Wednesday, February 22, 2012

ဆန္ဒပြ အလုပ်သမားများကို ရွှေည၀ါ ဆရာတော် စွန့်ကြဲ

February 21, 2012

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန်မှာ တနာရီလုပ်ခ တိုးမြှင့်ရေးအတွက် ဆန္ဒပြနေတဲ့ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေကို ရွှေည၀ါ ဆရာတော်က အစားအသောက်တွေ သွားရောက် စွန့်ကြဲ ခိုင်းခဲ့ပါတယ်။

ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်က ရွှေည၀ါဆရာတော် ဘဒန္ဒ ဦးပညာသီဟက ဖေဖော်ဝါရီ ၁၈ ရက်နေ့ကတည်းက စာသင်တိုက်ကနေ ထွက်ခွာခဲ့ရပြီး ရန်ကုန်မြို့ပြင် မှော်ဘီ သဲအင်းဂူနားက နေရာသစ်မှာ သီတင်းသုံး နေရတာပါ။

ဆရာတော်ဟာ သူ့ကို ဒကာ၊ ဒကာမတွေ လာလှူထားတဲ့ အထဲကနေ စားသောက် စရာတွေကို ရက်ရှည် ဆန္ဒပြ အလုပ်သမားတွေအတွက် စွန့်ကြဲတာပါလို့ ဆရာတော်ကိုယ်စား သွားရောက် လှူဒါန်းခဲ့တဲ့ ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့က သူတို့အလုပ်သမားတွေ ဆန္ဒပြခြင်း မပြခြင်းထက် ကျနော်တို့ရဲ့ ဆရာတော်ကြီးက ဒီလူတွေ လောလောဆယ် လုပ်ခမရှိဘူး၊ စားစရာတောင် မရှိဘူးဆိုတာ ကြားသိတော့ သူ့ကို လှူဒါန်းထားတဲ့ အထဲကနေပြီးတော့ ပြန်ပြီးတော့ လောလောဆယ် စားစရာလေး အဆင်ပြေအောင် ဆိုပြီးတော့ လှူတာ။ ဒီမှာ လူဦးရေက အရမ်းများနေတော့ လှူတဲ့ပစ္စည်းက နည်းတော့ နည်းတာပေါ့နော်။ ဒါပေမယ့် ကိုယ်တတ်နိုင် သမျှလေး လှူတာပေါ့နော်။ နောက်ရက်ကိုလည်း ဆက်လှူဖို့ အစီအစဉ် ရှိပါသေးတယ်။”


ဆန် ၁၀ အိတ်၊ ခေါက်ဆွဲခြောက်ထုတ်၊ ကော်ဖီမစ်ထုတ်တွေနဲ့ သွားရောက်လှူဒါန်းခဲ့ပေမယ့် ၂,၀၀၀ လောက်ရှိတဲ့ ဆန္ဒပြ အလုပ်သမားတွေအတွက်တော့ လောက်ငမှာ မဟုတ်ဘူးလို့လည်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

ဆန္ဒပြ အလုပ်သမားတွေဆီ သွားရောက် လှူဒါန်းတာ ပထမဆုံး ဖြစ်ပြီး နောက်နေ့တွေ သွားရောက် လှူဒါန်းဖို့ အစီအစဉ် ရှိတယ်လို့ ကိုကိုကြီး(စမ်းချောင်း) က ပြောပါတယ်။

တိုင်ရီစက်ရုံ ဆန္ဒပြအလုပ်သမားတွေကို အစားအသောက် သွားလှူတဲ့အခါမှာ ဒေသခံ အာဏာပိုင်တွေက နှောင့်ယှက်တာတော့ မရှိပေမယ့် စောင့် ကြည့်ပြီး ဓာတ်ပုံရိုက်တာမျိုးတော့ ရှိတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ် - ဒီဗွီဘီ

0 comments: