည်။ စာရေးသူသည် ကချင်လူမျိုးမဟုတ်၊ မြန်မာတဦးသာဖြစ်သည်။ စာရေးသူအနေဖြင့်မူ ကေအိုင်အို၏ တောင်းဆိုချက် လမ်းမှန်သည်ဟု ယူဆသည်။ တနှစ်ခွဲကြာသွားခဲ့ပြီ ဖြစ်သော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် ကေအိုင်အိုက တောင်းဆိုသည့် နိုင်ငံရေးဆွေးနွေးမှုကို တိတိကျကျ မလုပ်၊ တရားဝင် မလုပ်။ ဟိုလိုလို သည်လိုလိုနှင့် အချိန်ဆွဲလာခဲ့သည်။

အခြား တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများမှာလည်း အလားတူပင် ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အလွတ်သဘော တွေ့ဆုံမှုများဖြင့်သာ ချွေးသိပ်ထားခဲ့သည်။ မည်သည့် အဖွဲ့၏ တောင်းဆိုချက်ကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းကာ ဥပဒေပါ အခွင့်အရေးအဖြစ် ပြဌာန်းပေးလိုက်သည်ဟူ၍ တကြိမ်တခါမျှ မရှိ။ ၂၀၀၈ ဖွဲ့စည်းပုံကို မထိမခိုက် ထားရှိပြီး ယင်းအောက်ကိုသာ တနည်းမဟုတ်တနည်းနှင့် ဆွဲသွင်းရန် အစိုးရက တဘက်က ကြိုးစားလာခဲ့သည်။ အခြားတဘက်က အပစ်အခတ်ရပ်စဲရေးကိုသာ ဖိအားပေးခဲ့သည်။ ကေအိုင်အိုကို တိုက်နေသော စစ်တွင် ဦးသိန်းစိန်အစိုးရ၏ နည်းဗျူဟာရည်မှန်းချက်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရေးအတွက် စစ်ရေးအရ ဖိအားပေးရန် ဖြစ်သည်။ မဟာဗျူဟာ ရည်မှန်းချက်မှာ ကချင်ပြည်နယ်အတွင်းရှိ မြေယာကို ထင်သလို စီမံခန့်ခွဲခွင့်ရရန်၊ အဓိကအားဖြင့် ဖားကန့် ကျောက်စိမ်းမြေကို ပြန်လည်ထိန်းချုပ် အမြတ်ထုတ်ရန် ဖြစ်သည်။

အောင်ထူး (ရှေ့နေ)
(Aung Htoo ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ )

0 comments: