ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့်ကား နေအိမ်မှထွက်ခွာစဉ် ပြည်တွင်း၊ ပြည်ပမှ သတင်းသမားများနှင့်အတူ မတ်လ ၃၁ ရက် ၂ဝ၁၂ ခုနှစ် ညနေ ၄ နာရီအချိန်က တွေ့မြင်ရစဉ်။
(ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင် စနေနေ့ည ညအိပ်နားခိုမည်ဖြစ်သည်။
မတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ်။
ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ရွေးကောက်ခံ မဲဆန္ဒနယ်မြေ ဖြစ်သည့် ကော့မှူးမြို့နယ်သို့ သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ ထွက်ခွာ သွားခဲ့သည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခ ကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည် ဖြစ်သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါ သတင်းယူမည့် ပြည်တွင်းပြည်ပ သတင်းသမားများ တရာကျော်က မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်း နေခဲ့သည်။
နေအိမ်မှ ထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့်
ရွေးကောက်ပွဲ သတင်း အချက်အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ် တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းရင်းမြစ် - ရန်ကုန် (မဇ္ဈိမ)
0 comments:
Post a Comment