Thursday, June 28, 2012

ဂျပန်မှာ (၅)

ဂျပန်မှာ (၅)
 ဂျပန်ပြည်ကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ရောက်လာပြီဆိုရင်တော့ မြန်မာလူမျိုးအများစုဟာ “ပေါက်တဲ့နဖူး မထူး” လို့ပဲပြောပြော၊ “ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်” လို့ပဲဆိုဆို ကိုယ့်အရင်းပြန်ရရေးအတွက် ရေကုန်ရေခမ်း ကြိုးစားကြတာ များပါတယ်။ ကြိုးစားတဲ့ အတိုင်း အောင်မြင်သူတွေလည်း ရှိသလို ဘယ်လိုမှ မခံနိုင်တော့ဘဲ ပြန်ပြေးကြတဲ့ လူတွေလည်း ဂျပန်ခေတ်ကောင်းစဉ် လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်လောက် ကတည်းက ရှိခဲ့ကြပါတယ်။ အဲလိုပြန်ပြေးတဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ယနေ့ခေတ် နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး တယောက်တောင် ပါသေးတယ်။
 
အထက်က စာတွေမှာ ရေးခဲ့တာကို ပြန်ကောက်ပြီး Training Visaနဲ့ လာခဲ့သူတွေရဲ့ စက်ရုံအလုပ် လုပ်ငန်းခွင်ကိုပဲ အဓိကထားပြီးပြောကြပါစို့။
ဂျပန်မှာ စက်ရုံအလုပ် လုပ်သူတွေဟာ ယေဘုယျအားဖြင့် မနက်(၉)နာရီမှာ အလုပ်ဝင်ပြီး နေ့လည်(၁၂)မှာ ထမင်းစားချိန်နားပါတယ်။ နောက် နေ့လည်(၁)နာရီမှာ ပြန်စပြီး ညနေ(၃)နာရီမှာ တကြိမ်(၁၅)မိနစ်ခန့် နားပါတယ်။ ညနေ(၃)နာရီကျော်ကနေ ညနေ (၅)နာရီ(သို့မဟုတ်)(၆)နာရီအထိ အလုပ် လုပ်လေ့ရှိကြပါတယ်။ စက်ရုံက လူကြီးပိုင်း တွေကတော့ မနက်ဆို (၈)နာရီလောက် လာပြီး ညနေ (၇)နာရီ (၈)နာရီ လောက်မှ အလုပ် သိမ်းတတ်ကြပါတယ်။

ကျွန်ုပ်ရဲ့ အမျိုးသားမိတ်ဆွေတယောက်ဆိုရင် Training Visaနဲ့လာပြီး ဂျပန်က တောကိုရောက်သွားပါတယ်။ သူကတော့ စက်ရုံမှာ မဟုတ်ဘဲ Recycle နွားစာထုတ်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်ရပါတယ်။ ဂျပန်မှာ (TATAMI) (畳)လို့ ခေါ်တဲ့ ဂျပန်ရိုးရာ ကောက်ရိုးဖျာတွေ ရှိပါတယ်။ အဲသည့် ကောက်ရိုးဖျားတွေထဲက မသုံးတော့လို့ အမှိုက်အဖြစ်နဲ့ ပစ်လိုက်တဲ့ ဖျာတွေကို တစစီ ပြန်လည်ဖျက်ဆီးပြီး နွားစာ အဆင့်အထိရောက်အောင် Recycle ပြန်လုပ်ပါတယ်။ 

ထိုမိတ်ဆွေပြောပုံအရဆိုရင် ဖျာတွေကို တစစီမွှာထုတ်ရတဲ့အတွက် ကောက်ရိုးဖျာကထွက်တဲ့ အမှိုက်နဲ့ဖုန်တွေဟာ တံတွေးထွေးလိုက်တိုင်း၊သလိပ်ခတ်လိုက်တိုင်း ပြန်မကြည့်ရဲဘူးတဲ့။ ဘယ်လိုပင် မျက်နှာဖုံး (Mask)တပ်ထားပေမယ့်လည်း မျက်စိတွေ၊ နားတွေ၊နှာခေါင်းထဲတွေကို ဖျာမှုန်တွေကဝင်တာပဲတဲ့။မရိုမသေ အလေးအခင်းသွားရင်တောင် ကြမ်းရှလှပါသတဲ့။ လုပ်ရတော့လည်း နေပူထဲမှာ။ ကြာရင် ဘုန်းကြီးစားသွားမယ်ဆိုပြီး  မြို့ကိုထွက်ပြေး၊ Over stay လုပ်ပြီး ပန်းကန်ဆေးတော့တာပါပဲ။ ဂျပန် စာ၊ စကားမတတ်တော့လည်း ဒီလိုပဲပေါ့လေ။

ကျွန်ုပ်ရောက်ခါစကလည်း အိမ်က အကိုတော်က သွင်းပေးလို့ စက်ရုံအလုပ်လုပ်ဖူးပါတယ်။ ပြောရရင် အကိုတော်ရဲ့ ကျေးဇူးကြောင့် အလုပ်လုပ်ခွင့်ရခဲ့ပေမယ့်  အဲသည့်စက်ရုံပိုင်ရှင်က ဂျပန်ရောက်ခါစ ကျွန်ုပ်ကို နဲနဲလေးမှ အလုပ်ခန့်ချင်တာမဟုတ်ပါဘူး။ ကျွန်ုပ်အကိုက အဲသည့်စက်ရုံမှာ မနက်(၈)နာရီ ညနေ(၇)နာရီ ဆင်းရတဲ့ အဆင့်ဖြစ်နေလို့သာ ကျွန်ုပ်ကို မခန့်ရင် အကိုနဲ့မျက်နှာ ပျက်ရမှာစိုးလို့သာ မလွှဲသာလို့ ခန့်လိုက်တာပါ။ ဒါပေမယ့် လစာအနေနဲ့ကတော့ အဲသည့်တုန်းက အနိမ့်ဆုံးအဆင့် တနာရီယန်း(၈၀၀)ရတဲ့အချိန်မှာ ကျွန်ုပ်ဟာ ယန်း၇၅၀နဲ့ စခဲ့ရပါတယ်။ 

သူတို့က ကျွန်ုပ်အကိုကို ပြောတယ် “ခင်ဗျားလည်း ဒီအလုပ်ကို သိနေတာပဲတဲ့။ ဒီအလုပ်ဆိုတာက ဂျပန်စာမတတ်ရင် အလေးအပင်မတဲ့အလုပ်ပဲ ရှိတာလေတဲ့။ ခင်ဗျား ညီမက ဂျပန်စာလည်း ဖြစ်ဖြစ်မြောက်မြောက် တတ်တာမဟုတ်ဘူး၊ လူကောင်လေးကလည်း သေးသေးလေး၊ ကျနော်တို့ ဘယ်နေရာသွားသုံးရမလဲ” တဲ့။ သူတို့ တွက်ပြတာလည်း မမှားပါဘူးလေ။ ကိုယ့်မှာက အားနည်းချက်တွေနဲ့ကိုး။ အကိုကတော့ တခြားအလုပ် ရှာပါဦးလားဆိုပေမယ့် ကျွန်ုပ်ကတော့ ရတယ်၊ ကိစ္စမရှိဘူး ဒီအလုပ်ကို ရအောင်ကို လုပ်ပြမယ်ဆိုပြီး ယန်း(၇၅၀)ကို သဘောတူလိုက်ပါတယ်။

စက်ရုံက ဂျပန်ရိုးရာအစားအစာဖြစ်တဲ့ အချဉ်(ချဉ်ဖတ်)အမျိုးမျိုးထုတ်တဲ့ စက်ရုံပါ။ ပထမဦးဆုံး အလုပ်ဆင်းတဲ့နေ့မှာပဲ သူဌေးကတော်က ကျွန်ုပ်ကို စက်ရုံတခုလုံးနဲ့ မိတ်ဆက်ပေးပါတယ်။ မိတ်ဆက်ပေးတဲ့နေရာမှာ ကျွန်ုပ်အကိုရဲ့ ညီမ ပါဆိုပြီး မိတ်ဆက်ပေးပါတယ်။ ကျွန်ုပ်က အဲ့ဒါကို သိပ်သဘောမကျဘူး။ သူဌေးကတော်ကို မတတ်တတတ်ဂျပန်စကားနဲ့ပဲ သူတို့နားလည်အောင်ပြောလိုက်တယ်။ “ငါ့ကို ငါ့အကိုမျက်နှာကြောင့်ဆိုပြီး အလုပ်မှာ ငဲ့နေတာမျိုးကို ငါမလိုချင်ပါဘူးလို့၊ ငါ့ကို အားလုံးနဲ့တန်းတူထားပါလို့” ပြောတော့ သူတို့က ပြုံးတယ်။ အဲသည့်အချိန်က ဘာလို့ပြုံးမှန်း ကျွန်ုပ်မသိခဲ့ဘူး။

အဲသည့်နောက်တော့ သူဌေးကတော်က ကျွန်ုပ်ကို ပထမဦးဆုံး ခေါ်သွားတဲ့နေရာကတော့ စက်ရုံရဲ့ အနောက်ဖက် ခပ်ကျကျနေရာမှာရှိတဲ့ အလုပ်သမားသုံး အိမ်သာကိုပါပဲ။ သူက“ဒါကတော့ အိမ်သာပဲ၊ ဂျပန်လို ဘယ်လိုခေါ်လဲ နင်သိတယ် မဟုတ်လား”တဲ့၊ ကျွန်ုပ်က ခေါင်းငြိမ့်ပြတော့ “ ဂျပန်မှာ ကိုယ့်အထက်လူကြီးက မေးရင်နေ အသံထွက်ပြီး ဖြေရတယ်” လို့ပြောတယ်။ “ဟိုက်” ပထမဦးဆုံး ကျွန်ုပ်ဆီက အောင့်သက်သက်နဲ့ ထွက်သွားတဲ့ မြန်မာလို “ဟုတ်ကဲ့” ဆိုပါတော့။

ဒီ့နောက်မှာတော့ သူဌေးကတော်က အိမ်သာသုံး သန့်ရှင်းရေး တန်ဆာပလာတွေကို တမျိုးပြီးတမျိုး သုံးနည်းတွေပြပြီးတော့ အိမ်သာတခုလုံးကို ပယ်ပယ်နယ်နယ် ဆေးပြပါတော့တယ်။ အားလုံးစိတ်တိုင်းကျ ဆေးပြီးတဲ့အခါမှာတော့ “နောက်အပါတ် ဒီအချိန်က နင့်အလှည့်”တဲ့။ စက်ရုံမှာ ငါကစပြီးတော့ အမျိုးသမီးတွေအကုန်လုံး အလှည့်ကျဆေးကြတယ်” တဲ့လေ။ ရင်ထဲမှာ “ဒိန်း” ကနဲဖြစ်သွားတယ်။ အသက်ရှူလည်း ၃စက္ကန့်လောက်ရပ်သွားတယ်။ တကိုယ်လုံးက တောင့်သွားတယ်။ ကျွန်ုပ်ထံက ဘာသံမှ ထွက်မလာတော့ “ငါပြောတဲ့ အဓိပ္ပာယ်ကို နင်နားလည်ရဲ့လား၊ နင့်အကိုကို ဘာသာပြန်ခိုင်းရမလား” လို့ မေးလာတယ်။ ကျွန်ုပ်က နားလည်တဲ့အကြောင်း ဘာသာပြန်ရန်မလိုကြောင်းကို ကြိုးစားပမ်းစား ပြောပြီး နောက်ဆုံးမှာတော့ ဒုတိယအကြိမ် “ဟိုက်” လိုက်ရပါတယ်။

သည့်နောက်မှာတော့ မုန်လာဥနီခွာတဲ့ နေရာဆီခေါ်သွားတယ်။ သန်မာတောင့်တင်းတဲ့ ဂျပန်အဖွားကြီးတွေ ၁၀ ယောက်လောက် မုန်လာဥပုံကြီးကို ဝိုင်းပြီး အခွံအချောသတ်နေကြတယ်။ မုန်လာဥပုံကြီးရဲ့ တဖက်တချက်မှာ ရပ်နေတဲ့သူဆို တယောက်နဲ့တယောက်မမြင်ရဘူး။ အပုံက အဲလောက်ကြီးတယ်။ စက်နဲ့ အခွံနွှာပြီးကျလာတဲ့ မုန်လာဥနီတွေကို အခုလို အလယ်မှာပုံပြီး စက်နဲ့နွှာလို့မရတဲ့ အခွံအကတ်အသပ်လေးတွေကို လက်နဲ့ဝိုင်းပြီး အချောသတ်ကြရတယ်။

၁၀ ပေပတ်လည် ရေခဲခန်းတွေထဲက ထုတ်လာတဲ့ မုန့်လာဥနီတွေဟာ ရေခဲတုံးတွေလိုပဲ အေးစက်ပြီး လေးနေတာပဲ။ အဝတ်လက်အိတ် ဝတ်ထားတယ်ဆိုပေမယ့် ၁၀လုံးလောက်နွှာပြီးရင် လက်အိတ်တခုလုံးက ရွှဲစိုအေးစက်နေပြီ။ ဗယ်လက်နဲ့ မုန်လာဥနီကို ပက်လက်အနေအထား ဆုပ်ကိုင်ပြီးတော့ ညာလက်ကနေ အခွံသင်ရတယ်။ တယောက်နဲ့တယောက် မမြင်ရတဲ့ မုန်လာဥပုံဟာ တအိအိပြိုဆင်းပြီး အပုံအောက်က ကြမ်းပြင်ကို ဆေးကြောပြီးတဲ့အထိ တနေကုန်အခွံလိုက်ရတယ်။ 

မနက်(၉)နာရီကနေ နေ့လည်(၁၂)နာရီအထိ ခြေစုံရပ်ပြီး အေးစက်မာကျောလှတဲ့ မုန်လာဥတွေကို သူတို့နည်းတူ လိုက်နွှာရတယ်။ နေ့လည်(၁၁)နာရီလောက်အရောက်မှာတော့ ခြေထောက်တွေက တဆတ်ဆတ်တုန်လာတယ်။ ဗယ်လက်က မုန်လာဥတလုံး ကိုင်ရဖို့ကို အရမ်းကြောက်နေပြီ။ လက်နှစ်စလုံးက လက်မောင်းရင်းကနေ ကိုက်ခဲလာတယ်။ လက်ကို မြှောက်မထားချင်တော့ဘူး။ အဖွားကြီးတွေကို ကြည့်လိုက်တော့ သူတို့က အေးဆေးပဲ။ စကားပြောတောင် မပျက်ကြဘူး။ အဲသည့် အချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒကို ပြောပါဆိုရင် ကျွန်ုပ်လက်နှစ်ဖက်ကို ပုံမှန်အနေအထား တွဲလောင်းချချင်တယ်လို့ ပြောမိမလားမသိဘူး။

ကျွန်ုပ်အခြေအနေကို တချိန်လုံး အကဲခတ်နေကြတဲ့ အဖွားကြီးတွေက သူတို့အချင်းချင်း ဂျပန်လိုပြောလိုက်၊ ပြုံးလိုက်ကြနဲ့ပေါ့။ ကျွန်ုပ်ကိုလည်း ပြောသေးတယ် နင်မတတ်နိုင်ရင် မနိုင်မနင်းတွေ မလုပ်နဲ့လေတဲ့။ သူဌေးကတော်ကို ခေါ်ပေးရမလားတဲ့။ သူတို့ရဲ့ မျက်နှာတွေ မျက်လုံးတွေထဲမှာ ကျွန်ုပ်ကို အထင်သေးစွာနဲ့ သရော်နေတဲ့ အကြည့်တွေ အတိုင်းသားပေါ်နေတယ်။ သူတို့ မေးငေါ့တာခံလိုက်ရတော့ ရုတ်တရက်တော့ သွေးဆူသွားတယ်။ “ရတယ် နေ့လည်(၁၂)နာရီအထိ ငါလုပ်နိုင်တယ်” လို့ ရှိသမျှအင်အားတွေကို စုပြီးပြန်ပြောလိုက်မိတယ်။

ဒီလိုနဲ့ ထမင်းစားပြီးတော့ ထပ်ခွာ၊ နောက် ၂နာ၇ီ၊ (၁၅)မိနစ်နား နောက်(၂)နာရီထပ်ခွာ၊ ညနေ(၅)နာရီထိုးတော့ အဖွားကြီးတွေနဲ့အတူ ကြမ်းပြင်ကို ရေပိုက်နဲ့ထိုးဆေး၊ တံမြက်စည်းလှည်းပြီး ညနေ(၅)နာရီခွဲမှာ Time Cardရိုက်ရတယ်။ ပြန်လာတော့ အဲသည့်နေ့က တကိုယ်လုံးနာကျင်ကိုက်ခဲပြီး ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး။

နောက်နေ့ မနက်မိုးလင်းလို့ စက်ရုံရှေ့ရောက်တော့ အဖွားကြီးတွေက “နင်လာနိုင်သေးတယ် ဟုတ်လား” တဲ့။ ကျွန်ုပ်ပြုံးပြလိုက်ပါတယ်။ စိတ်ထဲမှာလည်း “မုန်လာဥဆိုတာ သက်မဲ့၊ ငါက သက်ရှိ” လို့ ကိုယ့်ကိုကိုယ် အားပေးလိုက်တယ်။ ဒီအဖွားကြီးတွေတောင် လုပ်နိုင်ရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲဆိုတဲ့ မခံချင်စိတ်ကို မွေးလိုက်တယ်။ 

ဒီလိုနဲ့ ကျွန်ုပ် (၁)လတိတိ မုန်လာဥနဲ့စစ်ခင်းရတယ်။ မုန်လာဥတွေကို အောင်မြင်သွားတော့ သူဌေးကတော်ကပြုံးပြီး နောက်တနေရာကို ခေါ်သွားတယ်။ တစ်ထုတ်ကို (၁)ကီလိုလေးတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့အချဉ်ထုတ်အိတ်တွေကို ပိတ်ရတဲ့စက် သုံးပုံသုံးနည်းကို သင်ပေးပြီး စက်နဲ့အိတ်ပိတ်ခိုင်းတယ်။ စက်ကသူတို့ သတ်မှတ်ထားတဲ့ အတိုင်းဆို တခါပိတ်ရင် ၃ အိတ်ဝင်တယ်။ အိတ်တခါ ပိတ်လိုက်တိုင်း စက်အဖုံးကို ဆွဲချဖို့ လက်နှစ်ဖက်ကို အသားကုန်မြှောက်ပြီး စက်အဖုံးကို ဆွဲချရတယ်။ တနေ့ကို အထုတ်ပေါင်း ထောင်နဲ့ချီပြီး ပိတ်ရတဲ့ အတွက် တနေ့ကို လက်မြှောက်လိုက်ချလိုက် အခါ ၃၀၀ လောက်လုပ်ရတယ်။

အဲဒါကို ကြိုးစားပြီး လုပ်နိုင်ပေမယ့် ကျွန်ုပ်အနေနဲ့ အရမ်းဒုက္ခရောက်ရတာက ကိုယ်ပိတ်မယ့် အထုတ်တွေကို လေးထောင့်ဇကာထဲမှာ တခါထည့်ရင် ၁၆ထုတ်ထည့်ပြီး ကိုယ်ပိတ်မယ့်နေရာကို ယူလာရတာပဲ။ အဲသည့်(၁၆)ကီလိုကို ကျွန်ုပ်ဘယ်လိုမှ မ,မနိုင်ဘူးလေ။ သူတို့ကို ၈ ကီလိုလောက်ခွဲပြီး မလို့ရမလားမေးတော့ အလုပ်ဘယ်လို တွင်ကျယ်တော့မှာလဲလို့ ပြန်ပြောတယ်။ သူတို့မျက်လုံးတွေက မလုပ်နိုင်ရင်လည်း ထွက်ဟာ၊ စက်ရုံမှာ လာရှုပ်နေတယ်ဆိုတဲ့ စကားကို အသံမဲ့ပြောနေသလိုပဲ။ တခါသယ်ရင်(၁၆)ကီလိုနဲ့ တနေ့ကို အခေါက်(၆၀)လောက် ကျွန်ုပ်သယ်ရတယ်။ မခံချင်စိတ်ကို အားအဖြစ် မွေးပြီး ကျွန်ုပ်သယ်ခဲ့တယ်။ ရအောင်ကို ယက်ကန်ယက်ကန်နဲ့ သယ်တယ်။

နောက်ရက်တွေကြာလာတော့ တခါပိတ်ရင် ၃ထုတ်နေရာမှာ ၄ ထုတ်စီပြီးပိတ်တယ်။ သူဌေးကတော်က အဲလို လုပ်ရင် တခါတခါကျရင် အိတ်တွေက သေချာမပိတ်တော့ဘူးလို့ လာပြောတယ်။ “ အကယ်၍ ငါ ၄ ထုတ်စီလို့ အဖုံးမလုံဘူးလို့ customer ကပြောလာရင် ငါ အလုပ်ထွက်မယ်”လို့ အလုပ်နဲ့ရင်းပြီး အာမခံပေးလိုက်တယ်။ ဒီတော့ ကျွန်ုပ်လက်မြှောက်ရတဲ့ အချိန်သက်သာသွားသလို အထုတ်တွေ မြန်မြန်ကျတဲ့အတွက် တခါသယ်ရင် ၁၆ထုတ်မသယ်ဘဲ ၁၀ ထုတ်သယ်လည်း အလုပ်ပြီးချိန်က အတူတူပဲ ဖြစ်သွားတယ်။ သူတို့ ဘာမှ ပြောလို့မရတော့ဘူး။ ဘယ်ရမလဲ…မြန်မာ ပဲဟာ။

အမှန်တော့ သူတို့က ကျွန်ုပ်ကို လူပုံကြည့်ပြီး အထင်သေးတာနဲ့ သူတို့စက်ရုံမှာ မလုပ်စေချင်တာနဲ့ တမင် ညှဉ်းတာလည်းပါပါတယ်။ စက်ရုံရဲ့ နေရာအမျိုးမျိုးမှာ ကျွန်ုပ်ကို နည်းမျိုးစုံ ပုံစံပေးပြီးနောက်မှာတော့ (၆)လအကြာမှာ ကျွန်ုပ်ယန်း(၈၀၀)ဖြစ်သွားတယ်။ နောက် ၆လ အကြာမှာတော့ ယန်း (၈၅၀)ဖြစ်သွားတယ်။ စက်ရုံမှာ တနှစ်ခွဲ အကြာမှာတော့ ယန်း(၉၀၀)ဖြစ်သွားတယ်။ (၂)နှစ်ပြည့်တော့ ယန်း(၉၅၀)ဖြစ်သွားတယ်။ အဲသည့်စက်ရုံက အမျိုးသမီးထဲမှာ အမြင့်ဆုံးလစာဖြစ်သွားတယ်။

အဲသည့်အချိန်မှာတော့ သူဌေးကတော်ရဲ့ ပါးစပ်က တနေ့ကို “နံသာစံ” “ံ နံသာစံ”ဆိုတာကို ၁၀ခေါက်လောက် မခေါ်ရရင် မနေနိုင်တော့ဘူး။ ကျွန်ုပ်လည်း ရောက်ခါစက ကျွန်ုပ်ကို အနိုင်ကျင်ခဲ့တဲ့သူတွေကို ပြန်ပြီး ပညာပြခြင်း၊ အိမ်သာမဆေးရရေး တိုက်ပွဲဝင်ခြင်း၊ အလုပ်ခွင်ထဲမှာ တတ်နိုင်သလောက် သူတို့ကို မြန်မာစကားသင်ကြားခြင်း၊ အလုပ်လုပ်နေရင်း သီချင်းဆိုခြင်း၊ ဖွင့်ထားတဲ့ ရေဒီယိုအစီအစဉ် မကြိုက်လို့ ခဏခဏပြောင်းခြင်း စတဲ့ လူပါးဝလို့ရတဲ့ ကိစ္စမှန်သမျှကို အတိုးချပြီး လူပါးဝပါတော့တယ်။ 

မြန်မာမိန်းကလေးကို ပထမဦးဆုံး စမြင်ဖူးတဲ့ သူဌေးလင်မယားဟာ ကျွန်ုပ်စက်ရုံမှာ အလုပ်လုပ်တာ (၂)နှစ်ခွဲကြာတဲ့ အချိန်မှာတော့ ဂျပန်စာစကားကိုလည်း တော်တော်လေးကို ကျွမ်းကျင်နေပြီဖြစ်တဲ့၊ စက်ရုံရဲ့ ဂျပန်လိုတွေချည်းရေးထားတဲ့ label တံဆိပ်တွေ ထုတ်တဲ့ကွန်ပြူတာဆော့ဝဲကလိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်နေပြီဖြစ်တဲ့၊ အချဉ်အမျိုးအစား အချဉ်ရည်အမျိုးမျိုးကို ဂျပန်စာတွေကြည့်ပြီး အိတ်ထောင်ပေါင်းများစွာအတွက် အချဉ်ရည်စပ်တတ်နေပြီဖြစ်တဲ့ ကျွန်ုပ်ကို သူတို့သွားလေ ညစာစားပွဲ၊ ဂေါက်ကွင်း၊မိတ်ဆုံစားပွဲတွေမှာ ဒါသူတို့မွေးစားမယ့် သမီးလေဆိုပြီး မိတ်ဆက်ပေးတဲ့ အဆင့်ကိုရောက်ခဲ့တယ်။

ဘယ်လိုပင် နှင်းတွေကျနေပါစေ၊ ဘယ်လိုပင် မိုးတွေရွာပြီး ချမ်းအေးနေစမ်းပါစေ ရေတွေစိုရွှဲအေးစက်နေတဲ့ တံမင်းတလင်းပေါ်မှာ နာရီပေါင်းများစွာရပ်ပြီး နံနံစော်စော် အေးအေးစက်စက် ဂျင်းစိမ်းတွေ၊ မုန်လာဥအဖြူအနီတွေ၊ သခွားသီးတွေ၊ မက်မန်းသီးတွေကို ကိုယ်ချစ်သူလို သဘောထားပြီး နေ့စဉ်နဲ့အမျှ မညည်းမငြူ လက်ပွန်းတတီးနဲ့ နေခဲ့ရတဲ့ အကျိုးကျေးဇူးကြောင့် (၃)နှစ်အတွင်းမှာ ငွေကြေးအားဖြင့် သိန်း(၁၀၀) ကျော်စုမိပါတယ်။

ဂျပန်လူမျိုး မိတ်ဆွေတွေ အများကြီး ရလိုက်တယ်။ ဂျပန်စာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်သွားတယ်။ ဂျပန့်ယဉ်ကျေးမှုတွေကို တစထက်တစ နားလည်လာတယ်။ ဂျပန်ဆိုရင် လာထားပဲ။ လုံးဝ မကြောက်တော့ဘူးဖြစ်သွားတယ်။နောက်မှ သိရတာက ဒီစက်ရုံမှာ မလုပ်နိုင်လို့ ထွက်သွားတဲ့ နိုင်ငံခြားသူတွေ အများကြီးရှိတယ်တဲ့။ ကျွန်ုပ်ပြောလိုက်ပါတယ် “ငါက မြန်မာအမျိုးသမီး” လို့။
ဆက်ရေးပါဦးမယ်။

နန္ဒာ(ဂျပန်)

0 comments: