Tuesday, February 21, 2012

ချင်းအမျိုးသားနေ့ ကို ပြည်နယ်နေ့အဖြစ် ကျင်းပခြင်းကြောင့် ချင်းလူ ထုများ မကျေမနပ်ဖြစ်

ချင်းပြည်နယ်တွင် လွှတ်တော် နှင့် အစိုးရတရပ် ပေါ်ပေါက်လာပြီဖြစ်သော်လည်း ကိုယ့်အမျိုးသားနေ့ကို ပြည်နယ်နေ့ အဖြစ် မှားယွင်းစွာ ကျင်းပနေသည့်အတွက်ကြောင့် ဟားခါးမြို့ခံများ မကျေမနပ် ဖြစ်နေကြ သည်ဟု ချင်းပြည်နယ် NLD ဥက္ကဌ ဦးဗန်လျံက ပြောသည်။

“အခု ချင်းပြည်နယ်လွှတ်တော် နဲ့ ချင်းပြည်နယ် အစိုးရ ပေါ်ပေါက်ပြီးမှ ဘယ်လို ကျင်းပမလဲဆိုပြီး ပြည်သူ တွေကတော့ စောင့်မျှော် နေကြတယ်၊ ဒီနေ့ ချင်းပြည်နယ်နေ့ဆိုပြီး ကျင်းပတော့ လူထုတွေ မကျေမနပ်ဖြစ် နေကြတယ်၊ ချင်းပြည်နယ် အစိုးရ ဆိုတာလည်း ကြံ့ခိုင်ရေး၊ ချင်းအမျိုးသားပါတီ နဲ့ ချင်းတိုးတက်ရေး ပါတီညွန့်ပေါင်းအစိုးရက ဘာဖြစ်လို့ ချင်းအမျိုး သားနေ့ကို တိမ်ကောအောင် လုပ်ကြတာလဲဆိုပြီး  စဉ်းစားမရ ကြဘူး’’ ဟု ဦးဗန်လျံက ပြောသည်။

ချင်းပြည်နယ် အစိုးရမှ အခမ်းအနား နဖူးစည်း ဆိုင်းဘုတ်တွင် “ ၆၄ နှစ်မြောက် ချင်းပြည်နယ်နေ့” အဖြစ် ရေးသားထား သော်လည်း မြို့မိမြိုဖများမှ စီစဉ်ထားသော ယာဉ်ကျေးမှု အကသဘင် ပွဲတော်ကျင်းပသည့် အခန်းမှာမူ  ၆၄ နှစ်မြောက် ချင်းအမျိုးသားနေ့ ဟု သီးသန့် နဖူးစည်း ဆိုင်းဘုတ်တင်ထားကြသည်ဟု သိရသည်။

ချင်းပြည်နယ်နေ့ နှင့် ချင်းအမျိုးသားနေ့ မှာ နောက်ခံ သမိုင်းကြောင်းအရ လုံးဝ တခြားစီ ဖြစ်နေပြီး ဖေဖော်ဝါရီ ၂၀ ရက်ကို ချင်းပြည်နယ်နေ့အဖြစ် လုံးဝ ကျင်းပလို့ မရကြောင်း ဦးဗန်လျံကပြောသည်။

“ချင်းအမျိုးသားနေ့ နောက်ခံသမိုင်း နဲ့ ချင်းပြည်နယ်နေ့ နောက်ခံသမိုင်းက တူတာမှမဟုတ်တာ၊ ချင်းပြည်နယ် နေ့ဆိုတာကတော့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေပြဌါန်းတဲ့ ဇန်န၀ါရီလ ၃ ရက်နေ့မှာ ချင်းဝိသေသ တိုင်းကနေ ချင်းပြည်နယ် ဆိုပြီး ပြောင်းလဲ လိုက်တယ်၊ ချင်းပြည်နယ်နေ့ အဖြစ်ကျင်းပမယ် ဆိုရင် ဇန်န၀ါရီလ ၃ ရက်နေ့မှာဘဲ ကျင်းပရ မယ်’’ ဟု ဦးဗန်လျံကရှင်းပြသည်။


ချင်းအမျိုးသားနေ့သည် ၁၉၄၈ ခှုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပသော  ပထမ ဦးဆုံးအကြိမ် ချင်းအမျိုးသား ညီလာခံသို့ တက်ရောက် လာခဲ့ကြသည့် ချင်းလူထု ကိုယ်စားလှယ်ပေါင်း ငါးထောင်ကျော် က သက်ဦးစံပိုင် မြေရှင် ပဒေသရာဇ်စနစ်ကို တခဲနက် ကန့်ကွက်ဖယ်ရှားပြီး ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်ကို ရွေးချယ်ခဲ့သည့် နေ့ကို အစွဲပြုပြီး ပေါ်ပေါက် လာခြင်းဖြစ်သည်။

မကြာသေးခင်ရက်ပိုင်းက မွန်တိုင်းရင်းသားများ၏ အမျိုးသားနေ့ကို ပြည်နယ်နေ့ အစား အမျိုးသားနေ့ အဖြစ် နိုင်ငံ တော်က ကျင်းပခွင့်ပြုသကဲ့သို့ ချင်းအမျိုးသားနေ့ကိုလည်း ပြည်နယ်နေ့ အနေဖြင့် မဟုတ်ဘဲ အမျိုး သားနေ့ အဖြစ် တရားဝင် ကျင်းပခွင့်ပြုရန် ချင်းအမျိုးသားပါတီက ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် ပူးလာလ်မောင်ကျူံး က ချင်းပြည်နယ်ဝန်ကြီးချူပ် နှင့် နိုင်ငံတော်သမ္မတထံ စာရေးသား တောင်းဆိုခဲ့ သည့်အပြင် မင်းတပ်မြို့တွင်လည်း ချင်းအမျိုးသားနေ့ အဖြစ် ကျင်းပခွင့် တောင်းဆိုခဲ့ရာ ၀န်ကြီးချုပ်က ပယ်ချခဲ့သည်။

ထို့အပြင် ယနေ့တွင် ထုတ်ပြန်လိုက်သော ချင်းအမျိုးသားပါတီ၏ ၆၄ နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာ ချက်တွင် လည်း ချင်းအမျိုးသားနေ့၏ အမည်နာမ၊ အနှစ်သာရအား ထိခိုက်စေနိုင်မည့် မည်သည့်လုပ်ရပ်မှန် သမျှကို လက်ခံမည် မဟုတ်ကြောင်း၊ ချင်းအမျိုးသားနေ့ကို မူလအမည်ရင်းအတိုင်း၊ လွတ်လပ်စွာ တရားဝင် ကျင်းပနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်သွားမည်ဟု ဖော်ပြထားသည်။
ယနေ့တွင် ကျရောက်သော ၆၄ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်အပြင် ပြည်တွင်း ပြည်ပရှိ ချင်းအမျိုး သားတိုင်းက မိမိရောက်ရှိရာ ဒေသအသီးသီးတွင် ကျင်းပခဲ့ကြသည်ဟု သိရသည်။

Copy from - khonumthung

0 comments: