Thursday, December 27, 2012

စနစ်ကြောင့် ဆင်းရဲခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇။

ယနေ့ မွန်းလွဲ တစ်နာရီအချိန်တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ရန်ပုံငွေပွဲတွင် အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံတွင် သဘာဝ အနေအထားကြောင့် ဆင်းရဲခြင်းမဟုတ်ပဲ စနစ်ကြောင့်သာ ဆင်းရဲနေခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

"အားလုံးကသိပါတယ် ကျွန်မတို့နိုင်ငံက ဆင်းရဲတယ် ဆိုတာကို သိပါတယ် ၊ သဘာဝအရ ဆင်းရဲတာ မဟုတ်ပါဘူး၊ စနစ်ကြောင့် ဆင်းရဲတယ်ဆိုတာ အများကြီး သိနေပြီးသား ဖြစ်ပါတယ် ၊ စနစ်ကိုပြောင်း ဖို့ဆိုတာ ပညာလိုတယ်။ ပြောင်းချင်တိုင်း ပြောင်းလို့မရဘူး၊ ပြောင်းပုံပြောင်းနည်းကလည်း လိုပါတယ်။ အဲ့ဒီလိုပြောင်း ပုံပြောင်းနည်း မှန်ကန်ဖို့ ဆိုတာဟာ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ ပညာတတ်ဖို့ လိုတယ် ဆိုတာ ကျွန်မ ခဏခဏ ပြောနေတဲ့ကိစ္စ ၊ပညာဆိုတာ ကျောင်းမှာနေတဲ့ ကလေးတွေ အတွက်တင်မ

ဟုတ်ပါဘူး၊ ကလေးလူကြီးမရွေး အားလုံး အတွက်ဖြစ်ပါ တယ်လို့ ပြောချင်ပါတယ် " ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပညာရေးနှင့်ပတ်သက်၍ အဓိကထားပြောကြားခဲ့သော ၎င်း၏မိန့်ခွန်းတွင် မိမိတို့နိုင်ငံအား တိုးတက်စေချင်ကြောင်း ၊မိမိတို့ပြည်သူလူထုအား အဆင့်မြင့် စေချင်ကြောင်း ၊ ယခုကဲ့သို့ပညာရေးကွန်ရက်များ ထူထောင်နေရုံနှင့် မပြီးပဲ အားလုံးက ကြိုးစားကြဖို့ လိုအပ်ကြောင်းနှင့် ပြည်သူလူထု အားလုံး ပညာရှိပါက မိမိတို့နိုင်ငံအတွက် မည်သည့် စိတ်ကွက်မှုများရှိမည် မဟုတ်ကြောင်း ထပ်မံ ပြောကြားသွားခဲ့သည်။

ထက်နောင်နောင်

Copy from - The Myanma Age



0 comments: