Monday, May 21, 2012

အပစ်ရပ်ပီးနောက် ပထအဆုံးအကြိမ်ကျင်းပတဲ့ ရှမ်းတော်လှန်ရေးနေ့

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်း အဖွဲ့ဟာ ရှမ်းပြည် မြောက်ပိုင်းမှာ တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲကို ပထမဆုံး အကြိမ် စတင်ကျင်းပရာမှာ ဒေသခံ ပြည်သူလူထု အများအပြား တက်ရောက်တယ်လို့ သိရပါတယ်။

ရှမ်းပြည် တပ်မတော် SSA တောင်ပိုင်း လို့ လူသိများတဲ့ RCSS/SSA တောင်ပိုင်း အဖွဲ့ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာမှာ ဒီနေ့ စည်စည်ကားကား ကျင်းပကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ရှမ်းတပ်မှုး တစ်ယောက်က ခုလို ပြောပြပါတယ်။
"အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတော့ ဒါပထမဆုံးအကြိမ်ပဲ တော်လှန်ရေးပွဲလုပ်တာ ရှမ်းပြည်နယ်မှာ ပွဲလုပ်ရတာ ကျနော်တို့ အနေနဲ့အားရပါတယ် လူထုကလဲ အများကြီး အကူအညီပေးတယ် ကျန်တဲ့အဖွဲ့အစည်းတွေလဲ အများကြီး အကူအညီပေးတဲ့အတွက် အတော်လေး အားရပါတယ် အဓိကတော့ မူဆယ်၊ နမ့်ခမ်း ၊ ဆယ့်ကိုးရွာ၊ ဟိုဘက်က ပန်ဆိုင်း တော်များ ပါတယ်ဗျ။ ရှမ်းပြည်မြောက်ပိုင်း တရုတ်ပြည် နယ်စပ်တကြော…"

ဒီပွဲကို လူဦးရေ ၂၀၀၀ ကျော်လောက် တွေ့ရပါတယ်။ ဒီအခမ်းအနားကို အေဘီအက်စ်ဒီအက်ဖ် မဟာမိတ်ကျောင်းသား တပ်မတော် မြောက်ပိုင်း အဖွဲ့ကလဲ အခမ်းအနား တက်ရောက်ပြီး သ၀ဏ်လွှာ ဖတ်ကြားတာ တွေ့ရသလို တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလဲ ဖိတ်ကြားထားတာ တွေ့ရပါတယ်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က ရှမ်းပြည် မြောက်ပိုင်းမှာ လာပြီး တော်လှန်ရေးပွဲ လုပ်တာ အဖွဲ့ ၂ခုကြား ပြဿနာ မရှိနိုင်ဘူးလားလို့ မေးတဲ့အခါ အဆိုပါတပ်မှုးက ခုလို ရှင်းပြပါတယ်။


"အဓိကက ကျနော်တို့ အဖွဲ့အစည်းချင်း အတူတူပါပဲ ကျနော်တို့ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက် အကုန်လုံး အတူတူပါပဲ အခုလောလောဆယ် အခြေအနေအရ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းဒီမှာ နမ့်ခမ်းမြို့နယ်ထဲက နောင်မ ကျေးရွာမှာ လုပ်တာ အဓိကက ဒီဘက်ကလူထုက တော်လှန်ရေးနဲ့ပတ်သက်တဲ့ တော်လှန်ရေးပွဲဆိုတဲ့ အနှစ်သာရကို မသိသေးတာများတော့ ဒီတော်လှန်ရေး အနှစ်သာရလေးတွေကို ရှင်းပြရင်း လူထုကတော့ ကျနော်တို့ရဲ့ အဖွဲ့အစည်းအပေါ်တော့ တော်တော်လေး အားရပါတယ်။"

အခုပွဲကျင်းပတဲ့ ဒေသကို RCSS/SSA တောင်ပိုင်းအဖွဲ့ရဲ့ ၇၀၁ စစ်ဒေသလို့ သတ်မှတ် ထားတာ ဖြစ်ပါတယ်။ နောက်နှစ်တွေလဲ အခြေအနေပေးရင် အခုလို တော်လှန်ရေးနေ့ အခမ်းအနားတွေကို ဆက်လက်ကျင်းပ သွားမယ်လို့လဲ သိရပါတယ်။

ရှမ်ပြည်တပ်မတော် SSA တောင်ပိုင်းအဖွဲ့ဟာ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီနဲ့ မေလ ၁၉ ရက်နေ့က မူးယစ်ဆေးဝါးကိစ္စ အပါအ၀င်အချက် ၁၁ ချက်ကို၂ဘက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

၂ဖက် ကိုယ်စားလှယ်တွေ ၂၀၁၁ ခှုနှစ် ဒီဇင်ဘာလက အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးပြီး နောက် ရှမ်းပြည်နယ် အတွင်းမှာ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

Copy from - rfa burmese

0 comments: