Wednesday, December 19, 2012

စစ်ဆင်ရေး စီမံချက်ဆုံးရှုံးသော ဒီဇင်ဘာ(၁၄) လဂျားယန်တိုက်ပွဲ


December 19, 2012

ဒီဇင်ဘာလမှ စတင်လာသော မြန်မာ့တပ်မတော်၏ ထိုးစစ်သည် အထိအခိုက် အကျအဆုံးများနှင့် ရင်ဆိုင်နေရ သည်။ ယခင်တပ်မ(၈၈) တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ကို ပြောင်းလွှဲယူပြီးသည့် နောက်ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်မှု ခပ်စိပ်စိပ် ရှိလာကာ တိုက်ပွဲသည် လည်း ပြင်းထန်လာခဲ့သည်။ ပွင့်လင်းရာသီကာလအတွင်း KIA ၏ အဓိက အချက်အချာဖြစ်သော တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အစီအမံများကို ညွှန်ကြားလျက် ရှိသည်။

ထိုးစစ်ဆင် တိုက်ခိုက်လာသော မြန်မာ့တပ်မတော်ကို KIA တပ်ဖွဲ့နှင့် ABSDF ကျောင်းသား တပ်မတော်တို့က ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်နေသဖြင့် စစ်ဆင်ရေး စီမံချက်များ အရှုံးနှင့် ရင်ဆိုင် နေရသည်။

မြန်မာ့တပ်မတော်၏ ဒီဇင်ဘာလ(၁၄)ရက် (ဒီ-၁၄)စီမံချက်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် အတွက် အကြီးမားဆုံး ထိုးနှက်မှု ဖြစ်ခဲ့ရသည်။ ၎င်းစစ်ဆင်ရေးတွင် စကခ(၃) လက်အောက်ခံ ခမရ(၃၈၁) (၃၈၃) (၃၈၉) ခလရ(၄၀) ပူးပေါင်း အင်အား(၃၆၀) နှင့် ဒီဇင်ဘာလ(၁၄)ရက် မနက်(၃)နာရီ အချိန်မှ ထိုးစစ်စတင်ကာ တိုက်ပွဲသည် မနက်(၆)နာရီအချိန်မှ စတင်ကာ ညနေ(၅)နာရီခွဲအထိ ကြာမြှင့်ခဲ့သည်။ ဒီ(၁၄) လဂျားယန် တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ ကြည်းတပ်အပြင် မြန်မာ့လေတပ်ကပါ ၀င်ရောက် တိုက်ခိုက် ပစ်ခတ် ပါဝင်ခဲ့သည်။

မိုးကောင်းမြို့အခြေစိုက် စကခ(၃)မှ တပ်တွင်းသတင်းရပ်ကွက် အဆိုအရ တိုက်ပွဲတွင် မြန်မာ့တပ်မတော် ဘက်မှ ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးသူပေါင်း အားလုံး (၁၃၀)ခန့် ရှိခဲ့ကြောင်း သိရှိရသည်။ ထိခိုက်ဒဏ်ရာရသူ တွင် အရာရှိအဆင့်(၁၁)ဦးခန့် ပါဝင်ကြောင်း သိရှိရသည်။

ဒဏ်ရာရ အရာရှိများမှာ -

ဒုတိယ ဗိုလ်မှူးကြီး ဇော်မိုးသန့်

ဗိုလ်မှူး ညွှန့်လှိုင်

ဗိုလ်မှူး ရဲကျော်

ဗိုလ်မှူး ကျော်ကျော်သက်

ဗိုလ်ကြီး ရဲရင့်လင်း

ဗိုလ်ကြီး မျိုးမင်းစိုး

ဗိုလ်ကြီး သန်းဇော်အေး

ဗိုလ် အောင်ဖြိုး

ဗိုလ် သန့်ဇင်ဦး

ဗိုလ် သန်းနိုင်ထွန်း

ဗိုလ် အောင်ကျော်မိုး

တို့ဖြစ်ကြကြောင်း သိရှိရသည်။

KIA ရှေ့တန်း သတင်းရပ်ကွက်အရ သိရှိရသည်မှာ မြန်မာ့တပ်မတော် တပ်သား ကျဆုံးသူအပေါင်း (၁၆)လောင်းကို ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိ ကျန်ရစ်သူ(၇)ဦးကို လက်ရဖမ်းဆီးရကြောင်း သိရှိရသည်။ ဒဏ်ရရသူထဲမှ တပ်သား အောင်အောင် သည် ဆေးကုသခံယူစဉ် ဒဏ်ရာပြင်းထန်သဖြင့် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် သေဆုံးသွားကြောင်း သိရှိရသည်။

ထိခိုက် ကျဆုံးမှုများသဖြင့် စစ်ကြောင်းကို နောက်ဆုတ်ရန် အမိန့်ရသောအခါ ဒဏ်ရာဖြင့် လိုက်ပါနိုင်ခြင်း မပြုနိုင်သူများကို ပစ်ခတ်သတ်ဖြတ်ထားခဲ့ရန် ညွှန်ကြားမှုရှိကြောင်း ချန်ရစ်ခံခဲ့ရသူများမှ သိရှိရသည်။ ရဲဘော်စိတ်ရှိသော တပ်သားအချို့၏ သနားကြင်နာစိတ် ရှိသူအချို့ကြောင့် အသက်ရှင်သန်ခွင့် ရခဲ့ကြောင်း ဒဏ်ရာဖြင့် ကျန်ရစ်သူများ၏ ပြောကြားချက်မှ သိရှိရသည်။ သေဆုံးသူအချို့သည် အထက်အမိန့်အရ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ အချို့မှာမူ ဆေးထိုး၍ အဆုံးစီရင် ခံခဲ့ရသည်။

ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ ရခြင်းမှာ ဒေါ့ဖုန်းယန် အမြောက်တပ်ရင်းမှ ပစ်ခတ်သော ၁၀၅ မမ အမြောက် ကျည်များ ရှေ့တန်း စစ်မျက်နှာပြင်တွင် ပိတ်မိနေသော မြန်မာအစိုးရ စစ်တပ်ဖွဲ့ဝင်များကို ထိမှန်သောကြောင့် ဖြစ်ကြောင်း သိရှိရသည်။ ဒီ(၁၄)တိုက်ပွဲတွင် မြန်မာအစိုးရစစ်ကြောင်းမှ ပရမ်းပတာ ဖရိုဖရဲ တပ်ဆုတ်ပြေးစဉ် ကျန်ရစ်ပစ်ထားခဲ့သော စစ်အသုံးအဆာင်ပစ္စည်းများ၊ လက်နက်၊ ကျည်မျိုးစုံ၊ လက်နက်ကြီး ကျည်မျိုးစုံကို အများအပြားသိမ်းဆည်းရခဲ့သည်

ဒီ(၁၄) စစ်ဆင်ရေး စီမံချက်တွင်ပါဝင်သော အရာရှိအားလုံးနည်းပါး ထိခိုက်ဒဏ်ရာရရှိကာ ပါဝင်သော အင်အား၏ ထက်ဝက်ခန့်ကို ဖြုန်းတီးလိုက်ခဲ့ရသော စစ်ဆင်ရေး ဖြစ်ခဲ့ရသည်။ ဤသည်မှာ တိုင်းမှူးတာဝန် ယူနေသော ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၏ တဇွတ်ထိုး ဆုံးဖြတ်ချက်ကြောင့် တပ်မတော်သားများ သေဆုံး ဒဏ်ရာရကြကာ၊ ယင်းတို့၏ သိုက်ဆိုင်သော မိသားစုဝင်များအတွက် ပျော်ရွှင်သော မိသားစုဘ၀ ပျက်ပြားစေခဲ့ပြီ ဖြစ်ပေသည်။
 
Copy from - myitkyina.blog

0 comments: