Wednesday, June 27, 2012

ဂျပန်မှာ (၃)


ဂျပန်တွေ အလုပ်လုပ်ပုံနဲ့ မြန်မာတွေ အလုပ်လုပ်ပုံ

ကမ္ဘာပေါ်မှာ အလုပ်ချိန်အများဆုံးတိုင်းပြည်များစာရင်း၊ ကမ္ဘာပေါ်မှာ အလုပ်အလုပ်ဆုံး နိုင်ငံများစာရင်းတွေကိုကြည့်ရင် ဂျပန်ဟာ အမြဲလိုလို Top (10) ထဲမှာ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ အလုပ်ချိန်များသလောက် အလုပ်လည်း အရမ်းကြိုးစားတဲ့ လူမျိုးတွေထဲက လူမျိုးတမျိုးကိုပြပါဆိုရင် ဂျပန်လူမျိုးကိုသာ ပြလိုက်ပါ။ သင်မမှားပါဘူး။





ကျွန်ုပ်အနေနဲ့ အခုလက်ရှိ နေထိုင်နေတဲ့ ဂျပန်နိုင်ငံမှာပဲ တရုတ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တူရကီ၊ ကိုးရီးယား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အီရန်…အစရှိတဲ့ အာရှတိုက်သားများ၊ အမေရိကန်(လူဖြူ၊လူမဲ)များ၊ အင်္ဂလိပ်များ၊ ရုရှများ၊ အာဖရိကတိုက်သားများ၊ ကိုလံဘီယာ၊ ဘရာဇီး၊ ပေါ်တူဂီ၊ တန်ဇန်းနီးယား…အစရှိတဲ့ ကမ္ဘာ့အနောက်ခြမ်း၊ မြောက်ခြမ်း၊ အလယ်ပိုင်းက နိုင်ငံခြားသား မိတ်ဆွေများ များစွာရှိပါတယ်။ သူတို့တွေရဲ့ ဂျပန်လူမျိုးများ အလုပ်လုပ်တဲ့အပေါ်မှာ မြင်တဲ့ အမြင်နဲ့ ကျွန်ုပ်တို့ မြန်မာတွေ မြင်တဲ့အမြင်ဟာ အတူတူပဲ ဖြစ်နေတာကို တွေ့ရပါတယ်။

ကျွန်ုပ်အတွက်တော့ ဂျပန်မှာ နိုင်ငံခြားသားမိတ်ဆွေတွေကို အလွယ်တကူ တွေ့ရှိနိုင်တာ၊ မိတ်ဖွဲ့ရရှိနိုင်တဲ့နေရာကတော့....
ဂျပန် လ.ဝ.က နဲ့ ဂျပန်စာသင်ကျောင်းတွေမှာပါပဲ။ ဂျပန်လ.ဝ.က ကို အကြောင်း ကိစ္စအမျိုးမျိုးကြောင့် လာကြရင်း ကိုယ့်ကိစ္စမပြီးသေးလို့ ထိုင်စောင့်နေရတဲ့အချိန်တွေမှာ ကိုယ့်ဘေးမှာ နိုင်ငံခြားသားတွေ့လို့ကတော့ ကျွန်ုပ်က အလွတ်မပေးပါ။
ပထမဦးဆုံးအနေနဲ့ ဂျပန်ထုံးစံအတိုင်း အရင်ဆုံး ပြုံးပြလိုက်တာပါပဲ။ သူတို့က ပြန်ပြုံးပြရင်တော့ “ သင်က ဘယ်နိုင်ငံကလဲ၊ ဘာလူမျိုးလဲ၊ အခု ဘယ်မှာနေလဲ၊ ဂျပန်ရောက်တာ ကြာပြီလား….အစရှိတဲ့ profileတွေကို စပ်စုပြီးတာနဲ့ ကိုယ့် dataတွေလည်း ပြောသင့်သလောက်ပြလိုက်ပါတယ်။ ကျောင်းမှာလည်း ဒီလိုပါပဲ။ကျောင်းမှာကတော့ နေ့တိုင်းလိုလိုတွေ့ရတော့ ပိုစကားပြောဖြစ်ပါတယ်။ ပိုလည်းရင်းနှီးပါတယ်။

ဒီနောက်မှာတော့ ကျွန်ုပ်စိတ်အဝင်စားဆုံး မေးခွန်းတွေဖြစ်တဲ့ “သင် ဂျပန်ကို ဘယ်လိုမြင်လဲ”၊ “ဂျပန်တွေ ချစ်လာ”း၊ “ဂျပန်တွေ အလုပ် လုပ်တာရော ဘယ်လိုမြင်လဲ” ဆိုတဲ့ မေးခွန်းတွေကို မေးမိပါတယ်။ဒီနေရာမှာ ၈၀ရာခိုင်နှုန်းလောက်ရဲ့ တူညီတဲ့ အဖြေတွေကတော့….”ဂျပန်လား…မလွယ်ဘူးနော်”၊ “ပင်ပန်းတယ်လေ”၊ “ငါ့အိမ်ထောင်ဘက်ကတော့ ဂျပန်ပဲ၊ ဒါပေမယ့် ငါဂျပန်တွေကိုမချစ်ဘူး”၊ “ငါဘာလို့များ ဂျပန်ကိုရွေးချယ်ခဲ့မိပါလိမ့်လို့ ….”၊ “ဂျပန်တွေကို ငါတော့ နားမလည်ဘူး” ၊“ ဂျပန်တွေက လူတွေမှ မဟုတ်တာ၊ စက်ရုပ်တွေလေ၊ အလုပ်ကို လူလိုမလုပ်ဘူး၊ သေတာတောင် အလုပ်လုပ်ရင်းသေမယ့် လူမျိုး” “ဂျပန်တွေ ကြိုးစားတာကတော့ လိုက်မမီဘူးဟေ့” စသဖြင့် စသဖြင့် သူတို့တွေရဲ့ တွေ့ကြုံနေကြရတဲ့ အတွေ့အကြုံတွေကတဆင့် ပေါက်ကွဲလာတဲ့ ပေါက်ကွဲသံစဉ်တွေကို အခုလိုပဲ ကြားခဲ့ဖူးပါတယ်။

ဒီစကားတွေဟာ တနေရာထဲ တချိန်ထဲမှာ စုဆောင်းလို့ရတဲ့ စကားတွေ အတွေ့အကြုံတွေ မဟုတ်ပါဘူး။ အလျဉ်းသင့်ရင် သင့်သလို ရထားပေါ်မှာ၊ ကျောင်းမှာ၊ အလုပ်ခွင်မှာ၊လ.ဝ.က မှာ၊ စားသောက်ဆိုင်မှာ၊ ပွဲတော် တခုခုမှာ စသဖြင့် နေရာမျိုးစုံက နိုင်ငံခြားသားမျိုးစုံတို့ရဲ့ အသံတွေကို နှစ်နဲ့ချည်ပြီး စုဆောင်းခဲ့ရတာတွေပါ။

ဂျပန်မှာ အလုပ်အကိုင်အမျိုးအစားတွေ မြောက်များစွာရှိပါတယ်။ ကျွန်ုပ်လေ့လာစုဆောင်းထားသလောက် အလုပ်အမျိုးအစားတွေကတော့
1.      စားသောက်ကုန်လုပ်ငန်း
2.      အရောင်းကောင်တာလုပ်ငန်း
3.      ဖက်ရှင်လုပ်ငန်း
4.      အထွေထွေဝန်ဆောင်မှု
5.      အနုပညာနဲ့ဖျော်ဖြေရေး
6.      အရောင်းမြှင့်တင်ရေး
7.      စာရေးစာချီလုပ်ငန်း
8.      စာရင်းကိုင်လုပ်ငန်း
9.      လူမှုဖူလုံရေးဝန်ဆောင်မှုလုပ်ငန်း
10.  ပညာရေးလုပ်ငန်း    
11.  ပေါ့ပါးသော ကာယလုပ်ငန်း
12.   သယ်ယူပို့ဆောင်ရေး
13.  ကုန်ထုတ်လုပ်မှု၊ တည်ဆောက်ရေး အင်ဂျင်နီယာ၊ဒီဇိုင်းပညာရှင်
14.  အိုင်တီ နည်းပညာရှင်
15.  ဆေးပညာရှင်၊ဆေးလုပ်ငန်းဝန်ဆောင်မှု
16.  မီဒီယာလုပ်ငန်း နဲ့
17.  အခြားသော မိမိကျွမ်းကျင်ရာလုပ်ငန်းများဆိုပြီး ရှိကြပါတယ်။
အခုဖေါ်ပြတဲ့ လုပ်ငန်းတွေနဲ့ပါတ်သက်ပြီး အသေးစိတ်ကို အလုပ်အကိုင်အမျိုးအစား ကဏ္ဍအနေနဲ့ သီးခြားဖေါ်ပြပေးပါမည်။

လောလောဆယ်နဲ့ ခေါင်းစဉ်ပါအကြောင်းအရာဖြစ်တဲ့ ဂျပန်လူမျိုးတို့ အလုပ်လုပ်ကိုင်ပုံကိုပဲ ဆက်လက်ပြောကြပါစို့။ ကဲ…ဒါဖြင့် ကိုရွှေဂျပန်တို့ ဘယ်လိုများ အလုပ်လုပ်ကြပါလဲ။
ဂျပန်မှာ “ အလုပ်” လို့ ဆိုလိုက်တာနဲ့ အလုပ်ဟူသမျှ ဂုဏ်ရှိစွ လို့ ဂျပန်လူမျိုး အတော်များများက ခံယူထားကြပါတယ်။ ကာယအလုပ်နဲ့ ဥာဏအလုပ်တို့ရဲ့ ဝင်ငွေကလည်း သိပ်သိသိသာသာကြီး မကွာခြားလှပါဘူး။ ယေဘုယျအနေနဲ့ ခြုံပြောရရင် ဝင်ငွေအရ  လူတန်းစားညီပါတယ်။ ဥပမာပြောရရင် အထက်တန်းအောင်ပြီးတဲ့ ကုမ္ပဏီဝန်ထမ်း စာရေးတယောက်ရဲ့ လစာနဲ့ ၊အမှိုက်ကားမောင်းတဲ့သူရဲ့လစာနဲ့ ၊ဂျပန်မှာ နေ့စားလရှင်း အလုပ်သမားတယောက်ရဲ့ တနေ့( ၉) နာရီ ၊(၁၀)နာရီနှုန်းနဲ့ တလကို ရက် (၂၀)၊ (၂၂) ရက်လောက် လုပ်တဲ့ ဝင်ငွေဟာ သိပ်မကွာလှပါဘူး။

ဒါကြောင့်လည်း ဂျပန်နိုင်ငံဟာ ယေဘုယျအားဖြင့် လူတန်းစားညီတဲ့၊ လူလတ်တန်းစားလူဦးရေများပြားတဲ့ ချမ်းသာတဲ့ နိုင်ငံတနိုင်ငံဖြစ်နေခြင်း ဖြစ်ပါတယ်။ အရမ်းချမ်းသာတဲ့ သူဌေးကြီးတွေလည်းရှိသလို၊ နေစရာ အိမ်မရှိလောက်ကို ဆင်းရဲတဲ့ (Homeless) လူတန်းစားလည်း ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ၆၀ရာခိုင်နှုန်းလောက်ဟာ မရှိမရှား လူတန်းစားတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မရှိမရှားဆိုတဲ့ အဆင့်မှာ ကိုယ်ပိုင် လုံးခြင်းအိမ် ခပ်သေးသေးလေးရှိချင်ရှိမယ်၊ ကိုယ်ပိုင် တိုက်ခန်းရှိချင်ရှိမယ်၊ အငှားတိုက်ခန်းလည်း ဖြစ်ချင်ဖြစ်မယ်၊ ကားရှိမယ်(လိုအပ်ရင်ဝယ်မယ်)၊ ပုံမှန်လုံလောက်နေတဲ့ ဝင်ငွေရှိမယ်၊ hand phone ရှိမယ်၊ အိမ်မှာ တီဗီ၊ရေခဲသေတ္တာ၊အဲယားကွန်း၊Heater ၊ computer ၊ Internet အစရှိတဲ့ လူတယောက် မိသားတစုအတွက် လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံစွာရှိနေပါတယ်။

ဂျပန်လူမျိုးအတော်များများဟာ အလုပ်သည် ပထမ၊ အလုပ်သည် ဒုတိယ၊ အလုပ်သည် တတိယ လို့ခံယူထားလေ့ရှိကြပါတယ်။ တော်ရုံတန်ရုံ ကိစ္စနဲ့ အလုပ်ဖျက်လေ့မရှိဘူး။ သာမာန် နှာစေး ချောင်းဆိုး ကိုယ်ပူပြီးဖျား၊ ခေါင်းကိုက်၊ ခေါင်းအုံ၊ အမျိုးသမီးများ အဓမ္မတာအချိန်တွေမှာ နေမကောင်းဘူးဆိုပြီး အလုပ်ကို ခွင့်ယူလေ့မရှိဘူး။ အဲဒီလောက်ကို နေမကောင်းတဲ့ အဆင့်လို့ သတ်မှတ်လေ့ မရှိကြဘူး။
အကယ်၍ သင်ဟာ ဆီးနှင်းတွေကျပြီး ချမ်းအေးလှတဲ့ ဂျပန်ဆောင်းရဲ့ မနက်ခင်းတခုမှာ အဖျား ၁၀၀ ဒီဂရီ ဖာရင်ဟိုက်လောက်အနေအထားနဲ့ ကိုယ်တွေပူပြီး နိုးလာခဲ့ပြီဆိုပါတော့။ ကိုယ်တွေလက်တွေက မလှုပ်ချင်ဖြစ်နေမယ်၊ ခေါင်းကလည်း အုံနေမယ်၊ လည်ချောင်းက အသံသိပ်မထွက်ချင်တော့ဘူး..စတဲ့ နေမကောင်းတဲ့ လူတယောက်မှာ ဖြစ်လေ့ဖြစ်ထရှိတာတွေ ဖြစ်နေလို့ အလုပ်ကို ကြိုပြောထားခြင်းမရှိဘဲ ရုတ်တရက် ဒီမနက်မှ ခွင့်ယူဖို့ ဖုန်းဆက်မယ်ဆိုရင် ၈၀ရာခိုင်နှုန်းလောက် အဆင်မပြေနိုင်ပါဘူး။

သူတို့ဘာပြောမလဲ။ “ ဒါ (ခဇဲ) KAZE ၊風邪 ပဲ။ နင်ဆေးမသောက်ဘူးလား၊ သောက်ဖို့ဆေးမရှိရင် ဆေးခန်းပြပြီး လာခဲ့လိုက်လေ၊ တနာရီလောက် နောက်ကျလိုက်ပေါ့။ နင်မရှိရင် နင့်အလုပ်တွေအတွက် သူများတွေက ဝန်ပိုနေလိမ့်မယ်လေ၊ အခုချိန်မှ လူစားထိုးဖို့ မလွယ်ဘူးလေ၊ ကျန်းမာရေး ဂရုစိုက်နော်…စသဖြင့် အဲလိုမျိုး အဓိပ္ပာယ်ရတဲ့ စကားတွေကို တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပြောကြားပြီး နောက်ဆုံးမှာတော့ သူတို့ လူမျိုးတွေ လွန်စွာမှလည်း ကြိုက်နှစ်သက်သည်ဟု ယူဆရသော၊ လွန်စွာမှလည်း နေရာတိုင်းလိုလိုမှာ သုံးလေ့ရှိသော၊ လွန်စွာမှလည်း ခံတွင်းတွေ့လှသော စကားတခွန်းနဲ့ အဆုံးသတ်သွားပါလိမ့်မယ်။ 

အဲသည့် စကားလုံးလေးက အဓိပ္ပာယ်လှပါတယ်။ အဓိပ္ပာယ်လည်း ကောင်းပါတယ်။ ဒါပေမယ့် အဲလို အချိန်မျိုးမှာတော့ ကျွန်ုပ်အပါအဝင် ရွှေမြန်မာအတော်များများကတော့ အဲသည့်စကားကို မကြားချင်ကြပါဘူး။ (ခြွင်းချက် ….အလုပ်ကို အရမ်းအရမ်းကို စွမ်းစွမ်းတမံ ကြိုးစားချင်စိတ် ရှိကြကုန်သော အချို့အချို့သော ဂျပန်ရောက် မြန်မာလူမျိုးများ မပါပါ)။ 

ဂျပန်လူမျိုးတို့ရဲ့ လက်စွဲတော် သည်းခြေကြိုက် အဲသည့် စကားကတော့ (GANBATE) ပဲဖြစ်ပါတယ်။ ဂျပန်လိုတော့ (頑張って) လို့ ရေးပါတယ်။ အနီးစပ်ဆုံး မြန်မာအသံထွက်ကတော့ (ဂန်ဘသဲ့) (ဂန်ဘတ်သဲ့)လို့ ထွက်လေ့ရှိကြပါတယ်။ အဓိပ္ပာယ်ကတော့ သုံးတဲ့နေရာကို လိုက်ပြီး “ ကြိုးစားနော်၊ တောင့်ထား၊ ကြိတ်လိုက်စမ်းကွာ”…စသဖြင့် အားပေးတဲ့ အဓိပ္ပာယ်ပါပဲ။ 

ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ လမ်းလျှောက်တတ်ခါစ ကလေးလေးက ယိုင်ယိုင်ထိုးထိုး လမ်းလျှောက်ပြီး လဲကျသွားရင်လည်း ချက်ခြင်းကောက်ထူလေ့ သိပ်မရှိပါဘူး။ ကလေးကို စိတ်ရှည်လက်ရှည် ရပ်စောင့်ပြီး အနားကနေ (GANBATE)လို့ ပြောလေ့ရှိကြပါတယ်။ အားကစားပွဲတွေမှာလည်း ဂျပန်တွေပါလာရင် တကွင်းလုံးဟာ (GANBATE)နေပါလိမ့်မယ်။ စာမေးပွဲတို့၊ အင်တာဗျူးတို့ ဖြေတဲ့သူတွေကိုလည်း (GANBATE) နဲ့ အားပေးပါတယ်။ ဆေးရုံမှာ လူနာသွားကြည့်လည်း လူနာက (GANBATE) ရပါတယ်။ အစားအသောက်တွေ မှာထားပြီး ကုန်အောင် မစားနိုင်တော့ရင်လည်း (GANBATE) ပြီး စားခိုင်းလေ့ရှိပါတယ်။ ကောင်လေးက ကောင်မလေးကို ရည်းစားစကား ပြောတဲ့ကိစ္စမှာလည်း အချင်းချင်း (GANBATE) နဲ့ မြှောက်ပေးလေ့ရှိပါတယ်။ အလုပ်ခွင်ထဲမှာဆိုရင်တော့ ပြောစရာကို မလိုအောင်ကို ကိုယ့်ကိုကိုယ်ရော၊ သူများကိုရော (GANBATE) နဲ့ ခိုင်းလေ့ရှိကြပါတယ်။

ကဲ…မိတ်ဆွေလည်း ဒီနေရာအထိရောက်အောင် တော်တော့်ကို (GANBATE) ပြီး ဖတ်လိုက်ရသလို၊ ကျွန်ုပ်လည်း အတော်လေး (GANBATE) ပြီး ရေးလိုက်ရတဲ့အတွက် ခဏ နားလိုက်ပါဦးမည်။
ဆက်ရေးပါဦးမည်။
နန္ဒာ(ဂျပန်)

0 comments: