(နယူးယော့ခ်တိုင်းမ် သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge ကို ညွန့်ဝင်း ဆီလျော်အောင် ပြန်ဆိုပါသည်။
ကြေးနီတိုက်ပွဲက မွေးဖွားပေးလိုက်တဲ့ သံမဏိမိန်းမသားနှစ်ဦး ဖြစ်တဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း တို့အကြောင်း နယူးယော့ခ်တိုင်းမ် New York Times သတင်းစာကြီးကပါ ဖွင့်ချ ချီးကျူးရပေပြီ။ လူထုကို ချစ်တဲ့ လက်ပန်တောင်း တောင်တွေကိုချစ်တဲ့ လူထုဒုက္ခတွေကို တိုက်ပွဲ ဝင်တောင်းဆိုတဲ့ ဖြူစင်တဲ့ ညီမငယ်များ အာဏာရှင်များရဲ့ ဒုက္ခပေးတဲ့ ဘေးဘယာ အပေါင်းမှ ကင်းဝေးပါစေသူတို့တွေကို အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာ လိုက်တာခံခဲ့ရပြီး အာဏာပိုင် အချို့က “နွားမတွေ”လို့ ခေါ်တာခံခဲ့ရတယ်။
သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ် ခဲ့ရတာမှာ လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ကို လွှတ်ပေးဖို့ ၀ိုင်း တောင်းဆိုကြရတဲ့ အထိပါပဲ။ သူတို့ကတော့ အခုတလော နာမည် ကြီးနေတဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း ဆိုတဲ့ တောင်သူ နှစ်ဦးပါပဲ။ သူတို့ဟာ အခြေခံ ပညာ လောက်ပဲ တတ်ပေမယ့် လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်းမှာ သူတို့ ထက် အဆများစွာ အင်အားကြီးတဲ့ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းစုကြီးနဲ့ တရုတ်နိုင်ငံက လက်နက် ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့ လုပ်ငန်းခွဲ တစ်ခုတို့ကို အံတုရင်းကနေ
တစ်နိုင်ငံလုံးက သူတို့ကို သတိပြုမိကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးက သူတို့ကို သတိပြုမိကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ ကတော့ သူတို့နှစ်ဦးကို မိမိထက် အဆ မတန် အင်အား ကြီးမားသူများနဲ့ ထိပ်တိုက် တွေ့ရဲသူ သတ္တိရှင် မိန်းမနှစ်ဦးအနေနဲ့ ရေး သားဖော်ပြကြပါတယ်။ “သူတို့ဘယ်လို ပဲ ဖိအားလာပေးပေး၊ ကျွန်မတို့ အလျှော့မပေးဘူး။ ကျွန်မတို့ ကတော့ ဒီစီမံကိန်း လုံးဝ ရပ်ဆိုင်းရတဲ့ အထိဖြစ်စေချင်တယ်” လို့ကြေးနီမို င်းတွင်း နားမှာရှိတဲ့ သူတို့ရွာမှာလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ဆီကို “နောက်ကြောင်း ပြန်မလှည့်စတမ်း ခြေလှမ်းနေပါပြီ”လို့ ကုလသမဂ္ဂမှာ ပြောကြား သွားပါတယ်။ အစိုးရအနေနဲ့လည်း သိသာ ထင်ရှားတဲ့ဖြေ လျှော့ပြောင်းလဲမှုတွေကို လုပ်ဆောင်လျက် ရှိပါတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲ တွေဟာ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် နေထိုင်ကြတဲ့ ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ ဘ၀နဲ့တော့ ကမ္ဘာခြား သလောက် ကွာဝေးနေတုန်းပါပဲ။
အခုတော့ ၀က်မှေးရွာတစ်ဝိုက်မှာ အာဏာပိုင်တွေဟာ အရင်လုပ်နေကျ ဖြစ်တဲ့ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုတွေကို ကျင့်သုံး နေတုန်းပါပဲ။ ၀က်မှေးရွာဟာ စီမံကိန်းကြောင့် ရွှေ့ပေးရမယ့် ရွာပေါင်း ၂၀ ကျော်ထဲက တစ်ရွာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာဒေသခံ အာဏာပိုင်တွေက အဲဒီမှာရှိတဲ့ ဘုန်းကြီး ကျောင်းကို ၀င် ဖျက်ဆီးပြီး ဗုဒ္ဓဆင်းတု တွေကို ယူဆောင်သွားတယ်။ စာသင် ကျောင်း တစ်ခုမှာဆိုရင်လည်း ပရိဘောဂ တွေ၊ တခြားပစ္စည်းတွေကို ဖယ်ရှားပစ်ခဲ့ပြီး ဒေသခံရွာသားတွေ နေရာရွှေ့ပေးအောင် လုပ်ဆောင် ခဲ့ကြပါတယ်။ ဒီလိုကိစ္စတွေ ကြောင့် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာ ခဲ့ပြီး ရဲနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာမှာ အစိုးရ သစ်တက်ပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒပြ မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရဲတွေဘက်ကလည်းခပ် မာမာပါပဲ။
မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို ချုပ် ထားခဲ့တဲ့ မုံရွာရဲစခန်းရဲ့ စခန်းမှူး ဦးတင့်အောင်ကို ဘာလို့ ဒီအမျိုးသမီး နှစ်ယောက် ကို စောင့်ကြည့်နေရတာလဲ လို့ တယ်လီဖုန်း ဆက်ပြီး မေးရာမှာတော့ သူက ပြန်ပြီးအော် ငေါက်ပစ်ခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တွေဟာ ဒီကိစ္စကို နိုင်ငံခြားသားတွေ စိတ်ဝင်စားမှာကိုလည်း မလိုလားကြပါဘူး။ နိုင်ငံခြားသတင်း ထောက် တစ်ယောက် အဲဒီကိုနှစ်ရက် လောက်သွားတော့ သူ့ကို မော်တော်ဆိုင် ကယ်နဲ့ လူတွေက တောက်လျှောက်လိုက် တာခံရသလို လ၀ကအရာရှိရဲ့တစ်နာရီ လောက်ထိန်းသိမ်းပြီး နောက်ကို ဒီနေရာ ပြန်မလာဖို့ သတိပေးတာကိုလည်း ခံခဲ့ရပါ တယ်။ သူ့ရဲ့စကားပြန်ကိုလည်း ဖမ်းမယ် ဆီးမယ်နဲ့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
မြန်မာ နိုင်ငံရဲ့ အနည်းငယ်လွတ်လပ် လာတဲ့ ပြည်တွင်းမီဒီယာမှာ ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် ပါလာခဲ့ပါတယ်။ ဒီကိစ္စကို အဓိက ဆန့်ကျင်ကြရတာက ဒီစီမံကိန်းကြောင့် အနီးအနား လယ်မြေ တွေပေါ် ဓာတုပစ္စည်းတွေ စုပုံရောက်လာ ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်၊ ဒါ့ ထက်မက အနီးအနား လယ်တွေအသိမ်း ခံရမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အကျယ်ကျယ် အငြင်းပွားမှုတွေဟာ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို အာဏာ ပိုင်တွေက ပြုမူပုံတွေကြောင့်လည်း ဒီ လောက်အထိ ဂယက်ထခဲ့ရတာပါ။ “ဒီ အရေးကြောင့် သူတို့နှစ်ဦး သံမဏိ မိန်းမတွေ ဖြစ်လာခဲ့ကြတယ်။ ဒါသူတို့အတွက် သေရေး ရှင်ရေးပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ဒေသ ကို သူတို့ကာကွယ်ကြလိမ့်မယ်”လို့ မုံရွာ မြို့ခံ ကဗျာဆရာ ဦးအံ့မောင်က ပြောပါ တယ်။
ဒီအမှုအခင်းဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးရဲ့ စစ်မှန်းမှုကို စမ်းသပ် စစ်ဆေးမှု ကောင်းတစ်ခုပဲလို့လည်း ဦးအံ့ မောင်က ပြောပါတယ်။ ပြဿနာက လွန်ခဲ့တဲ့နှစ်နှစ်လောက် မှာစတာပါ။ အစိုးရ အာဏာပိုင်တွေက ဒီစီမံကိန်းအတွက် ဒေသခံတွေကို ရွှေ့ ပြောင်းခိုင်းပြီး အိမ်ရာအသစ် ဆောက်လုပ် ပေးတယ်၊ သူတို့ရဲ့သုံးလစာ ၀င်ငွေနဲ့ညီမျှ တဲ့လျော်ကြေးငွေကိုလည်း ပေးဖို့ ကမ်းလှမ်းပါတယ်။ ဒါပေမယ့် အသစ်ပေးမယ့် အိမ်ရာကတွေက ဖြစ်ကတတ်ဆန်းဆောက် ထားပြီး သူတို့လယ်တွေကို ဆုံးရှုံးရရင် ဘာမှ လုပ်ကိုင်စားစရာ မရှိတော့ဘူးလို့ တချို့ကက န့်ကွက်ခဲ့ပါတယ်။
ကမ်းလှမ်း ချက်ကို လူတချို့က လက်ခံခဲ့ရာမှာတော့ အာဏာပိုင်တွေက အစည်းအဝေး ခေါ်ပြီး တော့ ရွာသားအားလုံးကို ရွှေ့ပြောင်းပေးဖို့ ပြောပါတယ်။“သူတို့က ကျွန်မတို့ကို အော်တယ်၊ တိရစ္ဆာန်တွေလို့လည်း ပြောတယ်”လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ သူတို့က အစည်းအဝေးကို ရပ်ဖို့လုပ်ရာမှာ သူက အရပ် မခံခဲ့ဘူးလို့လည်း မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ “ကျွန်မလည်း “အခု ကျွန်မပြောဖို့ အလှည့်”လို့ ပြောလိုက်တယ်။ အဲဒီတုန်းက အုပ်ချုပ်ရေးမှူးကို လက်ညှိုးထိုးပြီး “ရှင် လူကြီးလူကောင်း မဟုတ်ဘူး။ ဒီလို အစည်း အဝေးကို ကျွန်မကို နောက်ထပ် ထပ်မခေါ် နဲ့”လို့ ပြောလိုက်တယ်” အဲဒီတုန်းက ရပ်ရွာ အုပ်ချုပ်ရေးမှူး ဟာ အခုအနားယူသွားပြီမို့ သူ့မှတ်ချက် ကို မရနိုင်ခဲ့ပါဘူး။
လွန်ခဲ့တဲ့နှစ် နှစ်လောက်မှာ ဒီလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကနေဒါအိုင်ဗင်ဟိုး ကုမ္ပဏီ နုတ်ထွက်သွားတဲ့နောက် တရုတ် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ “နိုရင်ကို” ရဲ့လက်အောက်ခံဖြစ်တဲ့ မြန်မာဝမ်ပေါင် ကြေးနီတူးဖော်ရေးက လက်လွှဲ ယူခဲ့ပါ တယ်။ အခုတော့ ဒီသတ္တုတွင်းကို တရုတ် ကုမ္ပဏီနဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး ဦးပိုင်လီမိတက်တို့ ပိုင်ဆိုင်လုပ်ကိုင်နေ ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကုမ္ပဏီဝန် ထမ်းအချို့က ဒေသခံတွေကို ရိုင်းစိုင်းတဲ့ အမူအရာတွေ လုပ်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ၀က်မှေးရွာသားတွေ မခံမရပ်နိုင် ဖြစ်ပြီး ဆန္ဒပြပွဲတွေ စခဲ့ကြပါတယ်။
မအေးနက်တို့နှစ်ဦးကို ဖမ်းဆီးတဲ့နောက် ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဒီကိုလာပြီး သူတို့ကို လွှတ်ပေးဖို့ ညှိနှိုင်းရာမှာတော့ သူတို့ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ လွှတ်ပေး ခဲ့ပါတယ်။ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာကုံးယီကတော့ သူ့ဝန်ထမ်းတွေဟာ ဒေသခံတွေနဲ့ အဆင် ပြေအောင်နေလိုကြပြီး ရိုင်းရိုင်း စိုင်းစိုင်း အမူအယာတွေလုပ်ခဲ့တာ မရှိပါဘူးလို့ အီးမေးလ်နဲ့ ဖြေကြားပါတယ်။
““ဒီမိုင်းတွင်းဟာ အလုပ်အကိုင် ထောင်နဲ့ချီ ဖန်တီးပေးနိုင်ပြီး ပတ်ဝန်းကျင် ဒေသဖွံ့ဖြိုးရေးကိုလည်း အများကြီး အထောက်အကူပြုမှာဖြစ်ပါတယ်။ ကုမ္ပဏီ မှာ မြန်မာဝန်ထမ်း ၂,၀၀၀ လောက်ရှိပြီး မကြာခင်မှာ ဒီအရေအတွက်ရဲ့ နှစ်ဆ လောက် ရှိလာနိုင်တယ်”လို့ သူကပြောပါ တယ်။ လောလောဆယ်မှာတော့ ဒေသခံတွေကို အတင်းအကြပ်ေ ရွှ့ခိုင်းဖို့ အစိုးရ မှာ စိတ်ကူးရှိဟန် မတူပါဘူး။ ဆားလင်း ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုး အောင်က အဲဒီလိုလုပ်ဖို့ အစီအစဉ် အခု မရှိပါဘူးလို့ ပြောပါတယ်။
ဘုန်းတော်ကြီးကျောင်း ကိစ္စဖြစ်ပြီးခဲ့ တဲ့နောက်မှာ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့ နှစ်ဦးဟာ မန္တလေးကိုသွားပြီး လယ်ယာ မြေပိုင်ဆိုင်ခွင့် ဆိုင်ရာကိစ္စအ တွက် ရှေ့နေ တွေနဲ့တိုင်ပင် ခဲ့ပါတယ်။ နောက်ထပ် အာဏာပိုင်တွေဘက်က ၀င်ရောက်မှုတွေရှိ ရင် မှတ်တမ်းတင်ရအောင် ဗီဒီယိုကင်မရာ တစ်လုံးကိုလည်း ၀ယ်ယူခဲ့ကြပါတယ်။
မသွဲ့သွဲ့ဝင်းက အခုဆိုရင် ၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကို ဖတ် နေတယ်လို့ ပြောပါတယ်။ အရင်တုန်းက စစ်အုပ်ချုပ်ရေးအောက်မှာ အာဏာပိုင် တွေက တစ်ချက်လွှတ် အမိန့်ကို သုံးခဲ့တယ် လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ “အခုတော့ စည်းနဲ့ကမ်းနဲ့ဖြစ်လာ ပြီဆိုတာ ကျွန်မတို့သိပါတယ်””လို့ သူက ပြောပါတယ်။
- သောမတ်စ်ဖူလာ
(နယူးယော့ခ်တိုင်းမ် သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge
ကို ညွန့်ဝင်း ဆီလျော်အောင် ပြန်ဆိုပါသည်။)
Aye Chan Mon, အင်တာနက်သတင်းစာမျက်နှာမှ
0 comments:
Post a Comment