Thursday, December 6, 2012

မန္တလေးတွင် ထိုင်သပိတ် စတင်


 
Thursday, December 06, 2012

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုနှင့် ပက်သက်ပြီး မန္တလေး၊ ရန်ကုန် အပါအ၀င် အခြားဒေသ အသီးသီးမှ သံဃာတောများက ထုတ်ပြန် ချက်အသီးသီး ထုတ်ပြန်ခဲ့ပြီး ၅ ရက်အတွင်း ထူးခြားမှု မရှိသောကြောင့် ယနေ့ နေ့လယ် ၁ နာရီတွင် မန္တလေး၌ ထိုင်သပိတ် စတင်မည်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရသို့ အထက်ဗမာပြည် သံဃာတော်များမှ လက်ပံတောင် တောင် အကြမ်းဖက် နှိမ်နင်းမှုနှင့် ပက်သက်၍ တောင်းဆိုမှုများ ပြုခဲ့သော်လည်း ၅ ရက် လွန်သည်အထိ ထူးခြားခြင်း မရှိသောကြောင့် စတင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့စတင်သည့် ထိုင်သပိတ်တွင် တောင်းဆိုချက် ၅ ချက် ပါဝင်ပြီး နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက် ဒဏ်ရာရရှိသော သံဃာတော် များကို အမြန်ဆုံး ၀န်ချတောင်းပန်ရန်၊ အကြမ်းဖက် နှိမ်နင်းမှုတွင် တာဝန်ရှိသော သူများအား ထိရောက်စွာ အရေးယူရန်၊ ကြေးနီ စီမံကိန်းကြောင့် ဖမ်းဆီးထားသူများကို ချက်ခြင်း ပြန်လွှတ်ပေးရန်၊ ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများ ကျေနပ် လက်ခံအောင် ဆောင်ရွက်ပေးရန်၊နှင့် ဒီမိုကရေအစိုးရ စစ်စစ် တစ်ရပ်ပေါ်ပေါက်လာရန်အချက်များ အပါအ၀င် ယခုကဲ့သို့ အကြမ်းဖက်မှုများ နောက်နောင် မပေါ်ပေါက်စေရန်အတွက် လွှတ်တော်များနှင့် အစိုးရ အဖွဲ့များတွင် ပါဝင် လျက်ရှိသော တပ်မတော်သားများအား အမြန်ဆုံး နုတ်ထွက်ပေးရန် ပါရှိသည်။

မန္တလေးရှိ သံဃာတော်များ ထိုင်သပိတ် ဆင်နွဲနေသည့် အချိန်အတွင်း ရန်ကုန်နှင့် တောင်ကြီးမြို့ရှိ ဆရာတော်၊ သံဃာတော်များကလည်း ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

သတင်းရင်းမြစ်  - မြန်မာ့ခေတ်

0 comments: