Thursday, May 17, 2012

လွှတ်တော်ကိုယ်စားလှယ်ပိုင် ကုမ္ပဏီမှ လယ်ယာမြေများအားဖျက်ဆီး


ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ကျီစုကျေးရွာအရှေ့ပိုင်းရှိ ဒေသခံ လယ်သမားများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော လယ်ယာမြေများကို လွှတ်တော် ကိုယ်စားလှယ်ပိုင် မြရွှေဝါကုမ္ပဏီက ယမန်နေ့က စတင်ပြီး မြေတူးစက်များဖြင့် တူးဖော် ဖျက်ဆီးလျက်ရှိသည်ဟု လယ်သမားများက ပြောသည်။

မြရွှေဝါကုမ္ပဏီသည် သန်လျင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် ကုမ္ပဏီဖြစ်သည်။ ထိုသို့ တူးဖော် ဖျက်ဆီးမှုကြောင့် ယခုအချိန်တွင် ကျီစုကျေးရွာ အရှေ့ဘက်ရှိ လယ်ယာမြေ ၁၀ ဧကခန့် ပျက်စီးခဲ့ပြီး ဖြစ်ကြောင်း လယ်ပိုင်ရှင် ဦးအောင်မျိုးဦးက ပြောသည်။

“ ကျွန်တော်တို့ ရွာက လယ်သမားတွေ ပေါင်းပြီး ငြိမ်းချမ်းစွာ တားတယ်။ မရဘူး။ ခုကျွန်တော့် အဖေပိုင်တဲ့ လယ်တွေကို တူးနေပြီ။ ကျွန်တော်တို့ လုပ်စားစရာ ဒီလယ်တွေပဲ ရှိတာ။ စိတ်ထဲမကောင်းဘူး။ အသားတွေပါ တုန်နေတယ်” ဟု ၎င်းက YPI သို့ပြောသည်။

ထိုကဲ့သို့ လယ်ယာမြေများကို တူးဖော် ဖျက်ဆီးနေခြင်းအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းခဲ့သည့် လယ်သမားများကိုလည်း ကုမ္ပဏီမှ တာဝန်ခံ ဦးကျော်ဝင်းက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း လယ်သမားများက ပြောသည်။

လယ်သမား တစ်ဦးဖြစ်သည့် ကိုထွေးက “ ကျွန်တော်တို့ လယ်သမားတွေ စုပြီး မေတ္တာရပ်ခံတယ်။ ဓာတ်ပုံရိုက်တယ်။ ကျွန်တော်တို့မှာ ဘာလက်နက်မှမပါဘူး။ အဲဒါကို ကုမ္ပဏီ တာဝန်ခံက ထိုးမယ်ကြိတ်မယ် လုပ်တယ်ဗျ” ဟုပြောသည်။ ဒေသခံ လယ်သမားများဘက်မှ ၀ိုင်းဝန်း
ဆောင်ရွက်ပေးလျက်ရှိေ​သာ ဦးမောင်မောင်က လယ်ယာမြေများကို ယခုကဲ့သို့ ဖျက်ဆီးခြင်းအား ဥပဒေအရ တားဆီးသွားမည်ဖြစ်ကြောင်းပြောသည်။

မြရွှေဝါကုမ္ပဏီ၏ လယ်ယာမြေများကို ဖျက်ဆီးနေခြင်းအား ရပ်တန့်ပေးရန်အတွက် ဒေသခံလယ်သမား ၁၆၂ ဦးမှ ၀ိုင်းဝန် မေတ္တာရပ်ခံခဲ့ကြောင်း ဒေသခံလယ်သမားများကပြောသည်။ ၂၀၀၈ ခုနှစ်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဓနိခြံ ၇၄၉ ဧကအား မြို့ရွာနှင့်အိုးအိမ်ဝန်ကြီးဌာ​နမှ သိမ်းယူခဲ့ကာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြော​င်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းဝန်ကြီးဌာနမှတဆင့် မူလလုပ်ကိုင်လျက်ရှိသည့် ဒေသခံလယ်သမားများအစား မြရွှေဝါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ချိန်​မှစ၍ ကုမ္ပဏီနှင့် လယ်သမား များကြား လယ်ယာမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။
by-YPI / သစ်ထူးလွင်
Copy from - Yangon Press International .

0 comments: