Wednesday, December 19, 2012

ဘိုးဘွား အမွေအနှစ်များကို ရောင်းစားတတ်ရုံမျှဖြင့်

Tuesday, 18 December 2012

စေ့စေ့တွေးလျှင် အလွန် ရင်နာစရာ ကောင်းလှသည်။ လွတ်လပ်ရေးရပြီး အနှစ်ခြောက်ဆယ် ကျော် ကြာပြီးနောက် ကမ္ဘာကြီးနှင့် ယှဉ်တွဲ ရှုမြင်လိုက်သောအခါ မြန်မာနိုင်ငံသည် တိုးတက် ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်အတန်းမှာ ထိပ်ဆုံးနား ရောက်နေသည်ကို မြင်ရလေသည်။ သယံဇာတ အမွေအနှစ်များ ပေါကြွယ်လှသည်ဟု နာမည်ကြီးသော မြန်မာနု...ိင်ငံ။ ငါတို့ဆီမှာ သယံဇာတတွေ အများအပြား၊ သုံးလို့ မကုန်နိုင်ဟူ၍ ၀င့်ကြွား လေ့ရှိသော မြန်မာပြည်သူ ပြည်သားများ။

ယခုတော့ ခြောက်ခန်းလာနေသော ဧရာဝတီမြစ်ကြီး၊ ကောစ ပြုနေသော အင်းလေး ကန်ကြီး၊ ပြောင်သလင်းခါနေသော သစ်တောကွက်များ၊ တူးဖော် ဖြိုချထား၍ မွစာကြဲနေသော ကျောက်မျက်ရတနာ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ရွှေ၊ သတ္တုသိုက်များ တည်ရာဒေသများ။ ဘယ်တော့မှ မကုန်နိုင်ဟု ထင်ခဲ့ကြသော ဘိုးဘွားအမွေအနှစ်များက ယခုအထိ အများကြီး ကျန်နေသေးသည်ဟု ဆိုနေသည့်ကြားကပင် အတော်ခြောက်ခန်းနေခဲ့ပြီ၊ အတော် ပြုန်းတီး နေခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော အနှစ်ငါးဆယ်ခန့် အတွင်း မြန်မာနိုင်ငံ၏ တန်ဖိုးကြီး ဘိုးဘွား အမွေအနှစ် များပေါ် တည်မှီ၍ မည်သည့် အစိတ်အပိုင်းမှ ကြီးပွားတိုးတက် လာသည်ဟု မရှိဘဲ၊ ဆုတ်ယုတ် ပြုန်းတီးသွားတာကိုသာ မြင်တွေ့ခဲ့ရသည်။ ကန့်လန့်ကာများကို ဆွဲဖွင့် ကြည့်လိုက်သောအခါ၊ မိဘထားခဲ့သော အမွေအနှစ်များသာ ကုန်ဆုံးပြုန်းတီး သွားခဲ့တာကို တွေ့ရသည်။ တိုင်းပြည်၏ မည်သို့သော ကဏ္ဍများမှာမှ ဖွံ့ဖြိုးတိုးတက်မှုကို မမြင်ရ။ တောတောင်ရေမြေတို့ ခြောက်ခန်းသွားကြသလို၊ ပြည်သူအများစု၏ ဘ၀တွေက ခြောက်ခြောက် ခန်းခန်း။

သည်တော သည်တောင်၊ သည်မြေသည်ရေ၊ သည်သယံ ဇာတများဆိုသည်က နိုင်ငံတော်သီချင်းလာ တို့ဘိုးဘွား အမွေအနှစ်များဟု ဆိုရပါမည်။ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုး ခဲ့ကြပါသလား။ မိဘအမွေကို အရင်းအနှီးပြု၍ ပိုမို တိုးပွားလာအောင် ကြိုးစား အားထုတ်ခဲ့ကြပါသလား။

တိုင်းပြည်ခေါင်းဆောင်များ မည်သို့မည်မျှ ကြိုးစားခဲ့ သည်တော့ မသိ။ ပြည်သူတို့၏ ဆင်းရဲမွဲတေမှုက မဖုံးနိုင် မဖိနိုင် ဖြစ်လာခဲ့ရသည်။ ပြီးတော့၊ အဆိုပါ ဘိုးဘွား အမွေအနှစ် များ မောင်ပိုင်စီးသူများ လက်တွင်းတွင် မည်သို့မည်ပုံ ပျောက်ဆုံးကွယ်ပျောက် သွားခဲ့သည်လဲ ဆိုသည်က ပုံပြင် တစ်ပုဒ်လို။ သို့သော်လည်း ပုံပြင်မဟုတ်သည့် တကယ့် ဇာတ်လမ်း။ မြန်မာ နိုင်ငံ၏ခေတ်သစ် သမိုင်းဟု ဆိုရပါမည်။

ယင်း ပြည်ထောင်စု သမိုင်းပုံပြင်သစ်က ကြက်သီးထစရာ ဇာတ်လမ်းဖြစ်ပါသည်။ ဟိုးရှေးရှေး မိဘဘိုးဘွား အဆက်ဆက် ထံမှ လက်လွှဲရရှိလာခဲ့သော လယ်တွေယာတွေ လည်း မရှိတော့ပြီ။ အဘွား သိုဝှက်ထားသော ရတနာသေတ္တာလည်း ကုန်ပြီ။ အဘိုး၏ စိပ်ပုတီးလေးကိုပင် ရောင်းချလိုက်ပြီးပြီ။ အိမ်ကြီးသည်လည်း အိုမင်းဟောင်းနွမ်းနေပြီ။ အိမ်ကြီးက ယိုင်နဲ့နဲ့ ဆေးပင်ကောင်းကောင်း မသုတ်နိုင်တော့၊ မညီမညာနှင့် ဖြစ်သလို လိမ်းကျံထားသော ထုံးများက ဟိုတစ်ကွက် သည်တစ်ကွက်၊ မိသားစု သောက်ရေကန်လည်း ကောနေပြီ။ အမှိုက်များ၊ အိမ်သာ အညစ်အကြေးများကလည်း စနစ်တကျ သိမ်းဆည်းမှု မရှိသည့်အတွက် အိမ်သူအိမ်သားများ နေထိုင်မကောင်း ဖြစ်နေကြသည်။ လုပ်ရဲ၊ ကိုင်ရဲ၊ လုပ်ရက်ကိုင်ရက်၊ သုံးရဲ စွဲရဲ၊ သုံးရက် စွဲရက် အနိုင်ကျင့် ဗိုလ်ကျနေသူနှင့် အပေါင်းအပါများ ကတော့ အရှိန်မပျက် ရောင်းချသုံးစွဲ စီးပွားရှာလို့ ကောင်းနေဆဲ ဖြစ်သည်။ သူတို့ စီးပွားရှာသည့်နည်းက တော်တော် ဟုတ်သည်ဟု ဆိုရမည်။ ရှိသမျှ ထုတ်နုတ် ရောင်းချသည်။ ယခုအခါ အိမ်တိုင်များကိုပါ ချွတ်ရောင်းဖို့ လုပ်နေပြီလားမသိ။ အမိုးတွေလည်း ခွာရောင်း ဦးမည့်ပုံ။ တုတ်မိုး ဓားမိုးထားတာကြောင့် မိသားစုဝင်များက မတားရဲတာ ကြာလာသည်နှင့် အမျှ ဗိုလ်ကျ နေသူများမှအပ၊ အားလုံး ချွတ်ခြုံကျနေသည်မှာ ထင်သာမြင်သာ။ တဖြည်း ဖြည်းချင်း ဖန်တီးဖော်ဆောင်လာခဲ့သည့် စနစ်ကြောင့် ဗိုလ်ကျစိုး မိုးနိုင်သည့်သူများမှာ လုပ်ပိုင်ခွင့်ရှိသည့် သဘောဖြစ်လာသည်။ ဘာလုပ်လုပ် လုပ်လို့ရသည်ဟု ထင်ယောင်ထင်မှား ဖြစ်လာကြသည်။ မွေးရာပါ အခွင့်အရေး တစ်ခုလို ရောင်းချစားသောက်ခဲ့သည့် သည်ပုံပြင်ကို မည်သို့မည်ပုံ အဆုံးသတ် ရမည်မှန်း မသိ။

မကြာမတင် ကာလမှာ ရန်ကုန်မြို့ရှိ အများဆိုင်မြေ ကွက်လပ်များအားလုံး ပုဂ်္ဂလိက လုပ်ငန်းရှင်များ၏ ပရိုဂျက်များ ဖြစ်ကုန်တော့လေမည်လားဟု ပြည်သူလူထု စိတ်ပူပန်နေကြ ရသည်။ မည်သူကမည်သို့ ပြောင်းလဲပစ်ခဲ့သည်တော့ မသိ၊ လွန်ခဲ့သောနှစ် အတန်ကြာ တုန်းကအထိ ဆူးလေဘုရား အနီး၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်မှာ ပန်းခြံငယ်လေး တစ်ခုရှိသည်။ ဆူးလေ ဘုရားလမ်းပေါ်မှာပဲ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလ လမ်းကြားမှာလည်း ပန်းခြံလေး ရှိဖူးသည်။ သည်လို အများဆိုင် မြေကွက်လပ်များက အများ ပြည်သူ သေသေချာချာ မသိလိုက်ဘဲ မှိန်ဖျော့ ပျောက်ကွယ် သွားသည်ဟုထင်သည်။ စည်ပင်သာယာပိုင်မြေပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲ ဖြစ်ဖြစ်၊ တပ်မတော်ပိုင်မြေပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲဖြစ်ဖြစ်၊ ရဲပိုင်မြေပဲဖြစ်ဖြစ်၊ အဆောက်အအုံပဲ ဖြစ်ဖြစ်၊ စက်မှုဝန်ကြီးဌာနပိုင် မြေပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲ ဖြစ်ဖြစ်၊ အခြား အခြားသော ဌာနတစ်ခုခုပိုင်မြေပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲ ဖြစ်ဖြစ်၊ ပြည်သူပိုင်မြေ၊ ပြည်သူ ဆိုင်မြေ ပြည်သူပိုင် အဆောက်အအုံ အဖြစ် သဘောထားဖို့ လိုမည်ထင်ပါသည်။ ပြည်သူအားလုံးနှင့်ဆိုင်သော အမွေအနှစ်မြေ အမွေအနှစ်ရေ။ ပြည်သူအားလုံးနှင့် ဆိုင်သော ကျောက်မျက်ရတနာ သတ္တုသိုက်များ။ ပြည်သူ့ ဘဏ္ဍာနှင့် တည်ဆောက်ခဲ့သော ပြည်သူပိုင် အဆောက်အအုံများ။

ယခုတလောတွင် ရန်ကုန်မြို့တော်တွင်းက ကျန်ရှိနေသေးသည့် ပန်းခြံများ၊ အများပြည်သူဆိုင် မြေကွက်လပ်များတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပရိုဂျက်များ ဖော်ဆောင်နေသည်များကို ကြားသိတွေ့မြင်နေရသည်။ အမွေအနှစ် အဆောက်အအုံ အချို့ သည်လည်း ပုဂ္ဂလိက လက်ထဲ ရောက်ကုန်သည်ဟု ကြားသိနေရသည်။ အများဆိုင်၊ အများပိုင် မြေကွက်လပ်များ၊ အဆောက်အအုံများက အများ မသိလိုက်ပါဘဲ၊ တဖြည်းဖြည်း ချင်း ပြုန်းတီးသွားလို့ မဖြစ်။ အများဆိုင်နေရာများတွင် တည်ဆောက်မည့်၊ သို့မဟုတ် တူးဖော် ထုတ်လုပ်မည့် ပရိုဂျက်များ၊ စီမံကိန်းများဆိုလျှင် အများပြည်သူကို တင်ပြသည့် အများပြည်သူ ကြားနာရေး (public hearing) စနစ်ရှိမှ ဖြစ်ပါလိမ့်မည်။ ထင်သာမြင်သာ ပွင့်လင်းပါ ဆိုသည့် မူက လက်တွေ့ဘ၀ထဲ ရောက်ဖို့လိုနေပါပြီ။

အားလုံးပိုင် အားလုံးဆိုင်သော ဘိုးဘွား အမွေအနှစ်များကို တစ်ဦးတည်း တစ်ဖွဲ့တည်း ပိုင်ဆိုင်ထားသလို အမြင်ဖြင့် ရောင်းချစားသောက်သည့် တစ်ခေတ်တစ်ခါက အားကောင်း ကောင်းဖြင့် ထူထောင်ထားသော ငါတကောကော စနစ်တစ်ခုရှိသည်။ သည်လို စနစ်မျိုးဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်လို့ မရနိုင်။ ပြီးတော့၊ အမွေအနှစ် များကို ရောင်းချစားသောက်သည့် စီးပွားရေးမျိုးနှင့်တော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းစမပေါ်နိုင်။

by - ပြည်သူ့ခေတ် အယ်ဒီတာ

0 comments: