Saturday, September 22, 2012

နိုင်အောင့် အတွက်ကျီ တတောင့်။


ABSDF (တောင်ပိုင်း)က ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင်ကတော့ ထောက်လှမ်းရေး ဆိုတာ သေချာပါတယ် တဲ့လား Dr နိုင်အောင် မီဒီယာ စာမျက်နှာထက်ကနေ ပြောလို့ရတယ် ဆိုပြီး အပိုင်ကိုပြောချ လိုက်ပါတဲ့ ပြည်တော်ပြန် နိုင်ငံရေး လုပ်စားသူကြီး ကိုနိုင်အောင်ရေ…. ABSDF (တောင်ပိုင်း) အုပ်စုက မြောက်ပိုင်းလောက် အုပ်စုမတောင့်၊ သေသူသေ၊ ရှင်သူက တပြည်တရွာစီမှာ တကွဲတပြား ကိုယ့်စားဝတ်နေရေး ကိုယ်ရုန်းကန် နေကြရတော့ ပြန်မဖြေရှင်းလောက်ဘူး ဆိုပြီး အဲဒီချိန်က တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်ချင်းကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖြတ်နှိပ်စက် ဒီလူတွေကို နိုင်ငံရေး သေအောင် သတ်ခဲ့ပြီးတာတောင် အခု မြန်မာပြည် နိုင်ငံရေးမှာ သူရဲကောင်း ဖြစ်ချင်သူကြီးက ထပ်ပြီး မြေမြှုပ်လိုက် ပြန်တာလား။

 
ကျွန်မဟာ အသက်(၅၁)နှစ်ရှိတဲ့ အိမ်ထောင်ရှင်မ တယောက်ပါ၊ နိုင်ငံရေး နားမလည်ပါဘူး၊ ရှင် ထောက်လှမ်းရေးလို့ ပြောတဲ့ လုပ်သားကောလိပ်၊ မြန်မာစာဌာနက ဆရာ ကိုနေ၀င်းအောင်ရဲ့ ညီမအရင်းပါ။ တောထဲမှာ ကျွန်မအစ်ကို သေပြီလို့တောင် ကြားခဲ့ရပြီးမှ ထောက်လှမ်းရေးလို့ စွပ်စွဲခံရပြီး နှိပ်စက် ခံခဲ့ရတာတွေ စွပ်စွဲနှိပ်စက်သူက ABSDF မှာ တာဝန်အရှိဆုံးလို့ ဆိုတဲ့ Dr နိုင်အောင်ဆိုတာ အခု ပါဂျောင်ရှင်းတမ်းမှာ ထပ်ကြားရသလို မိုးသီးဇွန်နဲ့နိုင်အောင် နယ်လု၊ အာဏာလုရာကနေ ဖြစ်တဲ့ နိုင်ငံရေး လှည့်ကွက် ကလိမ်ကကျစ်တွေထဲမှာ ဓားစာခံဖြစ်ပြီး စွပ်စွဲခံရတာလို့ တဆင့်စကား ကြားခဲ့ရတယ်။ ရှင် ဂျာနယ် စာမျက်နှာထက်မှာ ၀န်ခံသလို ထောက်လှမ်းရေး ဆိုပြီး နှိပ်စက်၊ ထောင်(၁၀)နှစ်ချ၊ အချုပ်ထဲမှာ ကျွန်မအစ်ကိုနဲ့ ကိုစိုးလင်းအပါအ၀င် ထင်ကျော်၊မြင့်ဦး တို့ဟာဒီတခါ စခန်းတစ်ခုကတစ်ခု ပြောင်းရင်တော့ ငါတို့ကို အသေသတ်ပြီး ထားခဲ့တော့မှာ ဆိုပြီး အချုပ်ခန်း ဖောက်ထွက်ပြေးလို့လွတ်မြောက် ခဲ့ရတာပါ၊ အချုပ်ထောင်ကျနေစဉ် ရှင်ကတော့ ဂျာနယ် စာမျက်နှာထက်မှာ အကျဉ်းသား အခွင့်အရေးပေးခဲ့တယ်လို့ ရေးခဲ့ပါတယ်။
 
ရှင်တို့ရဲ့ တောတွင်းအကျဉ်းခန်းမှာကျခဲ့ရတဲ့ ကျွန်မအစ်ကိုကတော့ သူ့ကို နှိပ်စက်တာ၊သူများကို နှိပ်စက်တာ၊၊ တချို့မိန်းကလေးတွေကို ပြုကျင့် ဆက်ဆံ ခဲ့တာတွေကြောင့် တခါတလေ ချက်ချင်း သေသွားရင် ကောင်းမယ်လို့ ကိုယ့်ဘာသာ ကိုယ်တွေးမိတဲ့ အထိသွေးပျက်မတတ် ငရဲခန်း အနိဌာရုံတွေကို တွေ့ကြုံ ခံစားခဲ့ရပါတယ်တဲ့။ ကျောင်းဆရာကို ရိုက်ဖူးတယ် ရှိအောင်ရိုက်ကြစမ်းကွာ ဆိုပြီး ကျောင်းသား ငါးယောက်ကို ၀ိုင်းရိုက်ခိုင်းပြီး အပျင်းဖြေတာ ဘယ်သူပါလဲ ကိုနိုင်အောင် ၊ရှင်ရော Dr သောင်းထွန်းကရော တရားဥပဒေအရ စစ်ဆေးခံရရင် အဲဒီအချိန်မှာ တာဝန်ရှိခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေပါ ၀င်ဖြေရှင်း သင့်တယ် ပြောတာ ကျွန်မတို့က သိပ်ထောက်ခံတာပေါ့ရှင်၊ ရှင်တို့ကကျွန်မအစ်ကို ကို တောထဲမှာ သမချင်သလို သမ နေခဲ့သလိုဘဲ ကျွန်မတို့ မိသားစု၊ ဆွေမျိုးစုမှာ အဲဒီ ထောက်လှမ်းရေးတွေရဲ့ စစ်ဆေး ဖမ်းဆီး ဒဏ်ကိုခံခဲ့ရတာပါ။
ကျွန်မဆို အဲဒီချိန်က ဘိုကလေးမြို့ တိုင်းရင်းဆေးခန်းမှာ တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်း တယောက်ပါ။ဆရာမကို ထောက်လှမ်းရေး ဆွဲသွားတယ် ဆိုပြီးနာမည်ကိုကြီးလို့။မအူပင် ထောက်လှမ်းရေး တပ်ကိုခေါ် သွားပြီး အစစ်ခံခဲ့ရတာ အဲဒီချိန်က ကျွန်မကိုစစ်မေးရင် နင့်အကို သူပုန်ဆိုတာ ထပ်နေတာပဲ။ ကျွန်မအစ်ကို ဘယ်မှာရှိနေလဲ။ဘာတွေလုပ်သလဲ။ဘယ်သူတွေနဲ့ ဆက်သွယ်လဲ ဆိုတာ အမျိုးမျိုး ခြိမ်းခြောက် စစ်မေးခံရတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်ဦးစီး အစ်မကြီးကိုတော့ ရန်ကုန် အိမ်ကနေ နှစ်ညအိပ် သုံးရက်ခေါ်သွားပြီး အတော်အတန် နှိပ်စက် စစ်မေးခံရပါတယ်။ အဲဒီစစ်ဆေး ခံရတဲ့ ဒဏ်ကြောင့် မျက်လုံးတဖက် ဒဏ်ရာရပြီး ကွယ်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။ ခြေထောက် နှစ်ဖက်မှာလည်း မျဉ်းလုံးနဲ့ အလှိမ့်ခံထားရလို့အညို အမည်းစွဲပြီး ခုထိ အဆစ်အမြစ်တွေ နာနေတုန်းပါ။ ကျွန်မ အခုရေးပြနေတဲ့ နှိပ်စက် ခံရမှုကတော့ရှင်တို့ တောတွင်းဥပဒေနဲ့ စစ်ဆေးခံရပုံနဲ့မိုးနဲ့မြေကွာနေမှာပေါ့နော်။ ရှင်တို့ ၀ိုင်းနှိပ်စက်လိုက်တဲ့ မီမီခိုင်ဆိုတဲ့ မိန်းကလေး ဘယ်လိုဖြစ်ခဲ့ရတယ် ဆိုတာ တောတွင်းမှာလဲ လူ့အခွင့်အရေးပေးခဲ့ပါတယ် ဆိုတဲ့ ရှင်တို့အသိဆုံးပါဘဲ။ စစ်ထောက်လှမ်းရေးက အဲဒီအချိန်မှာ ကျွန်မအစ်ကို ကိုအသေရရ အရှင်ရရ ဖမ်းချင်တယ်ဆိုတာ သူတို့အချင်းချင်းပြောဆိုမှုတွေ အရ ကျွန်မတို့ကို စစ်ဆေးမှုတွေအရ သိခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်မအစ်မ ကိုရော ကျွန်မ(အဲဒီတုန်းကအပျိုပါ) ကိုပါ မုဒိမ်းလဲ မကျင့်ပါဘူး၊ မီမီခိုင်လို ဆေးလိပ်မီးနဲ့ အထိုးခံရတဲ့ ဒဏ်ရာ၊ရင်သား၊ဆီးစပ်တွေမှာ မရှိပါဘူး။
ကျွန်မတို့ ၀န်ခံထွက်ဆိုထားချက်တွေကို လက်မှတ်ထိုး ခိုင်းထားတာ သူတို့ဆီမှာရှိနေမှာပါ။ ဒါကြောင့် အဲဒီအချိန်က ထောက်လှမ်းရေးတွေကိုလည်း ကျွန်မတို့အစ်ကို ထောက်လှမ်းရေး ဟုတ်မဟုတ် အစစ်ခံစေချင်တယ်ဆိုတဲ့ ရှင်တို့စကားကို သိပ်ထောက်ခံပါတယ်ရှင်။ အဲဒီအချိန် ပုဇွန်တောင်မြို့နယ် မှာတာဝန်ကျပြီး ကျွန်မတို့ ဆွေမျိုးတစ်စုကို ဒုက္ခတွေပေးခဲ့တဲ့ ထောက်လှမ်းရေးတွေပါ ပါဝင်သင့်တယ်။ကိုယ်လုပ်ခဲ့တဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။ ယောက်ျားတွေပဲ။ အဲဒီအချိန်တုန်းက မှားခဲ့ပါတယ်လို့ သတ္တိရှိရှိ ၀န်မခံဘဲ ခုချိန်ထိ ကလိန်ကကျစ် နိုင်ငံရေးလုပ်စားဖို့ကြိုးစားနေတုန်းပါလား။နိုင်ငံရေး အပေါ်ဆက်ပြီး အမြတ်ထုတ်နိုင်ဖို့ ကြိုးစားနေသေးတယ်နော်။ ABSDF(မြောက်ပိုင်း)က အုံနဲ့သင်းနဲ့ အဖြစ်မှန်တွေကို အထုပ် ဖြေပြသွားပြီဖြစ်လို့ ရှင်ဘယ်လိုမှ ငြင်းလို့မရနိုင်ဘူးလေ။ အဲဒီတော့ ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင် တို့ကတော့ ABSDF (တောင်ပိုင်း) ထောက်လှမ်းရေးတွေပါလို့ မိုးကြိုးကို ထန်းလက်နဲ့ကာလိုက်ပြန်တာပေါ့။

ရယ်စရာကြီးပေါ့။ ရယ်စရာကြီးပါ။ ကိုနိုင်အောင် မရှက်တတ်ဘူးလား။ ငါတို့သေအောင် နှိပ်စက်တာ မသေလို့ ကျန်နေတဲ့ ဒီကောင်တွေ ပြန်မဖြေရှင်းရဲ လောက်ဘူးထင်ပြီး မီဒီယာ စာမျက်နှာထက် တင်လိုက်ကြတာပေါ့လေ။ ဟုတ်ပါတယ်၊ တကယ်လဲ ကျွန်မအစ်ကိုဟာ နိုင်ငံရေးကို စိတ်ကုန်သွားပါတယ်။စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာတွေနဲ့ ည-ည ဆို ထ-ထ လန့်အော်ပြီး ပြ န်မအိပ်နိုင်တော့အောင် စိတ်ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်သမိုင်းကိုယ် ရှင်းရမယ်။ အမှန်တရား ပေါ်စေရမယ် ဆိုပြီးသူတို့လဲသူတို့နည်းနဲ့ သူတို့ ဖြေရှင်းပါလိမ့်မယ်။

ကျွန်မကတော့ ရှင်တို့ဂျာနယ် အစောင်စောင်မှာ ပြောသလို စစ်မှန်တဲ့ တရားဥပဒေရှိရင် ဖြေရှင်းမှာပါ ဆိုတာရယ်၊ စစ်ထောက်လှမ်းရေးတွေပါ ပါဝင်ဖြေရှင်းသင့်တယ် ဆိုတာရယ်ကို ကြိုဆို ထောက်ခံမျော်လင့်နေပါတယ်။ တောတွင်းကနေ တော်လှန်ရေး လုပ်မယ်ဆိုပြီး တောခိုသွားမှ ရှင်တို့ရဲ့ နိုင်ငံရေး လှည့်ကွက်တွေထဲမှာ ရက်ရက်စက်စက် အသတ်ခံသွားရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ဦးစိန် တို့လိုလူတွေ အသက်မသေပေမဲ့ ဒီနိုင်ငံထဲမှာဘဲ ဘ၀ ပျက်နေခဲ့သူတွေ၊ စစ်အစိုးရကိုလဲ ကြောက်၊ရှင်တို့လိုက်သတ်မှာလဲ ကြောက်ပြီး ကိုယ့်တိုင်းပြည် မဟုတ်တဲ့ဆီ ပြေးပြီး မသေအောင် ရုန်းကန်နေသူတွေကို နိုင်ငံရေး သတ်ခဲ့ပြီးတာတောင် အားမရနိုင်သေးဘူးလား။

စစ်အစိုးရ ထောက်လှမ်းရေးတွေက ခြိမ်းခြောက် စစ်မေးတာတောင် ကျွန်မ တုန်နေအောင် ကြောက်ခဲ့ရပါတယ်။ ကျွန်မ အစ်ကိုအပါအ၀င် ရှင်တို့ နှိပ်စက်ခံခဲ့ရသူတွေဟာ သူတို့အသားနာ မခံနိုင်လွန်းလို့ အသက်မသေဖို့ အတွက် ရှင်တို့ဖြစ်စေချင်သလို ၀န်ခံ ထွက်ဆိုခဲ့ရတာ အဲဒီအချိန်က ရှင်တို့ ကိုထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကို ပြနိုင်ဖို့ NGO တွေ၊ သံရုံးတွေ၊နိုင်ငံခြား သတင်းဌာနက လူတွေကိုခေါ်ပြီး ၀န်ခံခိုင်းတဲ့အတိုင်း ရှင်တို့စိတ်တိုင်းကျ ဇာတ်လမ်းတွေ တ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ထောက်လှမ်းရေးတွေပါလို့ သက်သေ ပြနိုင်တယ်တဲ့လား? ABSDF(မြောက်ပိုင်း)က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပါဂျောင်သတ်ဖြတ်ပွဲ အကြောင်း ရှင်းတမ်း လုပ်တုန်းက မီဒီယာတွေလဲတွေ့ခဲ့ မြင်ခဲ့၊ကြားခဲ့ ရပါတယ်။ လူတယောက်ရဲ့ ဂုဏ်သိက္ခာ မရှိအောင် ကိုယ့်သေး ကိုယ်ပြန်သောက်ရ၊ ခြေထောက်နှစ်ဖက် ကြိုးတုတ်၊ လက်ပြန်ကြိုး တုတ်ပြီး ထမင်းကို ခွေးကျွေးသလို ကျွေးဆိုတဲ့ လူမဆန်တဲ့ ရက်စက် နှိပ်စက်မှုတွေကနေ လွတ်မြောက်လာကြတဲ့ ABSDF (မြောက်ပိုင်း)အုပ်စု၊ ABSDF(တောင်ပိုင်း)က မိန်းကလေး တယောက်တောင် တွေ့ပါတယ်။

ဘယ်သူတွေဟာ ကားအကောင်းစားကြီး စီးပြီးချမ်းသာ တောက်ပြောင်နေသူပါ ပါသလဲ။ သူတို့ကိုကြည့်လိုက်တာနဲ့ ဘ၀ပျက်ခဲ့ကြတာ၊ စွန့်လွှတ်ခဲ့ကြတာ၊ နွမ်းပါးနေခဲ့ကြတာ အသိသာကြီးပါ။ ရှင်တို့လက်ထဲက လွတ်အောင်ပြေးခဲ့တဲ့ ကိုစိုးလင်းရဲ့ ဇနီးဆရာဝန်မ မှာရောဂါကြီး ဖြစ်နေတာ ဆေးကုဖို့တောင်
အနိုင်နိုင်ပါ။ ကျွန်မ အစ်ကို ကိုနေ၀င်းအောင်ဆို မနက်(၆)နာရီကနေ ည(၆)နာရီထိ ဆူရှီလိပ်မှ ထမင်းနပ်မှန်ပါတယ်။ Dr နိုင်အောင်လို အဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ ဒေါ်လာတွေနဲ့ ကျည်ကာ ကားဝယ်မစီးနိုင်ပါဘူး။ မဲဆောက်မှာ အိမ်နှစ်လုံး မရှိပါဘူး။ ဘန်ကောက်မှာလဲ နေဖို့အိမ်မရှိပါဘူး။ ရှင်တို့ကျတော့ မြန်မာပြည်ထဲမှာ ဒီမိုကရေစီလဲ ရလာချိန်၊ ပြည်ပကနေဘဲ နိုင်ငံရေးဆက်လုပ်နေရင် ရှင်တို့တောင်စားနေကျ အဖွဲ့အစည်းတွေက မထောက်ပံ့တော့ဘူး၊ မြန်မာပြည်ထဲ ပြန်ဝင်မှ ထောက်ပံ့ငွေ ရမယ်ဆိုလို့ ဒေါ်လာ ဆက်စားနိုင်အောင် ၀န်ကြီးတွေနဲ့ လက်ဝါးချင်း ရိုက်ပြီး ပြန်ဝင်လာရုံသာမက နိုင်ငံရေး သူရဲကောင်း တောင် လုပ်လိုက်ချင်သေးတယ်။ ပါလတရားဆိုတာ မနေပါဘူး။အခုတောင် ရှင်တို့ ရက်ရက်စက်စက် သတ်ခဲ့တဲ့ ကိုထွန်းအောင်ကျော် တို့ တတွေရဲ့ အရိုးက တွန်နေပါပြီ။
 
Copy from - freedomnewsgroup.com

0 comments: