Wednesday, February 8, 2012

ဖေဖေါ်ဝါရီ ၇ ရက် ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့ပွဲတော် ထူးခြားစွာကျင်းပခွင့်ရ .


shan-state-map
ဖေဖေါ်ဝါရီလ 07 ရက် 2012 ခုနှစ်။

ယနေ့ကျရောက်သော ၆၅ နှစ်မြောက်သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ယခင်နှစ်များ ထက်ထူး ခြားစွာခွင့် ရရှိကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင်များက ပြောသည်။

“တောင်ကြီး သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးမှာလုပ်တာ။ ပြည်နယ်အဆင့်လို့ပြောလို့ရပါတယ်။ မနက်မိုး လင်ကတည်းက လူတော်တော်စည်နေပြီ။ ဝန်ကြီးချုပ် စဝ်အောင်မြတ် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောပေးတယ်။ ပွဲက ၇ နာရီမှာ စ တယ်လေ။ နေ့ဆွမ်းကို ဝေဠုဝန်ကျောင်းမှာကပ်တယ် ညပိုင်းမှာကပွဲ ရှိတယ်။ ပျော်ပွဲရွှင်ပွဲရှိတယ်။ ထူးခြားချက်က ဒီနှစ် အိမ်တိုင်းလိုလို သျှမ်းအလံထူထားတာတွေ့ရတယ်။ မြင်ရတာ စိတ်အားတက်တယ်ဗျာ။ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာလဲ ဆိုင်းဘုတ်အကြီးကြီးဘဲ” - ဟု တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက်နေ သျှမ်းလူငယ်တဦးက ပြောသည်။

ဗမာနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေးယူရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုး ရာ သျှမ်းပြည်တောင်ပိုင်းပင်လုံမြို့တွင်မူ ပင်လုံတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ပင်လုံတက္ကသိုလ် သျှမ်းစာပေ ယဉ်ကျေး မှု အသင်းက ဦးဆောင်ကျင်းပရာ ပင်လုံဒေသခံ ပြည်သူလူထုနှင့် ပင်လုံ သျှမ်းစာပေ ယဉ်ကျေးမှုအသင်း အင်အား ၃၀၀ ကျော် တက်ရောက်အားပေးခဲ့ကြကြောင်း ပင်လုံမြို့ခံ ရပ်မိရပ်ဖတဦးကပြောသည်။

“ နံနက် ၉ နာရီကနေ ၁၂ နာရီထိ ကျင်းပခဲ့ပါတယ်။ ပါမောက္ခချုပ် ဒေါက်တာစိုင်းအောင်သန်း ကစည်းလုံး ညီညွှတ်မှု၊ စာ ပေ၊ တာဝန်နဲ့ပတ်သက်တာတွေကို အဖွင့်အမှာစကားပြောကြားတယ်။ သျှမ်းစာ/ယဉ် ကိုယ်စားပြုပြီး ဦးဆွန်ယု(လုင်းသ္မု ယ္ဒုှူ) က သျှမ်းပြည်နယ်နေ့ သမိုင်းအကျဉ်းချုပ်ကို ဟောပြောတယ်။ အဲဒီနောက် သျှမ်းစာ/ယဉ် ပင်လုံတက္ကသိုလ်က သျှမ်းရိုးရာအက၊ ဓားသိုင်း တုတ်အကတွေနဲ့ တင်ဆက်ကပြပြီး တက်ရောက်လာတဲ့ပရိသတ်တွေကို သျှမ်းထမင်းချဉ်နဲ့ ဧည့်ခံကျွေးမွေးပါတယ်” ဟု ဆိုပါသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင်မူ  ရွာသစ်ရပ်ကွက်ရှိ ညောင်ကိုးပင်ကျောင်းတွင် ယနေ့မနက်ပိုင်း သျှမ်းပြည်နယ် နေ့အခမ်းအနားကျင်းပရာ တက်ရောက်သူပရိသတ်စည်ကားလှကြောင်း မိုင်းပန်ဒေသ ခံတဦးကပြောသည်။
ယနေ့ကျင်းပသော မိုင်းပန်မြို့ သျှမ်းပြည်နယ်နေ့အခမ်းအနား ( ဖေ့စ်ဘုခ်မှ ကူးယူတင်ပြသည် )

“ကျားဖြူပါတီနဲ့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီက ကမကထပြု ကျင်းပတယ်။ ဒို့တာဝန်အရေးသုံးပါးကို သျှမ်းလို ကြွေးကြော်ကြတယ်။တက်တက်ကြွကြွဘဲ။  အရင်နှစ်တွေနဲ့မတူဘူး။ လူလဲတအားစည်တယ်” ဟု လူလတ်ပိုင်းအရွယ် အမျိုးသမီးတဦးကပြောသည်။

ယမန်နေ့ကတည်းကကျင်းပနေခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင်လည်း ရှေးယခင် သျှမ်းပြည်နယ်နေ့ လုပ်ထုံးလုပ်နည်း အတိုင်း ခြံထွက်သီးနှံပြိုင်ပွဲကျင်းပဦးမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ က ရန်ကုန်၌ ကျင်းပသော သျှမ်းပြည်နယ်နေ့အခမ်းအနား

သျှမ်းပြည်မြောက်ပိုင်း မူစယ်၊ နမ့်ခမ်းအပြင် ရန်ကုန်မြို့ ကိုးမိုင်ပြည်လမ်းရှိ အောင်မြေဘုံသာသျှမ်း ကျောင်း၌လည်း သျှမ်းပြည်နယ်နေ့ ကျင်းပခြင်းဖြစ်ပြီး သံဃာတော်များ အား အာရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ၁၀ နာရီတွင် သျှမ်းပြည်နယ်နေ့ ပြခန်းဖွင့်လှစ်ခြင်း အစီအစဉ်ရှိသည်ဟုဆို၏။ နယ်စပ်ဒေသဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး နှင့် ပရိသတ်၂၀၀ ခန့် လည်း တက်ရောက်၏။ ညပိုင်းတွင်မူ ယဉ်ကျေးမှုကပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်ရှိမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်က သျှမ်းပြည်နယ်နေ့ ဆိုတဲ့အသုံးအနှုန်းကို သုံးလို့ရလာတယ်။ ဒါကြောင့် ရန်ကုန်ရောက် သျှမ်းပြည် တိုင်းရင်းသား ယဉ်ကျေးမှု အသင်းတွေ စုပေါင်းပြီးလုပ်တဲ့ပွဲမှာ သျှမ်းပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားပေါင်းစုံကပွဲ ဆိုပြီးတင်လို့ရတယ်။ အရင်နှစ်တွေက လုံးဝမရဘူး။ သျှမ်းပြည်နယ်တိုင်းရင်း သားရိုးရာ ပဒေသကပွဲဘဲ” - ဟု ရန်ကုန်သျှမ်းစာပေ ယဉ်ကျေးမှု အသင်းမှ ပွဲကျင်းပရေး ကော်မတီဝင် တဦးက ပြောသည်။

အလားတူ ပြည်ပရောက်သျှမ်းမိသားစုများကလည်း သျှမ်းပြည်နယ်နေ့အောက် မေ့ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

၁၉၄၇ က နမ့်ဆန်မြို့ တောင်ပိုင်စော်ဘွား စဝ်ခွန်ပန်းစိန်က သျှမ်းပြည်သား အားလုံးနှင့် ဆိုင်သော သျှမ်းပြည်နယ် အလံ ( ဝါ၊ စိမ်း၊နီ အလယ်ဗဟို လဝန်းဖြူ) ၊ သျှမ်းပြည်နယ် သီချင်း (ခေးတိုင်းခေးရာဇာ) နှင့် သျှမ်းပြည်နယ်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ တို့ကို သတ်မှတ်ခဲ့ရာမှ ယနေ့ ၆၅ နှစ်မြောက် ရှိပြီဖြစ်ပါသည်။
 
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

0 comments: