Friday, February 24, 2012

ချိုးကူသံလေး ကြားရဖို့

February 24, 2012
နိုင်ငံခြားရောက်နေတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်း တစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူး နှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေ အများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။

သတင်းသမားတွေ နေရာပေးခံရ

ဒီမေးခွန်းက လွယ်လွယ် ဖြေလို့ရတာမျိုး မဟုတ်ဘူး။ ပြောင်းတာတွေ ရှိသလို မပြောင်းတာတွေလည်း အများကြီး ရှိနေတာဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ ပြီးအောင် ''ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး'' လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ် ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ ပြောရတယ်။ ထိပ်ဆုံးပိုင်းတွေမှာ တော့ ပြောင်းနေကြတာပဲ။ ဒီမိုကရေစီဆိုတဲ့စကားနှုတ်ဖျား မှာသီးနေကြတယ်။ နှစ်ပေါင်းငါး ဆယ်လုံးလုံး လူရာသွင်းမခံရတဲ့ သတင်းသမားတွေကို နေရာပေးပြီး အင်တာဗျူးလုပ်ကြတယ်။ ဂျာနယ်တွေထဲမှာ အရင်က နာမည်လေးတောင် ထည့်ရေးခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ၊ မျက်နှာဖုံးက ဖောဖောသီသီကြီး ဖော်ပြကြတယ်။ အရင်က NLD ရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ရဲတဲ့သူတွေ ခုတော့ရုံးထဲကို ချောင်းပေါက်မတတ် ၀င်ထွက်နေကြတယ်။

အကြွေးဝန်ထုပ်ကြီး

ပြောင်းတာတွေက အောက်ခြေကို မရောက်တော့ တိုင်းသူပြည်သားများရဲ့ဘ၀တွေကတော့ ဘာမှ ထူးခြားမလာဘူး။ တောင်ပေါ် ဒေသတွေမှာ သေနတ်သံတွေ မစဲသေးသလို သားကိုမျှော်ရတဲ့ မိခင်တွေလည်း လည်ပင်း ကိုးတောင်ရှည် ဖြစ်နေရဆဲပဲ။ ဒီကြားထဲမှာ ဈေးကွက် စီးပွားရေးကို လက်ညှိုးထိုးပြီး ဟိုကဈေးတက်၊ ဒီကဈေးတက်ဆိုတော့ ပိုပြီး ပင်ပန်းကြရတယ်။ တောသူ တောင်သား တွေက ပိုပြီး ခံရတယ်။ မြို့မှာက တစ်ခုမဟုတ်တစ်ခု ကြံဖန် ရှာဖွေစားသောက်လို့ ရတယ်။ ယုတ်စွအဆုံး ပလတ်စတစ် လိုက်ကောက်ရင်တောင် ရသေးတယ်။ တောမှာကျတော့ လယ်ယာ အလုပ်ကလွဲပြီး တခြားဘာမှ လုပ်စားစရာမရှိဘူး။ သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံတွေ ပျက်ရပြီဆိုရင် ကျောပေါ်က အကြွေး ၀န်ထုပ်ကြီး ကြီးသထက်ကြီး လာတော့တာပဲ။

ခွက်တစ်ဆယ်အနည်းဆုံး

မြို့ပေါ် ဆင်းရဲသားတွေရဲ့ကျောပေါ်က ၀န်ထုပ် ၀န်ပိုးကြီး နှစ်ပိဿာခွဲလောက် လေးတယ်ဆိုရင် တောသူ တောင်သားတွေရဲ့ကျောပေါ်မှာ ဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက ခွက်တစ်ဆယ်တော့ အနည်းဆုံး ရှိလိမ့်မယ်။ ဒီဖိစီးမှုကြီးက အရင့်အရင် အစိုးရ အဆက်ဆက်မှာ ရှိခဲ့တဲ့အတိုင်း ဘာမှ ပြောင်းလဲ မသွားဘူး။ အပေါ်မှာ ကြည့်လိုက်ရင်တော့ ပြောင်း နေပေမယ့် အောက်ခြေမှာတော့ ဘာမှ မပြောင်းလဲဘူး။ အဲဒါကြောင့် ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူးလို့ ဖြေလိုက်တာ။ နောက်ဆုံး ဖုန်းချခါနီးမှာ ''ပြောင်းရင် ပြန်လာမှာမို့လား''လို့ မေးလိုက်တော့ သူဖြေလိုက်ပုံက ''လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ။ ရေရှည်အတွက်လည်း ကြည့်ရသေးတယ်လေ''တဲ့။

စောင့်ကြည့်ချင်ကြသေး

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက်နေသူတွေလည်း ပြန်လာနိုင်အောင် ဆောင်ရွက် ပေးသွားမယ်လို့ မိန့်ခွန်းပြောခါစက အတော်လေး ၀မ်းသာမိတယ်။ ဒီတစ်သက်တော့ ပြန်မတွေ့နိုင်ကြတော့ဘူးလို့ အောက်မေ့ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တပည့်ဟောင်းတွေကို ပြန်တွေ့နိုင်ဦးမှာပါလားဆိုပြီး ပျော်သွားတယ်။ ဒါပေမဲ့ လက်တွေ့ ကျတော့ ဘယ်သူမှ ပြန်မလာကြသေးဘူး။ အခွင့်အလမ်းကောင်း၊ လုပ်ကွက်ကောင်းရှိ မလားလို့လာပြီး လေ့လာစူးစမ်းသူ တချို့တလေပဲ တွေ့ရတယ်။ အများစုကတော့ အကဲခတ် စောင့်ကြည့်ချင်ကြသေးတယ်။

တစ်နေ့တော့ပြန်လာမယ်

ဟုတ်တာပေါ့။ ရေကြည်ရာ မြက်နုရာကို ရောက်နေပြီးမှ သဲကန္တာရထဲကို ဘယ်သူက ပြန်သွားချင်မှာလဲ။ စောင့်ကြည့်ဦးမယ် ဆိုသူတွေကို အပြစ်မမြင်ပါဘူး။ တစ်နေ့နေ့မှာတော့ သူတို့ပြန်လာမှာပါ။ ဘယ်လောက်တားတား ပြန်မလာဘဲ သူတို့ မနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ မြန်မာတွေ ဖြစ်နေကြလို့ပဲ။ သူများနိုင်ငံတွေ ဘယ်လောက် ချမ်းသာတယ်ပြောပြော မြန်မာပြည်လောက်တော့ နေချင့်စဖွယ် မရှိနိုင်ဘူး။ မြန်မာနိုင်ငံက ဥတုသပ္ပာယ မျှတတယ်။ အပူလွန်ကဲလို့ လူတွေသေတယ် ဆိုတာမျိုး မရှိသလို အေးလွန်းလို့ သေတယ်ဆိုတာမျိုးလည်း မရှိဘူး။ မိုးခေါင်လွန်းလို့ အငတ်ဘေး ကျရောက်တယ်ဆိုတာမျိုး မရှိသလို မိုးများလွန်းလို့ လူတွေထောင်သောင်းချီ သေရတယ်ဆိုတာမျိုးလည်း မရှိဘူး။

ရတနာသိုက်ကြီး

ပူပိုင်း ဒေသဖြစ်ပေမယ့် အအေးပိုင်းဒေသက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စပျစ်သီးစတဲ့ သစ်သီးဝလံတွေလည်း လမ်းဘေးမှာ ပုံတိုက်ပြီး ရောင်းရလောက်အောင် ပေါပေါများများ ထွက်တယ်။ ၀တ်ဖို့အတွက် ၀ါချည်၊ ပိုးချည်တွေလည်း ထွက်တယ်။ နေစရာအတွက် သစ်ဝါးတွေလည်း ပေါတယ်။ မြေကြီးကလည်း ဘယ်နေရာတူးတူး ရေနံထွက်တဲ့နေရာက ထွက်၊ ရွှေထွက်တဲ့နေရာက ထွက်၊ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ ထွက်တဲ့နေရာကထွက်မို့ တစ်နိုင်ငံလုံး ရတနာသိုက်ကြီးလို ဖြစ်နေတယ်။ လူတွေကြောင့်သာ ခုလို ဆင်းရဲတွင်းနက်နေရတာ။


မြန်မာတွေရဲ့ အပြုံး

ဒါတွေအားလုံးထက်ပိုပြီး မြန်မာပြည်ကို စွဲမက်ကြတဲ့အကြောင်းကတော့ မြန်မာတွေရဲ့ နွေးထွေးတဲ့ မေတ္တာတရားနဲ့ မြန်မာတွေရဲ့အပြုံး ဖြစ်တယ်။ မြန်မာတွေက ရန်သူကိုတောင် ဒုက္ခရောက်နေတာတွေ့ရင် ဒါမှမဟုတ် နိမ့်ကျသွားရင် အခွင့်သာပြီဆိုပြီး အနိုင်ယူလေ့မရှိဘူး။ အင်္ဂ လိပ်တွေနဲ့ အိန္ဒိယသားတွေထွက်ပြေးကြတော့ အစာငတ်ရေငတ်ဖြစ်လာသူကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဂျပန်တွေ အသက်လုပြီး ထွက်ပြေးကြရတော့ လည်း တစ်ယောက်တည်း သင်းကွဲထွက်ပြေးလာသူတွေကို အသက်ဘေးက ကယ်ဆယ်ပြီး ၀ှက်ပေးထားခဲ့ကြတယ်။ စစ်ကြီးပြီးဆုံးသွားတာတောင် ဂျပန်ပြည်ကိုမပြန်တော့ဘဲ အသက်ကယ်ထားတဲ့ရွာမှာပဲ အသက်ထက်ဆုံးနေသွားခဲ့သူတွေ ရှိတယ်။

ရေကုသိုလ်

မြန်မာတွေက လူဆင်းရဲပေမယ့် စေတနာမဆင်းရဲဘူး။ ကျောင်းသားဘ၀ မန္တလေးက ရန်ကုန်ကိုရထားနဲ့လာတော့ ရထားရပ်တဲ့ဘူတာတိုင်းမှာ ရေအိုးလေးတွေရွက်ပြီး 'ရေကုသိုလ်၊ ရေကုသိုလ်' နဲ့ တစာစာအော်ရင်း သောက်ရေလိုက်ပေးသူတွေ လေး ငါးဦးထက်မနည်း အမြဲတွေ့ရတယ်။ တချို့ကအသက်ကြီးကြီး အမျိုးသမီးတွေ၊ တချို့ကအသက်ငယ်ငယ် ကလေးမလေးတွေ။ ခုခေတ်လိုရေရောင်းတာတွေ မပေါ်သေးဘူး။ စေတနာ သက်သက်နဲ့ လိုက်ကုသိုလ်ပြုကြတာဖြစ်တယ်။ ရပ်ထဲရွာထဲမှာလည်း တစ်အိမ်က ဟင်းကောင်းကျွေး ကောင်းချက်ရင် ဘေးအိမ်က လူကြီးသူမများအတွက်ဆိုပြီး စားဦးစားဖျား ပို့လေ့ရှိတယ်။ အိမ်နီးချင်းတွေဟာ တစ်အိမ်နဲ့တစ်အိမ် ကူးလူးနေကြတာပဲ။ အလှူမင်္ဂလာဆောင်လိုကိစ္စများဆို တစ်ရပ်ကွက်လုံး ၀ိုင်းကူကြတယ်။ ဘာသိဘာသာ နေလေ့မရှိဘူး။ အင်မ တန်ပျော်စရာကောင်းတာ။

ကန်သမ္မတရဲ့ မှတ်ချက်

ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover 1874-1964)က 'မြန်မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ တကယ့်အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိတဲ့ တစ်ခုတည်းသော လူမျိုးဖြစ်တယ်' (The Burmese are the only genuinely happy people in all of Asia) လို့ ပြောခဲ့တာဖြစ်တယ်။ ဟူးဗားက နိုင်ငံရေးနယ်ထဲမရောက်ခင် နမ္မတူဘော်တွင်းမှာ သတ္တုတွင်း အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်ခဲ့ဖူးတယ်။

အပျော်တွေစိမ့်ဝင်

ပျော်စရာအလွန်ကောင်းတဲ့ ဒေသမှာ လူဖြစ်လာကြရတဲ့အတွက် မြန်မာလူမျိုးတိုင်းရဲ့ဓာတ်ခံမှာ အပျော်တွေစိမ့်ဝင်နေတယ်။ သူတို့ရဲ့မျက်နှာတွေမှာ အတိုင်းသား ဖော်ပြနေတယ်။ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ နိုင်ငံခြားသားတိုင်းမယုံနိုင်လောက် အောင်ကို တအံ့တသြဖြစ်ကြတယ်။ ဒါလောက်ဒုက္ခသုက္ခတွေကြားက ပြုံးနေနိုင်တာကို သူတို့ မစဉ်းစားတတ်ကြဘူး။ ဓာတ်ပုံကိုသာမြင်ရရင်'ဆင်' ပြီးရိုက်ထားတာလို့ ထင်မှာသေချာတယ်။ လူကိုယ်တိုင်မြင်ရလို့သာ ယုံသွားကြရတာ။ မြန်မာလူမျိုးက လည်း အံ့သြမယ်ဆို အံ့သြထိုက်တယ်။ မှတ်ကရောဟဲ့ဆိုပြီး ကိုကိုးကျွန်းပို့ ပစ်လိုက်တာတောင် ကျွန်းပေါ်မှာ ဇာတ်ကဖြစ်အောင် ကခဲ့သူတွေဖြစ်တယ်။ သင်္ကြန်ကျတော့လည်း တီးမှုတ်ကခုန်တာတွေသာမက ဘောလုံးပွဲတွေ၊ ဘောလီဘောပြိုင်ပွဲတွေအပြင် ရခိုင်ရိုးရာ 'ကျင်' ကိုင်ပွဲတွေတောင် လုပ်လိုက်ကြသေးတယ်။

ပြန်ဖြစ်ချင်မှပြန်ဖြစ်မှာ

ပျော်စရာတိုင်းပြည်က ပျော်စရာလူမျိုးတွေကြားမှာနေရတာလောက် ဘယ်နေရာမှ ပျော်စရာကောင်းမှာမဟုတ်ဘူး။ အကြောင်းကြောင်းနဲ့ နိုင်ငံခြားတိုင်းပြည်အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေအများစုဟာ တစ်နေ့နေ့မှာ အသေအချာကို ပြန်လာကြမှာပါ။ မပြန်ချင်ပါဘူးဆိုသူက အနည်းစုဖြစ်ပါလိမ့်မယ်။ 'လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ' ဆိုသူမျိုးကတော့ ပြန်ဖြစ်ချင်မှ ပြန်ဖြစ်မှာပေါ့။အဲဒီလူမျိုးတွေ ပြန်မလာလို့လည်း တိုင်းပြည်အတွက် ဘာမှဆုံးရှုံးမသွားပါဘူး။ သူတို့အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်အောင် ဖန်တီးပေးဖို့ ဒီကလူတွေ ရုန်းကန်လှုပ်ရှားနေကြတာမှ မဟုတ်တာ။ သူတို့လို လူမျိုးတွေက ပြန်လာလည်း အခွင့်အရေးရဖို့လောက်သာ ချောင်းနေကြမှာဖြစ်တယ်။ ဘာတစ်ခုမှ လက်ကြောတင်းအောင် လုပ်မယ့်သူတွေမဟုတ်ဘူး။

ချိုးကူးသံလေးကြားရဖို့

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်ခဲ့တဲ့နိုင်ငံကို ပြန်ပြီးထူမတ်ပေးဖို့အတွက် လက်ကြောတင်းအောင်လုပ်မယ့်လူတွေ အများကြီးလိုတယ်။ တိုင်းပြည်ရဲ့အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုးခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစုလုပ်ကျွေးဖို့အတွက် မနည်းကြီး သည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှ သူတို့ပြန်လာနိုင်ကြမှာ။ တောင်တန်းပြာကြီးတွေပေါ်မှာ သေနတ်သံတွေ လုံးဝချုပ်ငြိမ်းပြီး ချိုးကူသံလေး ကြားရဖို့လည်း အရေးကြီးပါတယ်။
လူထုစိန်ဝင်း
ညွှန်း - အလဲဗင်းမီဒီယာ
Copy from - irrawaddy

0 comments: