Thursday, March 15, 2012

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း RCSS မှ တပ်သားသစ်များစုဆောင်းနေ

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ  (ခေါ်)ရှမ်းပြည်တောင်ပိုင်း တပ်မတော်သည် တအာင်း(ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း စစ်သားသစ်များ ကောက်ခံပြီး စစ်အင်အား တိုးချဲ့နေကြောင်း သတင်းရရှိသည်။

RCSS အဖွဲ့သည် ၂၀၁၂ခုနှစ်-ဖေဖော်ဝါရီလ တတိယအပတ် ကတည်းက နမ့်ဆန်ဒေသသို့ စစ်အင်အား အယောက် (၃၀၀)ကျော်ဖြင့် တတ်လာပြီး တအာင်း(ပလောင်)ကျေးရွာများဖြစ်ကြသည့် ပိန်လုံရွာ၊ပန်စရီရွာ၊မြို့သစ်ရွာများတွင် ဆက်ကြေးများ အတင်းအဓမ္မ ကောက်ယူခြင်း၊ တပ်သားသစ်များ စုဆောင်းခြင်း စသည်တို့ကို လုပ်ဆောင် နေပါသည်။

တပ်သားသစ်များ စုဆောင်း ကောက်ယူရာတွင် အထက်ပါရွာများ အနီးတ၀ိုက်အတွင် ပလောင်အမျိုးသား အနည်းဆုံး ဦးရေ(၃၀၀)ကျော် ခေါ်ယူစုဆောင်းပြီးဖြစ်သည်။ ထိုဒေသမှာပင် RCSS ၏ အခြေကုပ် တပ်ရင်း တပ်ခွဲများ ဖွဲ့စည်းပြီး အခြေချ သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအားဖြင့် အခြေကုပ် စခန်း ချနေပြီဖြစ်ကြောင်းလည်း ဒေသခံရွာလူကြီးများက ဆိုကြသည်။

”သူတို့တွေ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး  မလုပ်ခင်တုန်း ကာလတွေမှာဆိုရင် ပုန်းပုန်းခိုခိုပဲ လှုပ်ရှား ကြတယ်၊ ရွာသားတွေဆီ ဆပ်ကြေး ကောက်တာမျိုး မရှိခဲ့ပါဘူး၊ တပ်သားသစ် စုဆောင်းတာလည်း ဒီလောက် ပေါ်ပေါ်ထင်ထင် မလုပ်ကြပါဘူး၊ အခု အစိုးရနဲ့ငြိမ်းချမ်းရေး လက်မှတ် ထိုးပြီးတဲ့အခါကျတော့ အရင်က လုပ်ခဲ့တာနဲ့ ပြောင်းပြန်လှန် ပြီးတော့ ဒေသတွင်းမှာ ပေါ်တင် လှုပ်ရှားလာတယ်၊ ရွာသားတွေဆီမှာ မတရားတဲ့ ဆပ်ကြေး ကောက်တာတွေလည်း ဗြောင်လုပ် လာသလို ၊ ဒီရွာဝန်း ကျင်မှာတင်ဘဲ တပ်သားသစ်စုဆောင်းတာ အယောက်(၃၀၀)ကျော် ပါသွားပြီ” ဟု မြို့သစ်ကျေးရွာမှ တာဝန်ရှိသူ တစ်ဦးပြော ဆိုခဲ့ပါသည်။


ဒေသအတွင်း အင်အားတိုးချဲ့လာနေသော RCSSသည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ဖြင့် သဘောတူညီချက်များရေးထိုးပြီးဖြစ်သည်။ အစိုးရတပ်များနှင့် RCSS အဖွဲ့သည် တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ရဒေသ နမ့်ဆန်နယ် အတွင်းတွင် မကြာခဏ တိုက်ပွဲ ငယ်များဖြစ်ပွားနေပါသည်။ ၄င်းတို့သည် ၂၀၁၂ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ပိန်လုံရွာတွင် တစ်ကြိမ် နှင့်  (၁၂)ရက်နေ့တွင် မန်နှောက်နှင့်ပန်ဆွေရွာ အကြား တိုက်ပွဲငယ်ဖြစ်ပွားခဲ့သေးသည်ဟုသိရသည်။

ယမန်နှစ် ၂၀၁၁-ခုနှစ် နွေရာသီ ရွှေဖီဦး လက်ဖက်ရာသီတွင် ရှမ်းပြည်တောင်ပိုင်း တပ်မတော်နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများဖြစ်ခဲ့သည့်အတွက် တအာင်း(ပလောင်)ပြည်သူများ၏ ၀င်ငွေကိုအကြီးအကျယ် ထိခိုက်စေခဲ့ပါသည်။ ထိုနည်းတူ ယ္ခုနှစ်၂၀၁၂ခုနှစ်တွင်လည်း လာမည့် ရက်ပိုင်းအတွင်း လက်ဖက်တောင်သူတို့၏   သွေးကြောသဖွယ်ဖြစ်သော ရွှေဖီဦး လက်ဖက်ရာသီ ရောက်တော့မည် ဖြစ်သော်လည်း အထက်ပါ အခြေအနေများ ဖြစ်ပွားခဲ့သည့်အတွက် တအာင်းပြည်သူများ ပူပန်နေရကြောင်း သိရှိရသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန် – ၀၈၄ ၅၇၃ ၉၃၃၁

0 comments: