
မန္တလေးတောင်တော်သည် ရှေးယခင် အဆက်ဆက်ကစ၍ မန္တလေး ရဟန်းပျိုအဖွဲ့၏ စီမံ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး မန္တလေးသူ မန္တလေးသားတို့၏ အထွဋ်အမြတ်ထားသော နေရာလည်း ဖြစ်ခဲ့ပါသည်။
ထိုတောင်တော်သည် ၁၉၉၃ခုနှစ်(စစ်အစိုး လက်ထက်)မှစတင်၍ ဘက်စုံ အာဏာအဖွဲ့၏ လက်အောက်သို့ မောင်ပိုင်စီး ခံခဲ့ရပါသည်။
၁၉၉၅ခုနှစ်တွင် ခလရ(၉၅)တပ်ရင်းမှူးအား မန္တလေးမြို့တော်ဝန်က သူ၏ကိုယ်စား စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ကို ပေးအပ်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။
ယခုအစိုးရသစ်လက်ထက်တွင် မန္တလေး မြို့တော်ဝန် အသစ်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း မန္တလေးတောင် စီမံခန့်ခွဲမှုမှာ မပြောင်းမလဲ ခလရ(၉၅)တပ်ရင်းမှူး လက်ထဲ ရှိနေဆဲ ဖြစ်ပါသည်။
ထိုသို့ မပြောင်းလဲခြင်းကြောင့် မန္တလေးတောင် ရံပုံငွေမှာလည်း သိသာအောင် တိုးတက်ခြင်း မရှိဟု မန္တတောင် ဈေးသည်တစ်ဦးက ဆိုပါသည်။
“ကျွန်မတို့ မန္တလေးတောင်မှာ ဈေးရောင်းလာတာ နှစ်ပေါင်း အတော်ကြာနေပါပြီ။ မန္တလေးတောင်မှာ ဈေးဆိုင်ခန်းပေါင်း(၈၀၀)ကျော် ရှိပါတယ်။ တစ်ဆိုင်ကို နေ့စဉ် ၃၀၀ကနေ ၅၀၀ ဈေးကောက် ပေးရပါတယ်။
ဒီတော့ တစ်ဆိုင်ကို တစ်လ ၁၀,၀၀၀ ပဲ ထားပါ။ ဆိုင် ၈၀၀ ကျော် ဆိုတော့ တစ်လ သိန်း(၈၀) ၀င်ငွေ ရှိပါတယ်။
အလှူခံပုံးတွေကို (၃)လတစ်ကြိမ် ဖွင့်ဖေါက်ပါတယ်။ တစ်ခါ ဖွင့်ဖေါက်ရင်သိန်း(၂၀၀)ကျော် ရပါတယ်။ နောက် ဓါတ်ပုံလေလံ။ စက်ဘီးလေလံ။ ဓါတ်လှေခါးလေလံ။ ယာဉ်တက်ခလေလံ။ ဖိနပ်အပ်ခံတဲ့ လေလံ ဆိုတာတွေလည်း အများကြီး ရှိပါတယ်။
အဲဒါကို တလောလေးက ရှင်းတမ်း ထွက်လာတာ ဖတ်ရပါတယ်။ ၄ လ လုံးလုံး ဆိုင်ခန်းခ ရရှိငွေ ၈,၀၀၀ ကျပ်ပဲ စာရင်း ၀င်နေတယ်။
အဲဒါနဲ့ ၂၀၀၇ ခုနှစ် က မန္တလေးတောင် လက်ကျန်ငွေကို စုံစမ်းတော့ သိန်း(၁,၄၀၀)ရှိပါတယ်။
၂၀၁၂မှာ လက်ကျန်ငွေဟာ သိန်း(၁,၆၀၀) ဆိုတော့ (၅)နှစ်နေမှ သိန်း(၂၀၀)ပဲ တိုးလာတဲ့ သဘောဆိုတော့ ကျွန်မတို့ မန္တလေးတောင် ဈေးသည်တွေက ဘယ်ကျေနပ်ကြမှာလဲ။
မန္တလေးတောင်မှာ ဂေါပကအဖွဲ့ရှိပါတယ်။ သူတို့က တကယ့် အရုပ်တွေလိုပါပဲ။ အလှူခံပေးရတယ်။ အလှူခံပုံး ဖွင့်ရင် ငွေ ရေပေးရတယ်။ ပြီးရင် ခလရ(၉၅)တပ်ရင်းမှူးကို အပ်ရတယ်လို့ပြောပါတယ်။
တလောလေးကတော့ ဂေါပကတစ်ယောက်ကို မေးကြည့်ဖြစ်ပါတယ်။ ဓါတ်ပုံလေလံခက တစ်နှစ်ကို ဘယ်လောက်ရသလဲလို့။ အဲဒီမှာဂေါပကမင်းက ကျွန်မကို အော်သွားပါတယ်။ ငါတို့က ဘာလေလံ ဘယ်လောက်ရလဲ မသိရဘူးဟ။ ခလရ(၉၅)က အကုန် လုပ်သွားတာ။ လေလံ ပိုင်ရှင်တွေကို စုံအောင်တောင် ငါတို့ဂေါပကတွေ မြင်ဖူးတာတောင် မဟုတ်ဘူးတဲ့လေ” ဟုပြုံးစိစိနှင့် ဆိုပါသည်။
မျက်နှာ ပြုံးနေသော်လည်း မျက်လုံးတွေမှာ မျက်ရည်တွေက ပြည့်နေရှာပါတော့သည်။
သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment