Monday, December 24, 2012

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးထက် စစ်ပွဲကလှိုင်


 
 Photo copy from - Shae Shae Century

 သေနတ်တင် ရဟတ်ယာဉ်များ က စစ်မြေပြင်ထက် ဝေဟင်တစ်ခွင် ပျံဝဲနေကြသည်။ ဒုက္ခသည်နှင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူ (အိုင်ဒီပီ) ၁၀ဝဝ၀ဝ ခန့်အဖို့ ညနက်တွင် ထိုးဖောက် မြည်ဟိန်းလာသော ဗုံးသံ၊ အမြောက်သံ များကိုသာ အဆက်မပြတ် ကြားနေရသည်။ စစ် ဆေးရုံများမှာ ဒဏ်ရာရ အစိုးရ စစ်သားများဖြင့် တင်းကျမ်း ပြည့်နေသည်။ တံတားများ၊ ဆက်သွယ်ရေး လိုင်းများနှင့် အခြား အခြေခံအရေးကြီး အဆောက်အအုံ များမှာ စစ်၏ အပျက်အစီးများထဲတွင် လဲလျောင်းနေကြ သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ် အတွင်းမှ ဤပုံရိပ်များနှင့် အသံများက ပြင်ပကမ္ဘာသို့ ပျံ့လွင့် လာနေသော သမ္မတဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး နှင့် ဒီမိုကရေစီသို့ ဖြည်းဖြည်းမှန် မှန် ချီတက်ရေး အသွင်အပြင်ကို တစ်စစီ ပျက်ပြားသွားစေခဲ့သည်။

ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) ဌာနချုပ် တည်ရှိသည့် လိုင်ဇာသို့ သွားရာ တောဖြတ်၊ တောင်ပတ်၊ မြွှေလိမ် မြွေကောက် လမ်းတစ်လျှောက်တွင် စစ်ဘေးရှောင် ဒုက္ခသည် အရပ်သားများမှာ သူပုန် တို့က ပေးသော မဝရေစာ အထောက်အပံ့ ကလေးများနှင့် သူတို့စိုက်ပျိုး၍ ရသမျှ အသီးအနှံကလေးများ အပေါ် မှီခိုအသက်ရှင် နေထိုင်နေကြရသည်။ သူတို့မှာ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီ အသိုင်းအဝိုင်း၏ ဥပေက္ခာပြုမှုကို ခံနေရသည်။ လူသားချင်း စာနာကူညီမှု ဆိုင်ရာ အကျပ်အတည်း ဖြေရှင်းရေးကို သဏ္ဌာန် သဘော၊ ဟန်သဘောသာ လုပ်ဆောင်နေသော ကုလသမဂ္ဂ အေဂျင်စီများမှာလည်း ထိုအထဲတွင် အပါအဝင် ဖြစ်နေသည်။

လက်နက်ကိုင် ပဋိပက္ခများ စတင်ဖြစ်ပွားချိန်က မြန်မာ့တပ် မတော်သည် ကေအိုင်အေကို တိုက်ခိုက်ရန် လက်နက် အကြီးအကျယ် တပ်ဆင်ထားသော်လည်း အလေ့အကျင့် နည်းပါးလှသည့် ခြေလျင် တပ်ဖွဲ့များကို စေလွှတ်ဖြန့်ချ ထားခဲ့သည်။ အကျိုးဆက်မှာ စစ်မြေပြင်တွင် အစုလိုက် အပြုံလိုက် အသတ်ခံရသလိုသာ ဖြစ်ခဲ့ရသည်။ အစိုးရတပ်မှ စွန့်ခွာ ထွက်ပြေး၍ ယခုလိုင်ဇာတွင် ရောက်ရှိေ နထိုင်ကြသော အစိုးရတပ် ခြေလျင် စစ်သားငယ်လေးများမှာ ယခင်မြို့တော်ဟောင်း ရန်ကုန် လမ်းမများပေါ်မှ ဝိုင်းပိတ် စုဆောင်းရရှိခဲ့သော ကလေးများ ဖြစ်ပြီး အခြေခံ စစ်သင်တန်း အချို့ကို ဖုတ်ပူမီးတိုက် ပေးကာ ကချင်ပြည်နယ်သို့ တိုက်ခိုက်ရန် ပို့လိုက်ခြင်း ဖြစ်ကြောင်း အစိုးရစစ်တပ်မှ တပ်ပြေးများနှင့် တွေ့ဆုံမေးမြန်းခဲ့သော လူ့အခွင့်အရေး လုပ်သားများ၏ ပြောကြားချက် အရ

သိရှိရသည်။

မြန်မာ့တပ်မတော်မှာ တစ်ချိန်က လက်နက် အသုံးဆောင်ချို့တဲ့ သော်လည်း ကွန်မြူနစ် သူပုန်များ အပြင် တိုင်းရင်းသား လူမျိုးစု သူပုန်များနှင့် တောက်လျှောက် တိုက်ခိုက်မှုများ အတွင်း ထုသားပေသားရခဲ့သော ခြေလျင်တပ်များ ရှိခဲ့ပါသည်။ ထိုစဉ်က တိုင်းပြည်၏ အကြီးဆုံးနှင့် အင်အား အကောင်းဆုံး သူပုန် တပ်မတော် ဖြစ်သည့် ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ပြိုပျက်ပြီး မတူသော တိုင်းရင်းသား လူမျိုးစုတပ်ဖွဲ့ ၄ ခုအဖြစ် ကွဲထွက်ကာ ၁၉၈၉ တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်ခဲ့ပြီးကတည်းက မြန်မာနိုင်ငံ နယ်စပ် ဒေသအများစုတွင် စစ်ဆင် တိုက်ခိုက်ရေး လှုပ်ရှားမှု အနည်းအကျဉ်းသာ ရှိခဲ့သည်။

CPB ပြိုပျက်မှုနှင့် အတူ လက်နက်ခဲယမ်း မီးကျောက်အတွက် ကွန်မြူနစ်တို့အပေါ် မှီခိုခဲ့ရသော အခြား သူပုန်တပ် အများအပြားမှာ အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ခဲ့ကြရသည်။ ထိုအထဲတွင် ကေအိုင်အေလည်း ပါပါသည်။ ၁၉၉၄ ဖေဖော်ဝါရီ ၂၄ တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ထိုသို့ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီခဲ့ကြသော သူပုန်အဖွဲ့တစ်ဒါဇင်ကျော်လုံး မှာ စာရွက်စာတမ်းပေါ်တွင် မဟုတ်ဘဲ နှုတ်ကတိအားဖြင့် သာ ပြုလုပ်ခဲ့ကြ သည်။

ကချင်တို့က ပိုမိုတရားဝင်စေ ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ အပစ်အခတ်ရပ်စဲရေးကို စာဖြင့် ရေးသားချုပ်ဆို ရန် အလေးအနက် ပြောခဲ့သော်လည်း ထိုစဉ်က အာဏာရ စစ်အစိုးရက သူတို့ အစိုးရမှာ ယာယီ သာ ဖြစ်သော ကြောင့် ကေ အိုင်အေ၏ ကိုယ်ပိုင် အုပ်ချုပ်ရေး တောင်းဆိုချက် အပါအဝင် နိုင်ငံရေး ပြဿနာများနှင့် ပတ်သက် ၍ တစ်စုံတစ်ရာ မဆွေးနွေးခင်၊ ရွေးကောက်ခံ အစိုးရ တစ်ရပ်က အာဏာရယူသည် အထိ စောင့်ဆိုင်းရန် ကေအိုင်အေ ကို ပြောကြား ခဲ့သည်။

ကချင်တို့က ၁၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ကြပါသည်။ သို့သော် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် လည်း နိုင် ငံရေးပြဿနာ ဖြေရှင်းရေး ဆွေးနွေးမှု များ ဖြစ်မလာခဲ့ဘဲ ၂၀၁၁ ဇွန် ၉ တွင် အစိုးရတပ်များက အပစ်အခတ် ရပ်စဲရေးကို ချိုးဖျက်ကာ ဗန်းမော် အရှေ့ဘက် တာပိန်မြစ် တစ်လျှောက်ရှိ ကေအိုင်အေ စခန်းများ ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထိုအချိန်မှစ၍ မြန်မာအစိုးရနှင့် ကေအိုင်အို အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ သော်လည်း ဘာဆုံးဖြတ် ချက်မျှ မြင်သာထင်သာ မရခဲ့ပါ။ “သူတို့က ကျွန်တော်တို့ကို သူတို့ ထိန်းချုပ်မှု အောက် ရောက်စေချင်တာပဲ။ ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတွင်းက တိုင်းရင်းသား လူမျိုးစု အားလုံးရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ အခွင့်အရေးတွေ ရဖို့ ညှိနှိုင်းဆွေးနွေး ချင်တာပါ”ဟု ကေအိုင်အေ ဥက္ကဋ္ဌ ဇောင်းဟရား (Zawng Hra) က လိုင်ဇာ၏ ဌာနချုပ်၌ အာရှတိုင်း(မ) အွန်လိုင်းနှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်။

ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်မှာ အစိုးရနှင့် တိုင်းရင်းသားသူပုန်များ ကြားတွင် မတူကြပါ။ အစိုးရက သူပုန်များကို ဖယ်ဒရယ် မဟုတ်သော ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်ခံ စေလိုပြီး ယင်းတို့၏တပ်များကို နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) ဟု ခေါ်သော မြန်မာ့တပ်မတော် လက်အောက်ခံ တပ်များအဖြစ်သို့ ပြောင်းစေလိုကြသည်။ တစ်ဖက်တွင် ကချင်တို့အတွက် ငြိမ်းချမ်းရေး ဆိုသည်မှာ တိုင်းရင်းသား ပြည်နယ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် အဆင့် ကြီးကြီးမားမား ပေးအပ်မည့် အနည်းဆုံး အခြေခံကျကျ ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအသစ် တစ်ခုဖြစ်ပါ သည်။

ဤမတူကွဲပြားမှု နှစ်ခုကပင် နိုင်ငံခြား ကြားဝင်စေ့စပ်သူများ၏ ငြိမ်းချမ်းရေးဖြေရှင်းချက်တစ်ခုရရှိ ရေး ကြိုးပမ်း မှုများ မအောင်မြင်ရသည့် အကြောင်းရင်း ဖြစ် သည်။ နိုင်ငံရေး ပြဿနာများ ဆွေးနွေးမှုကို ရှောင်ရှားပြီး အပစ်အခတ် ရပ်စဲရေး၊ လက်နက် ဖျက်သိမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တို့ကိုသာ ဇောင်းပေးနေ ကြသော နော်ဝေ အစိုးရမှ ကမကထ ပြုလုပ်သည့် “ ငြိမ်းချမ်းရေး အထောက်အကူအဖွဲ့ (Peace Support Initiative)” နှင့် ဆွစ်ဇာလန် အခြေစိုက် “လူသားချင်း စာနာမှု ဆိုင်ရာ ဆွေးနွေးပွဲဌာန (Center for Humanitarian Dialogue) တို့အပါအဝင် ငြိမ်းချမ်းရေးပွဲစား များမှာ အနှစ်သာရအားဖြင့် အစိုးရ၏ အမြင်ကို သာ ဈေးကွက် တင်နေခြင်းဖြစ်သည်ဟု လိုင်ဇာနှင့် အခြားဒေသ များတွင် အာရှတိုင်း(မ) အွန်လိုင်းက တွေ့ဆုံစကား ပြောခဲ့သူ အများအပြားက ဆိုကြပါသည်။

အခြား တိုင်းရင်းသား အဖွဲ့များနှင့် ထင်ရှားသော နိုင်ငံရေး ပလေယာများက ကေအိုင်အို၏ အမြင်ကို မျှဝေ သဘောတူကြသည်။ စက်တင်ဘာလ အတွင်း ရန်ကုန် တွင် တွေ့ဆုံမေးမြန်းရာ၌ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က “၂၀ဝ၈ ဖွဲ့စည်းပုံကို ကျွန်တော် တို့ လုံးဝငြင်းပယ်ပါတယ်” ဟု ပြောပါသည်။ ဒီမိုကရေ စီ ခေါင်းဆောင်နှင့် အတိုက်အခံ လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က အာရှတိုင်း(မ) အွန်လိုင်းနှင့် နေပြည်တော် မြို့တော်သစ် ၌ တွေ့ဆုံရာတွင် “ဒီမိုကရေစီ ကို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ အစားထိုးလို့ မရပါဘူး” ဟု ပြောခဲ့သည်။

ဤသို့ဆိုပါလျှင် ကချင်ပြည်နယ်တွင်း စစ်ပွဲပြင်းထန်လာနေမှုမှာ အံ့ဩဖွယ်ရာတော့ မဟုတ်ချေ။ သံတမန် သတင်း ရပ်ကွက်များစွာ၏ အဆိုအရ လိုင်ဇာနှင့် အခြားသော ကေအိုင်အို/ ကေအိုင်အေ အမာခံ စခန်းများကို သိမ်းပိုက် ရယူရန် အစိုးရက အဓိက ထိုးစစ်ကြီးတစ်ခု ဆင်နွှဲရန် စီစဉ်ထားကြောင်း သိရပါသည်။

ရင်ဆိုင် တိုက်ပွဲများတွင် အကျအဆုံး များမည် စိုးသဖြင့် ၁၀၅ မီလီ မီတာ ဟော်ဝစ်ဇာ အမြောက်များ၊ ၁၂၀ မီလီမီတာ မော်တာများနှင့် ၁၉၈၀ နှစ်များတွင် အာဖဂန်စစ်ပွဲ ၌ အများအပြား သုံးစွဲခဲ့သော ရုရှား လုပ် Mi24 နောက် ဖွင့် သေနတ်တင် ရဟတ်ယာဉ်၏ နိုင်ငံခြား တင်ပို့သည့် ပုံတူ Mi35 ဟယ်လီကော့ပတာ များကို မကြာသေးမီ အစိုးရတပ်များက အားထား အသုံးပြုခဲ့သည်။ ထိုသေနတ်တင် ဟယ်လီကော့ပတာများကို လိုင်ဇာ အနောက် ဘက် ဒေသများနှင့် ပြည်နယ်မြို့တော် မြစ်ကြီးနား အရှေ့မြောက်ဘက် ပန်ဝါဒေသ အနီးတစ်ဝိုက် မှ ကေအိုင်အေ တပ်များကို တိုက်ခိုက်ရာ၌လည်း အသုံးပြုခဲ့ကြသည်။

ကချင်ပြည်နယ် အနောက်ပိုင်း ဖားကန့်ဒေသတွင် ဆွီဒင်နိုင်ငံထုတ် ၈၄ မီလီမီတာ ကား(လ)ဂုစတပ်(ဖ) ဒုံးပစ်လောင် ချာများကို သူပုန်စခန်း များအား တိုက်ရန် အစိုးရက အသုံးပြုခဲ့သည်။ ယခုလ စောစောပိုင်းက ဤသတင်းထောက်၏ ပထမ သတင်းပေးပို့ ဖွင့်ချခဲ့မှုကြောင့် မြန်မာနိုင်ငံသို့ ဥရောပသမဂ္ဂ လက်နက်တင်ပို့မှု ပိတ်ပင်ရေး ချမှတ်ထားသည့်ကြားမှ ဤလက်နက်များ မည်သို့ ရောက်လာသည်ကို ဆွီဒင်အစိုးရက စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ဆွီဒင် ပါလီမန်၌ ထုတ်ပြန်သော ကုန်သွယ်ရေးဝန်ကြီး အီဝါဘီဂျော်လင်း၏ ကြေညာ ချက် အရ ပြဿနာ ပေါ်နေသော ထိုလက်နက်များမှာ တတိယ နိုင်ငံတစ်ခုသို့ လွှဲပြောင်းမှုမပြုရန် နယူးဒေလီ နှင့် စတော့ဟုမ်းတို့ အကြား သဘောတူထား သည့်ကြားမှ အိန္ဒိယက မြန်မာသို့ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၇ ရက်ထုတ် The Voice ဂျာနယ်၌ ဖော်ပြပါရှိ သော သတင်းတစ်ပုဒ်တွင် ထိုလက် နက်များမှာ အီးယူ၏ လက်နက်ပိတ်ပင်မှု မတိုင်မီက တင်သွင်း ထားကြောင်း ပြောဆို၍ မြန်မာအစိုးရသည် ဤ ပြဿနာကို ကွေ့ရှောင်ရန် ကြိုးစား ခဲ့သည်။

အကယ်စင်စစ် ၁၉၈၂ ခုနှစ် ၌ ဆွီဒင်မှ ဝယ်ခဲ့သော လက်နက် များမှာ မိုဒယ်ဟောင်းများဖြစ်သည်။ ယခုနှစ် အောက်တိုဘာတွင် ကေအိုင်အေက သိမ်းဆည်းရမိသော လက်နက်များမှာ နောက်ဆုံးပေါ် မိုဒယ်ဖြစ်သည်။ လက်နက် အမှတ်စဉ် နံပါတ်များမှာ ၂၀ဝ၃ ခုနှစ်တွင် အိန္ဒိယ အစိုးရသို့ ရောင်းချခဲ့သော လက်နက်များ၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ဆွီဒင်လက်နက် မပြန့်ပွားရေးနှင့် ပို့ကုန် ထိန်းချုပ်ရေးဌာန (ISP) မှ ပြောခွင့်ရ အမျိုးသမီး၏ အဆိုအရ သိရသည်။

မြန်မာနိုင်ငံတွင်း ဒေသခံ သတင်းရပ်ကွက်များ၏အဆိုအရ ဤလက်နက်များမှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံနှင့် မဏိပူရ ပြည်နယ်များမှ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း နယ်စပ် တစ်လျှောက်တွင် အခြေခံစခန်း ဖွင့်ထားသည့် အိန္ဒိယသူပုန်များကို တိုက်ခိုက်ရန် မြန်မာစစ်တပ်သို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ထို သူပုန် များကို တိုက်ခိုက်ရမည့် အစား ကေအိုင်အေကို တိုက်ခိုက်ရန် မြန်မာ စစ်တပ်မှ အသုံးပြုခဲ့ကြောင်း သိရသည်။

ထိုအငြင်းပွားမှုကြောင့် ကချင် စစ်ပွဲကို မကြုံဖူး လောက်အောင် နိုင်ငံတကာက သိရှိသွားတော့သည်။ အထူး သဖြင့် သမ္မတ ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရနှင့် ထိတွေ့ဆက်ဆံရေး ပေါ်လစီနှင့် စီးပွားရေး ဆက်ဆံမှု အခွင့်အလမ်းများကို အနောက်နိုင်ငံများက မျက်စိမှိတ် လိုက်ရှာနေသည့် အချိန်တွင် ဖြစ်ပေါ် လာခြင်းပင်။ ခိုင်လုံသော သတင်းရင်းမြစ်များအရ မကြာမီ ဥရောပ ပါလီမန်တွင် လက်နက်ပိတ်ဆို့ရေး ပြဿနာကို တင်ပြဆွေးနွေးကြတော့မည် ဖြစ်ကြောင်း၊ ယင်းလုပ်ဆောင် မှုက မြန်မာနိုင်ငံတွင်း မကြာမီက ဖြစ်ပေါ် တိုးတက်မှုများကို ဝေဖန်မှု ရှိရှိ သံတမန်ရေး ချဉ်းကပ်မှု ပိုမို ပြုလုပ်ရန် ဖြစ်စေနိုင်ကြောင်း သိရသည်။

သို့တစေ မြန်မာအစိုးရ အနေဖြင့် ကေအိုင်အေအပေါ် ဆင်နွှဲနေသော ထိုးစစ်ကို ရပ်ဆိုင်း၍ အဓိပ္ပာယ် ရှိသော ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ မကြာမီအချိန်အတွင်း ပြု လုပ်လေမည်လားဆိုသည်မှာ သံသယဖြစ်ဖွယ် ရှိပါသည်။ အဓိက ပြဿနာ တစ်ခုမှာ အစိုးရ၏ ညှိနှိုင်းဆွေးနွေးရေးမှူးချုပ်လည်းဖြစ်၊ သမ္မတ ရုံးဝန်ကြီး လည်း ဖြစ်၊ နော်ဝေ အစိုးရနှင့် အခြားနိုင်ငံခြား ပွဲစားများ၏ အချစ်တော်လည်း ဖြစ်သူ ဦးအောင်မင်း တွင် ကေအိုင်အိုနှင့် နိုင်ငံရေး ပြဿနာ ညှိနှိုင်းဖြေရှင်းခွင့် မရှိခြင်း ဖြစ်သည်။

“ဦးအောင်မင်း မှာက နိုင်ငံရေး လုပ်ပိုင်ခွင့် မရှိပါဘူး။ အခုအထိ နိုင်ငံရေးပြဿနာနဲ့ ပတ်သက်လို့ သူ အမြဲပဲ ရှောင်ခဲ့တာ၊ သူ့တာဝန်က အစိုးရ ပေါ်လစီကို ကိုယ်စားပြု လိုက်နာရုံ သက်သက်ပဲ”ဟု ကေအိုင်အို ဥက္ကဋ္ဌ ဇောင်ဟရား ကဆိုပါသည်။

ထို့ထက်ပို၍ဆိုရလျှင် သမ္မတ ဦးသိန်းစိန်တွင်ပင် ကချင်နှင့် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်သည့် ပါဝါ ရှိပါသလား ဆိုသည်မှာ မသဲကွဲပါ။ ပြီးခဲ့သည့်နှစ် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားကတည်းက အနည်း ဆုံးနှစ်ကြိမ် တိုက်ခိုက်မှုရပ်ရန် စစ်တပ်ကို သူတောင်းဆိုခဲ့သော်လည်း နားမပေါက်ခဲ့ပါ။ ထိုအချက်က ဦးသိန်းစိန်သည် စစ်ဘက်အား ထိန်းချုပ်နိုင်မှု ရှိ မရှိ မေးခွန်းများကို တိုးပွားလာစေခဲ့သည်။ စစ်ဘက်မှာ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စကားကိုသာ နားထောင်မည့်ပုံ ရှိပါသည်။ ကချင်ပြည်နယ်တွင်း ဆက်လက် ဖြစ်ပေါ်နေသော ဤစစ်ပွဲက အမျိုးသား လုံခြုံရေး၏ အလွန်အရေးကြီးသည့် ပြဿနာများ ပေါ်ပေါက် လာပါက မြန်မာနိုင်ငံမှာ စစ်ဘက်အုပ်စိုးမှု အောက်တွင် အခိုင်အမာ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း သတိပေးနေသလိုသာ ရှိပါတော့သည်။

ဤစာရေးသူ ဘာတေးလင့်တနာ(Bertil Lintner) မှာ Far Eastern Economi Review စာစောင်၏ ယခင် သတင်းထောက်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ စာအုပ်စာတမ်း မြောက်မြားစွာ ရေးသားခဲ့သူဖြစ်သည်။ ယခု လောလော ဆယ်တွင် Asia Pacific Media Service တွင် ရေးသား နေပါသည်။)
စိုးမြင့်

စာရေးသူ ဘာတေးလင့်တနာ(Bertil Lintner)၏ More war than peace in Myanmarကို ဘာသာပြန်ဆိုသည်။
 
Copy from -myanmarij.com

0 comments: