Friday, March 30, 2012

မြန်မာစစ်တပ်မှ အပြစ်မဲ့ရွာသွားနှစ်ဦးအား ရိုက်နှပ်ချုပ်နှောင်

Mar 29 2012

မြန်မာစစ်တပ်မှ အပြစ်မဲ့ နောင်ကောင်းလုတ် ရွာသားနှစ်ဦးအား ဖမ်းဆီး ရိုက်နှပ်သည့်အပြင် ဝိန်းပတ် ကျေးရွာတွင် တညကြာ ကြိုးဖြင့် ချုပ်နှောင် ထားကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ ၂၀၁၂ခုနှစ်၊ မတ်လ(၂၀) ရက်နေ့ ညနေတွင်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နောင်ကောင်းလုတ် ရွာသားများဖြစ်သော အလုမ်(၁၇နှစ်) နှင့်အောင်သန်း(၁၈နှစ်) နှစ်ဦးအား တောထဲမှ ထွက်လာသော လားရှိုးတပ် (ကာယကံရှင် ပြောပြချက်) ဟုယူဆရသော မြန်မာ စစ်သားများက ဖမ်းဆီး ရိုက်နှပ်ခဲ့သည်။

“ကျတော်တို့နှစ်ယောက် ရွာကနေ လုံဗလ(ဝိန်းပတ်)ရွာ ကို အလုပ်လုပ်ဖို့အတွက် သွားတဲ့အချိန်မှာ ဖြစ်တာ ဝိန်းပတ်ရွာနားရောက်တော့ တောထဲကနေ ဗမာစစ်သား အယောက်(၃၀) လောက် ထွက်လာတယ်၊ ပြီးတော့ ကျတော်တို့ နှစ်ယောက်ကို ရပ်ခိုင်းပြီး မေးမြန်းတယ်၊ ကချင်စစ်သားတွေနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ရိုက်တယ်၊ နောက်ထပ် အတင်းပဲ KIA ဖြစ်တယ်လို့ ပြောခိုင်းတယ်၊ ကျတော်တို့ နှစ်ယောက်ကို ဝိန်းပတ်မှာပဲ တည ဖမ်းချုပ်နှောင်ထားသေးတယ်၊ နောက်နေ့နေ့လည်မှ ပြန်လွတ်ပေးတယ်” ဟု အရိုက်ခံရသူမှ ပြောပြခဲ့သည်။

ဖမ်းချုပ် ရိုက်နှပ် ခံနေရစဉ်အတွင်း ဝိန်းပတ် ရွာသူကြီးမှ ကချင်စစ်သားများနှင့် စပ်ဆက်မှု မရှိသည့်အပြင် ကချင်စစ်သားများ မဟုတ်ကြောင်း တောင်းပန် ပေးသော်လည်း မြန်မာစစ်သားများက မလွတ်ပေးသည့်အပြင် ပြင်းထန်စွာ ဆက်ရိုက်နှပ် ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောပြခဲ့သည်။
ထိုရွာသား နှစ်ဦးပြန်လွတ် လာချိန်တွင် ကိုယ်ခန္ဒာတခုလုံး ရောင်ကိုင်းနေပြီး ယခုချိန်ထိ နေအိမ် နောင်ကောင်းလုတ် ကျေးရွာ တွင်ဆေးကုသခံနေရကြောင်း သိရှိရသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်- (+၆၆)၀၈၄၅၇၃၉၃၃၁

0 comments: