Thursday, March 15, 2012

ငြိမ်းချမ်းရေးေ ဆွးနွေးပွဲပြီး နှစ်ရက်တွင်း KIAနှင့် အစိုးရ တိုက်ပွဲကြီးဖြစ်

March 14th, 2012
ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့နှင့် KIO တို့ ဆွေးနွေးပွဲ အပြီး နှစ်ရက်အကြာတွင် အစိုးရ တပ်နှင့် KIAတပ်ရင်း(၈)တို့  ၂နာရီကျော်ကြာ တိုက်ပွဲကြီးဖြစ်ပွား ခဲ့ပါသည်။

မန်တုံမြို့နယ်၊ နမ့်ဟိုင်း ရွာတွင် အစိုးရတပ်နှင့် ကေအိုင်အေတို့ ၂နာရီကြာ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းနှင့် ဤတိုက်ပွဲသည် တပ်ရင်း(၈)ဒေသအတွင်း အကြာဆုံး တိုက်ပွဲဖြစ်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အရာရှိ တဦးက ပြောပြခဲ့သည်။

”ဒီလောက်ကြာတဲ့ တိုက်ပွဲက တော်တော်ရှားတယ် အများအားဖြင့်က ၁၀-မိနစ်တိုက်ပွဲ ၁၅-မိနစ် တိုက်ပွဲစသည်ဖြင့် ဒီအနီးတ၀ိုက်မှာ ဖြစ်နေတာ ဒါလောက်ကြာတဲ့ တိုက်ပွဲက မရှိသေးဖူး။ ညနေပိုင်း ၄-နာရီ မှစပြီး ၆-နာရီကျော်အထိ ဖြစ်တယ်၊ အစိုးရတပ်ဘက်မှာ တော်တော်အကျ အဆုံးများတယ်လို့သိရတယ် အသေးစိတ်ကိုတော့ မသိရသေးဖူး”ဟု ၄င်းကဆက်ပြောသည်။

နှစ်ဖက်သော ငြိမ်းချမ်းရေး အဖွဲ့တို့သည် ယခုလ ၈-၉-၁၀ရက်အတွင်း ၃ရက် တိတိဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး တတိယ နေ့တွင် အချက် ၅-ချက်ပါ သဘောထား ထုတ်ပြန်ကြေညာချက် တို့ကိုလည်း ထုတ်ပြန်ခဲ့သည်။ 
 ထုတ်ပြန်ချက် နံပါတ်(၄)တွင် ”နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးမှုရလာဒ်အဖြစ် တစ်ဖက်နှင့်တစ်ဖက် စစ်ရေး အရှိန်များလည်း လျော့နည်းလာမည်ဟု ယုံကြည်ပါသည်”ဟု ပါဝင်ပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်းလုပ် တပြိုင်တည်း တိုက်လည်းတိုက် လုပ်နေခြင်းသည် ၄င်းတို့၏ဆွေးနွေးပွဲ အစစ်အမှန် မဟုတ်ပဲ အပေါ်ယံ ဆွေးနွေးပွဲသာဖြစ်ကြောင်း မီးမောင်းထိုးပြနေ သလို ဖြစ်နေပါသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်- (+၆၆)၀၈၄၅၇၃၉၃၃၁

0 comments: